ဝေနှင်း
မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ အားနည်းနေသေးသော စီးပွားရေးကို ပြန်လည်ဦးမော့လာအောင် ကြိုးစားရုန်းကန်ရမည်ဖြစ်သည်။ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဟူသည် အပြန်အလှန်ဆက်စပ်မှုရှိသည့်အတွက် စီးပွားရေးတိုးတက်မှလည်း နိုင်ငံတည်ငြိမ်မည်ဖြစ်သည်။ ထို့ကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံတော်က ဦးတည်ချက်များ၊ စီးပွားရေးမူဝါဒများ၊ စီမံကိန်းများ အစဉ်တစိုက်ချမှတ်၍ နိုင်ငံ၏ စီးပွားရေးကို မြှင့်တင်ပေးလျက်ရှိရာမှာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (Micro, Small and Medium Enterprises-MSMEs) သည်လည်း ကဏ္ဍတစ်ခုအနေဖြင့် ပါဝင်ပါသည်။
MSMEs ၏ အရေးပါမှု
စီးပွားရေးနှင့်ပတ်သက်၍
လိုက်နာရန် Slogan တစ်ခုက “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့” ဟူသော ဆောင်ပုဒ်ဖြစ်သည်။
ယခင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် စီးပွားရေးဦးတည်ချက်များအနက် “တိုးတက်ကောင်းမွန်လာသည့်
စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို
အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရန်”ဟူသော ဦးတည်ချက် တစ်ရပ်ပါဝင်သည်။
ထိုဦးတည်ချက်ကို ကြည့်ရုံဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဒေါက်တိုင်တစ်ခုအနေဖြင့်
MSMEs ကဏ္ဍက မည်မျှပေါ်လွင်ထင်ရှားနေကြောင်း တွေ့နိုင်ပါသည်။
မြန်မာနိုင်ငံထုတ်လုပ်မှုကဏ္ဍတွင်
၉၉ ရာခိုင်နှုန်းခန့်သည် MSMEs
ဖြစ်ကြပြီး ပို့ကုန်အများစုတွင် MSMEs က
အဓိကဖြစ်သောကြောင့် တိုင်းပြည် GDP တိုးတက်ရေးတွင် MSMEs
သည် အဓိကမဏ္ဍိုင်တစ်ခုဖြစ်နေပါသည်။
အလုပ်အကိုင်ဖန်တီးပေးနိုင်မှုတွင် အရေးပါသလို ဒေသဖွံ့ဖြိုးရေးအတွက်လည်း
အရေးကြီးပါသည်။ MSMEs ဟူသည် လူ့စွမ်းအားအရင်းအမြစ်
တစ်ခုသာလိုအပ်သည်။ သင့်တင့်သော အရင်းအနှီးဖြင့် လည်ပတ်နိုင်သော လုပ်ငန်းအမျိုး
အစားဖြစ်သည်။ စီမံခန့်ခွဲမှုအပိုင်းနှင့် ထုတ်လုပ်မှုစရိတ်သက်သာသည့်
ကုန်ထုတ်လုပ်ငန်းအမျိုးအစား လည်းဖြစ်သည်။ လုပ်ငန်းကြီးများထက် အလုပ်အကိုင်အခွင့်အလမ်း
ပိုမိုဖန်တီးပေးနိုင်ပြီး လုပ်ငန်းစတင်ရန်လွယ်ကူပြီး ဈေးကွက်ငယ်များကို ဖြန့်ကြက်နိုင်သည့်အတွက်
MSMEs တွင် အားသာချက်များစွာရှိပါသည်။
One
Region, One Product နှင့်အတူ လိုအပ်ချက်များ
နိုင်ငံတော်အစိုးရက
စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတွင် ခေတ်မီနည်းစနစ်များဖြင့်
ဆောင်ရွက်ရန် တွန်းအားပေးနေသကဲ့သို့ One Region, One Product ဖြစ်စေရေး
ဒေသထွက်ကုန်များကို တန်းဖိုးမြှင့်ထုတ်ကုန်များအဖြစ် တိုးတက်ထုတ်လုပ်နိုင်ရန်လည်း
ကြိုးပမ်းလျက်ရှိသည်။ သို့သော်လည်း မည်သည့်လုပ်ငန်းမဆို အခက်အခဲအဟန့်အတားများက
ရှိစမြဲပင်။ MSMEs လုပ်ငန်းဆိုင်ရာအခက်အခဲနှင့်
အဟန့်အတားများလျော့ပါးရန် ရည်ရွယ်ပြီး “၂၀၁၅ ခုနှစ်၊ အသေးစားနှင့်
အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ-SMEs”ကို အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ-MSMEs”အဖြစ် ခေတ်နှင့်လျော်ညီစွာ ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေးကိုလည်း
ဆောင်ရွက်လျက်ရှိပါသည်။
တစ်ပြိုင်တည်း
MSMEs လိုအပ်ချက်များကို
ဖြည့်ဆည်းရန်လည်း လိုအပ်နေပါသည်။ ကုန်ကြမ်းလိုအပ်ချက်ကို ပြည်တွင်း၌ပင်
ထုတ်လုပ်နိုင်အောင် ကြိုးစားရပါဦးမည်။ နိုင်ငံတိုင်းတွင် ကိုယ်ပိုင်မူဝါဒများ ချမှတ်ပြီး
လိုအပ်မှု၊ အသုံးပြုမှု၊ ထုတ်လုပ်နိုင်စွမ်း၊ ဝယ်လိုအား၊ တီထွင်ဆန်းသစ်မှုတို့ကို
အသေးစိတ်တွက်ချက်ပြီး ခေတ်နှင့်အညီ အပြိုင်အဆိုင်ကြိုးစားနေကြသည်ကို မျက်ခြည်မပြတ်သင့်ပါ။
မြန်မာ့ MSMEs တွင် ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊
ဝန်ဆောင်မှုနှင့် အခြားလုပ်ငန်းကဏ္ဍများဟူ၍ရှိရာ ထုတ်လုပ်မှုထက်ဝန်ဆောင်မှုလုပ်ငန်းနှင့်
ကုန်သွယ်မှုတွင် ပိုမိုများပြားနေသည့်အတွက် ဝယ်လိုအားနှင့် ရောင်းလိုအားမျှတသည်ဟု
မဆိုနိုင်ပါ။ ထို့အပြင် MSMEs ၏ အဓိကမောင်းနှင်အားဖြစ်သော
အိမ်တွင်းစက်မှုလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်တွင် ဝယ်လိုအားဘယ်လောက်ရှိသလဲ၊
ရောင်းလိုအားဘယ်လောက်ရှိသလဲ အခြေအနေများကို အမြဲမပြတ်သိရှိရန် လိုပါသည်။ အိမ်တွင်းစက်မှုလက်မှုထွက်ကုန်ပစ္စည်းများကို
အဓိကအားပေး၍ နိုင်ငံခြားသွင်းကုန်များကို ကန့်သတ်/ ထိန်းချုပ်ရန်လည်း
လိုအပ်နေပါသည်။
စိုက်ပျိုးမွေးမြူရေးကို
အခြေခံသည့် နိုင်ငံဖြစ်၍ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို စံချိန်စံညွှန်းအရည်အသွေးသတ်မှတ်ချက်များနှင့်
ကိုက်ညီအောင် ထုတ်လုပ်နိုင်ရန်လိုအပ်သည်။ ထုတ်ကုန်ပစ္စည်းအားလုံး
ဈေးကွက်ဝင်ရန်နှင့် စံချိန်စံညွှန်း ကိုက်ညီသည့် အရည်အသွေးဖြစ်ရန် အရေးကြီးလှသည်။
နိုင်ငံတကာဈေးကွက်များတွင် အရည်အသွေးနှင့် စံချိန်စံညွှန်းများကို ဦးစားပေးသည့်အတွက်
အတိအကျစမ်းသပ်စစ်ဆေးလေ့ရှိကြသည်။ အရည်အသွေးစံချိန်စံညွှန်းနှင့် ကိုက်ညီသော
ကုန်ပစ္စည်းများကိုသာ မှာယူဝယ်ယူလေ့ရှိကြသည်ကို အထူးသတိပြုရန်လိုပါသည်။
ကျန်းမာရေးနှင့်ညီညွတ်မှုရှိ၍
သန့်ရှင်းလတ်ဆတ်ပြီး အရည်အသွေးပြည့်မီသော စားသောက်ကုန်များကို
ရွေးချယ်စားသောက်သည့် လူနေမှုပုံစံသစ်သို့ ပြောင်းလဲလာသည်ကို ကမ္ဘာနှင့် ချီ၍
အမီလိုက်နိုင်ရန် လိုအပ်ပါသည်။ မိမိတို့နိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးမှ
ထွက်ရှိသည့် စားသောက်ကုန်များကို စတင်ထုတ်လုပ်ချိန်မှ တန်ဖိုးမြှင့်စားသောက်ကုန်အဖြစ်
ထုပ်ပိုးပြီးသည်အထိ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီဖြစ်စေရန် ကြိုးပမ်းရပါမည်။
ထို့အပြင် အထူးသတိပြုရမည့်နောက်ထပ်အချက်တစ်ခုမှာ သီးနှံထွက်ရှိရာနေရာမှ သိုလှောင်မည့်နေရာ၊
ကုန်စည်ဒိုင်နေရာသို့ ပို့ဆောင်ရန် ကုန်ထုတ်လမ်းများ ကောင်းမွန်ရေးပင်ဖြစ်သည်။
MSMEs ကို နိုင်ငံတော်အစိုးရက နည်းလမ်းမျိုးစုံဖြင့် ကူညီဆောင်ရွက်ပေးနေသော်လည်း
စိန်ခေါ်မှုများရှိနေသေးသည်ဟု အထက်တွင်ဖော်ပြခဲ့ပါသည်။ အရင်းအနှီးလျာထားမှု၊ အရည်အသွေးကောင်း
ကုန်ကြမ်းရရှိမှုနှင့် ခေတ်မီနည်းပညာရရှိမှုတို့တွင် အကန့်အသတ်များကား
ရှိနေပါသေးသည်။ ထို့အပြင်လုပ်ငန်းကျွမ်းကျင်မှုနှင့် နည်းပညာပိုင်းလက်တွေ့အသုံးချနိုင်မှုမှာ
အားနည်းနေဆဲဖြစ်ပါသည်။ အတန်းပညာမြင့်မားရန်လိုအပ်ပြီး နည်းပညာအသစ်များကို သင်ယူ၊
လိုက်နာကျင့်သုံးရန်နှင့် နည်းပညာအသစ်ဖြန့်ဖြူးရန် လိုအပ်သကဲ့သို့
အတွေ့အကြုံသစ်များကို ပြန်လည်အသုံးချရန်လည်း လိုအပ်ပါသည်။ ထို့အပြင်
ကုန်ပစ္စည်းနှင့် ပတ်သက်သည့် လုံလောက်သည့် သတင်းအချက်အလက်ကွန်ရက်ကိုလည်း
ချဲ့ထွင်တည်ဆောက်ရန် လိုအပ်ပါသည်။
MSMEs ထုတ်ကုန်များ မြှင့်တင်ရေး
MSMEs သည် ထုတ်လုပ်မှုမပြုမီ ထုတ်ကုန်နှင့် ပတ်သက်၍ ဆန်းသစ်တီထွင်မှုများ၊ သုတေသနနှင့်
ဖွံ့ဖြိုးမှု (Research and Development-R&D) များများလုပ်နိုင်လေ
မိမိ၏ ထုတ်ကုန်တန်ဖိုးမြင့်တက်လေဖြစ်သည့်အတွက် R&D သည်
ယနေ့ခေတ် နာမည်ကြီးထုတ်ကုန်များ အောင်မြင်ရခြင်း၏ အခြေခံအကြောင်းတရားတစ်ခုပင်ဖြစ်သည်။
MSMEs အနေဖြင့် မိမိထုတ်လုပ်သည့်ထုတ်ကုန် လုပ်ငန်းသို့မဟုတ်
ဝန်ဆောင်မှုလုပ်ငန်း မစတင်မီအခြားသူများ၏ ထုတ်ကုန်ထက် ပို၍သာလွန်ကောင်းမွန်စေရန်
ဘက်ပေါင်းစုံမှ ကြိုတင်လေ့လာပြီး ပြိုင်ဘက်များထက် တစ်မူထူးခြားစေရန် ကြိုးစားရမည်ဖြစ်ပါသည်။
သို့မှသာ ထုတ်ကုန်ဒီဇိုင်းအရည် အသွေးပိုင်းတွင် အမြင်ပိုမိုလှပပြီး ဆွဲဆောင်မှုရှိသည့်
ဒီဇိုင်းအသစ်များဖြင့် တန်ဖိုးမြင့်ပစ္စည်းများ ဖြစ်လာမည်ဖြစ်ပါသည်။
စီးပွားရေးသဘောတရားအရ
ထုတ်လုပ်မှုပမာဏသေးငယ်လေ ထုတ်လုပ်မှုစရိတ်ကြီးလေဖြစ်ပြီး ထုတ်လုပ်မှုပမာဏကြီးမားလျှင်
ကုန်ကျစရိတ်လျော့ကျလေ့ရှိသည့်အတွက် စီးပွားရေးတွက်ခြေကိုက်သည့် ပမာဏရောက်အောင်
ထုတ်လုပ်နိုင်ရန်လိုအပ်ပါသည်။ ထုတ်လုပ်မှုတိုးချဲ့ပြီး စရိတ်သက်သာမှသာ
ဈေးကွက်ယှဉ်ပြိုင်မှု အားကောင်းမည်ဖြစ်သည့်အတွက် MSMEs ကို ပေါင်းစည်းနိုင်လေ
ပို၍အကျိုးရှိလေဖြစ်ပါသည်။
ထုတ်လုပ်ပြီးနောက်
ထုတ်ကုန်ကို ဈေးကွက်အရောက်ဖြန့်ဖြူးရာတွင် သယ်ပို့စရိတ်အနည်းဆုံး ဖြစ်ရန်နှင့်
မိမိထုတ်ကုန်ကို အများသိစေရန်အတွက် အရောင်းမြှင့်တင်ရေးနည်းလမ်းများ (Marketing) ကို ကြံဆလုပ်ဆောင်နေရမည်ဖြစ်ပါသည်။
မိမိထုတ်ကုန်တန်ဖိုး သိသိသာသာမြှင့်တင်နိုင်မည့် နည်းလမ်းတစ်ခုမှာ မိမိထုတ်ကုန်ကိုအပြည့်အဝ
တာဝန်ယူကာ ရောင်းချပြီးနောက် ဝန်ဆောင်မှု (After Sale Service)ကို ဆက်လက်ပေးနေခြင်းဖြစ်သည်။ ရောင်းချပြီးထုတ်ကုန်နှင့်ပတ်သက်၍
ပျက်စီးမှု၊ အဆင်မပြေမှုနှင့် ထိန်းသိမ်းမှု စသည်တို့အတွက် ဝယ်ယူသုံးစွဲသူများ
အဆင်ပြေစေရေးနှင့် စိတ်ကျေနပ်မှုရရှိစေရန် စေတနာထား၊
တာဝန်ယူလုပ်ဆောင်ပေးခြင်းအားဖြင့် မိမိထုတ်ကုန်များ တန်ဖိုးသိသာစွာ
တိုးတက်လာနိုင်ပါသည်။
ထိုင်းနိုင်ငံ
SMEs
အိမ်နီးချင်းနိုင်ငံဖြစ်သော
ထိုင်းနိုင်ငံ၏ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (Small and medium enterprises - SMEs) အကြောင်းကို တစေ့တစောင်းလေ့လာကြည့်ပါက ထိုင်းနိုင်ငံ၏ စီးပွာရေးတွင် ၉၉
ရာခိုင်နှုန်းခန့်မှာ SMEs များဖြစ်ကြပြီး တိုင်းပြည် GDP
၏ ၃၇ ဒသမ ၈ ရာခိုင်နှုန်းခန့် ပါဝင်နေသည်ဟု သိရပါသည်။ ထိုင်းနိုင်ငံ
စီးပွားဖွံ့ဖြိုးတိုးတက်မှုမှာ SMEs သည်
အဓိကကျောရိုးမကြီးဖြစ်သည်ကိုတွေ့ရပြီး SMEs ဝန်ဆောင်မှုနှင့်
ပို့ကုန်ကဏ္ဍကို များစွာမှီခိုနေရ ကြောင်း လေ့လာမိပါသည်။ နိုင်ငံ၏
ပို့ကုန်ပိုင်းတွင် SMEs ကဏ္ဍမှ ၉၀ ရာခိုင်နှုန်းခန့် တင်ပို့နိုင်သောကြောင့်
နှစ်စဉ်အခွန်ဘဏ္ဍာငွေ တိုးတက်ရရှိသည်ကို တွေ့ရှိရပါသည်။ အကြောင်းမှာ ထိုင်းအိမ်တွင်းစက်မှု
လက်မှုလုပ်ငန်းများကို ရေရှည်တည်တံ့ခိုင်မြဲစွာ လည်ပတ်နိုင်ရေးတွင်
အရေးကြီးသည့်ဘဏ္ဍာရေးနှင့် ဈေးကွက်များ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများ၊
စီမံခန့်ခွဲမှုနှင့် လူ့စွမ်းအားအရင်းအမြစ်များကို အခိုင်အမာချမှတ်ပေးထားပြီး
နိုင်ငံတော်က ထောက်ပံ့မှုများစွာ ပြုလုပ်ပေးနိုင်သောကြောင့် ဖြစ်သည်ကို တွေ့ရသည်။
ထိုင်းနိုင်ငံ၏
SMEs လုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေးမှာ (One Tambon One Product-OTOP) စီမံကိန်းကို
ဗဟိုအစိုးရကိုယ်တိုင်ကဦးစီး၍ ဆောင်ရွက်ပေးလျက်ရှိသည်။ (OTOP စီမံကိန်းဆိုသည်မှာ
ထိုင်းနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်းလုပ်သားအင်အားစုနှင့်
သယံဇာတအရင်းအမြစ်များကိုအသုံးပြု၍ ဆွဲဆောင်မှုရှိပြီး ဈေးကွက်ဝင်သည့်
အထူးထုတ်ကုန်များကို ထုတ်လုပ်ခြင်းဖြင့် ပြည်တွင်းစက်မှုလုပ်ငန်းများကို
အားပေးမြှင့်တင်ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ထုတ်လုပ်သောကုန်စည်များမှာ စိုက်ပျိုးရေးနှင့်
လက်မှုထွက်ကုန်ပစ္စည်းများ အများစုပါဝင်ပါသည်။)
OTOP သည် ဒေသတွင်းနိုင်ငံများနှင့် ကောင်းစွာ ချိတ်ဆက်နိုင်ပြီး ဒေသခံများ၏
ကုန်ထုတ်လုပ်မှု အထူးအားပေးသည်ကို တွေ့ရသည်။ ထိုင်း SMEs တွင် အစိုးရနှင့်
ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များသည် လက်တွဲညီကြပြီး အစိုးရနှင့်
ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု အားကောင်းသည့်အတွက်
ဒေသတွင်းနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိကြသည်။ ထို့အပြင် SMEs ဖွံ့ဖြိုးရေးဆိုင်ရာ
လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်ကိုလည်း အထူးအလေးထားသည်ကို တွေ့ရပါသည်။
ထိုင်းနိုင်ငံ၏
SMEs သည် အတော်လေးရှေ့ရောက်နေသည်ကို
တွေ့ရသလို နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးပါသည်မှာ ထင်ရှားလှပါသည်။ ထိုင်းနိုင်ငံတွင်
SMEs အားကောင်းခြင်းကြောင့်
စီးပွားရေးဖွံ့ဖြိုးတိုးတက်နေသည်မှာ အားလုံးအသိပင်ဖြစ်သည်။ ထို့ကြောင့်
နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတွင် MSME လုပ်ငန်းများသည်
အဓိကကဏ္ဍမှ ပါဝင်သည်မှာ အထူးငြင်းစရာမလိုပါ။ နိုင်ငံတစ်နိုင်ငံ၏
စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးမှာ MSMEs အားပေးမြှင့်တင်ရေးကို
လုံးဝမေ့ထား၍ မရနိုင်သည်မှာ သိသာထင်ရှားလှပါသည်။
အရေးကြီးသည်မှာ
ပြည်သူများအနေဖြင့် မိမိတို့ပြည်တွင်းထုတ်ကုန်များကိုသာ အမျိုးသားရေးစိတ်ဓာတ်ဖြင့်
ဝယ်ယူအားပေးကြရန် နှိုးဆော်လိုခြင်းပင်ဖြစ်ပါသည်။ MSMEs လုပ်ငန်းရှင်များအနေဖြင့် ယခုထက်နိုင်ငံတော်နှင့်
ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်သလို ပြည်သူများအတွက်လည်း MSMEs ဆိုင်ရာ ဗဟုသုတအသိဉာဏ်များ ကြွယ်ဝနေရန် လိုအပ်လှပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
။
ကိုးကား
- ပြည်သူ့လွှတ်တော်ရုံး၊ သုတေသနဌာနမှရေးသား ထုတ်ဝေသော သုတေသနစာတမ်းတို
အမှတ်စဉ် (၂၉၃)၊ ထိုင်းနိုင်ငံ၏ SMEs ကဏ္ဍအားလေ့လာ ခြင်း။
- SMEs ၏ ဆိုလိုရင်း (အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ) မြန်မာနိုင်ငံ၏
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုများ။
No comments:
Post a Comment