မုဒုတာမေ
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် ဖြည့်ဆည်းရမည့် လိုအပ်ချက်များစွာရှိသည့်အနက် နိုင်ငံအတွင်းရှိ လူ့စွမ်းအားအရင်းအမြစ်များအတွက် ပညာရေးကို အားပေးမြှင့်တင်ရန်မှာ အဓိကကျသည့် အချက်တစ်ချက်အဖြစ် ပါဝင်ပါသည်။ နယ်လ်ဆင်မင်ဒဲလားက ပညာရေးနှင့်ပတ်သက်၍ “ကမ္ဘာကြီးကို ပြုပြင်ပြောင်းလဲဖို့ အစွမ်းထက်ဆုံးလက်နက်သည် ပညာရေးဖြစ်သည်” ဟု မိန့်ဆိုခဲ့ပါသည်။ ပညာဆိုသည်မှာ အကြောင်းအကျိုး၊ အကောင်းအဆိုးကို ခွဲခြားပြီး သိတတ်သော သဘောတရားဖြစ်ပါသည်။ ပညာသည် အမျိုးမျိုးခွဲခြားသိတတ်သည်ဆိုရာ၌ အာရုံများ၏ သဘောအတိုင်း အမှန်မပေါ်စေရန် မှောင်ချဖုံးအုပ်ကွယ်ကာထားသော မောဟဟုခေါ်သည့် အဝိဇ္ဇာတရားကို ဖယ်ရှားကာ အမှန်အတိုင်းထိုးထွင်း သိတတ်သောလက္ခဏာရှိပါသည်။
လောကကြီးတွင်
လူသားတို့သည် အလင်းရောင်အတွက် နေ့အခါတွင် နေမင်း၏ အလင်းရောင်ကို အသုံးပြုကြပြီး ညအခါတွင်
လ၏အလင်းရောင်၊ ဆီမီး၏ အလင်းရောင်၊ လျှပ်စစ်မီး၏ အလင်းရောင် စသည်တို့ကို
အသုံးပြုကြရပါသည်။ အလင်းရောင်သည် လူသားတို့ဘဝတွင် မရှိမဖြစ်လိုအပ်သော အရာဖြစ်ပြီး
အလင်းရောင်မရှိပါက အသက်ရှင်သန်ရန် ခက်ခဲလှပါသည်။ ထိုကဲ့သို့ လူသားများအတွက်
အရေးပါလှသော အလင်းရောင်ကို ပညာနှင့် ဥပမာပြုပြောဆိုသည့် ဆိုရိုးစကားမှာ “ပညာသမာ၊ အာဘာနတ္ထိ”ဖြစ်ပြီး
ပညာနှင့်တူသော အလင်းရောင်သည်မရှိဟု အဓိပ္ပာယ်ရပါသည်။ ထိုသို့တင်စားပြောဆိုခြင်းသည်
အလွန်သင့်လျော် မှန်ကန်လှပြီး ပညာသည်လူသားတို့အား အမှန်ကို မသိခြင်း၊ အမှားကို သိခြင်းဆိုသည့် အမိုက်အမှောင်မှ
လွတ်မြောက်စေပြီး မှန်ကန်သော အသိဉာဏ်ဆိုသည့် အလင်းသို့ ရောက်ရှိစေကာ ကိုယ်၊ နှုတ်၊
စိတ် သုံးပါးလုံးကို ယဉ်ကျေးအောင်ပြုပြင်ပေးပါသည်။
နိုင်ငံအတွက်
ကောင်းကျိုးပြုနိုင်မည့်သူ
ပညာရေးဆိုသည်မှာ
ဘဝတစ်သက်တာအတွက် အရေးကြီးပြီး လူ့အဖွဲ့အစည်းကို တိုးတက်ပြောင်းလဲစေနိုင်သော စွမ်းအားရှိပါသည်။
လူတစ်ဦး၏ အနာဂတ်အဆင်ပြေကောင်းမွန်ရေးအတွက် ပညာရေးသည် အခြေခံအုတ်မြစ်ဖြစ်သည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန် ငွေကြေးနှင့် သယံဇာတအရင်းအမြစ်များရှိရုံဖြင့် မလုံလောက်ဘဲ
ပညာရှိပြည်သူများ များစွာရှိရန်လည်း လိုအပ်မည်ဖြစ်ပါသည်။ နိုင်ငံတော်တွင် ပညာရှိသော
လူ့စွမ်းအားအရင်းအမြစ်များနှင့် ပြည့်စုံလျှင် နည်းပညာတိုးတက်မှုနှင့်အတူ
စီးပွားရေးတိုးတက်မှု၊ လူမှုဘဝတိုးတက်မှုတို့ကို တစ်ပြိုင်တည်း ရနိုင်မည်ဖြစ်ပါသည်။
ပညာရှိသူသည် လောကဓံကို ရဲရင့်စွာ ရင်ဆိုင်နိုင် စွမ်းရှိပြီး မိမိကိုယ်တိုင်ရော မိမိနိုင်ငံအတွက်ပါ
ကောင်းကျိုးပြုနိုင်မည့်သူ ဖြစ်ပါသည်။
ငွေကြေးဥစ္စာနှင့်
ပြည့်စုံသော်လည်း ပညာရှာသင့်သည့် အရွယ်တွင် ပညာမရှာမှီးသောကြောင့် အသက်အရွယ်
ကြီးရင့်လာသည့်အခါ ဘဝအမှောင်ကျကာ ဆင်းရဲဒုက္ခကြုံတွေ့ခဲ့ရသည့် ဓမ္မပဒဝတ္ထုတော်၊
ဇရာဝဂ်တွင် ပါရှိသည့် မဟာဓနသူဌေးသားအကြောင်း တင်ပြလိုပါသည်။ မဟာဓနသူဌေးသားသည်
ဗာရာဏသီမြို့မှ ကုဋေရှစ်ဆယ်ကြွယ်ဝသော သူဌေးကြီး၏သား ဖြစ်ပါသည်။ သူ့ကို မိဘများက အသက်မွေးဝမ်းကျောင်းမှုပညာ
မသင်ကြားစေခဲ့။ အရွယ်ရောက်သောအခါ ကုဋေရှစ်ဆယ်ကြွယ်ဝသော သူဌေးသမီးနှင့်
အိမ်ထောင်ကျသည်။ ကုဋေတစ်ရာ့ခြောက်ဆယ်ကြွယ်ဝသော သူဌေးလင်မယားဖြစ်လာကြသည်။
အသက်မွေးဝမ်းကျောင်းမှုပညာမသင်ဘဲ
ရှိသည့်ပစ္စည်းကို ထိုင်သုံးသော်လည်း မကုန်နိုင်ဟု မိဘများက ထင်မှတ်နေကြသည်။
သို့သော် နှစ်ဖက်မိဘများ ကွယ်လွန်သွားချိန်တွင် သူဌေးသားသည် သူ့ထံတွင်
မှီခိုစားသောက်လို၍ မြှောက်ပင့်ပြောဆိုသည့် အမူးသမားများနှင့် အပေါင်းအသင်းဖြစ်ကာ
သောက်စားမူးယစ်ပျော်ပါး၍ ဘဝကို ဖြတ်သန်းခဲ့ပါသည်။ အချိန်ကြာလာသည့်အခါ မိဘအမွေအနှစ်များအားလုံး
ကုန်သွားရုံမက နေထိုင်သည့် အိမ်ကိုပါရောင်းချသုံးစွဲလိုက်သဖြင့် နေစရာမရှိ၊ စားစရာမရှိဖြစ်ကာ
တောင်းရမ်းစားသောက်ရသည့်ဘဝသို့ ရောက်ရှိသွားခဲ့ပါသည်။
မဟာဓနသူဌေးသားဇနီးမောင်နှံတို့သည် ရဟန်းတော်တို့ထံ ဆွမ်းကျန်ဟင်းကျန်များ
လာရောက်တောင်းယူစားသောက်နေသည်ကို ဘုရားရှင်တွေ့မြင်တော်မူ၍ “ဤသူဌေးသားသည် ပထမအရွယ်၌
စီးပွားရှာခဲ့လျှင် ဤမြို့၌ ပထမတန်းစား သူဌေးကြီးဖြစ်နိုင်၏။ ဒုတိယအရွယ်၌ စီးပွားဥစ္စာရှာခဲ့လျှင်
ဒုတိယတန်းစားသူဌေးဖြစ်နိုင်၏။ တတိယအရွယ်၌ စီးပွားရှာခဲ့ပါက တတိယတန်းစားသူဌေးဖြစ်နိုင်ပါသေး၏။
လူ့ဘောင်က ရှောင်ခွာပြီး ရဟန်းပြုပါကလည်း ဇနီးမောင်နှံနှစ်ဦးစလုံး တရား ထူးရနိုင်ကြောင်း၊ အရွယ်ရှိတုန်း
လုံ့လမစိုက်ခဲ့သဖြင့် အကျိုးစီးပွားမှန်သမျှ ဆုံးရှုံးခဲ့ရကြောင်း” မိန့်တော်မူခဲ့ပါသည်။
ပညာမရှိခြင်းသည် ဘဝ၏ အမှောင်ထုဖြစ်ပြီး ဆင်းရဲဒုက္ခအပေါင်းတို့၏ ဖြစ်တည်ရာနေရာဖြစ်လာပါသည်။
ယနေ့ခေတ်တွင်
ပညာရေးအခြေခံမရှိသည့် လုပ်သားအများစုသည် ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာသော
နည်းပညာများ၊ လုပ်ငန်းခွင် လိုအပ်ချက်များနှင့် လိုက်လျောညီထွေ မဖြစ်နိုင်ဘဲ ဝင်ငွေနည်းပါးသော
အလုပ်အကိုင်များဖြင့် ရုန်းကန်နေကြရပါသည်။ အချို့မှာ မသမာသူများ၏ လိမ်လည်လှည့်စားခြင်းကို ခံရကာငွေကြေးဆုံးရှုံးခြင်း၊
အန္တရာယ်ရှိသောနေရာများသို့ ရောက်ရှိသွားခြင်း စသည့်ဒုက္ခများကို ရင်ဆိုင်ကြရပါသည်။
အခမဲ့ပညာရေးအကောင်အထည်ဖော်
ထို့ကြောင့်
မိဘများ၊ ဆရာ ဆရာမများ၊ နိုင်ငံတော်အစိုးရ၊ လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံသားတိုင်းတစ်ဦးချင်းစီက
ပညာရေးကို တန်ဖိုးထားပြီး အားပေးရန်လိုအပ်မည်ဖြစ်ပါသည်။ မိမိကိုယ်တိုင်လည်း ပညာရေးကို
အလေးထားသင်ယူသလို မိသားစုဝင်များနှင့် ပတ်ဝန်းကျင်ရှိ လူငယ်များကိုလည်း တတ်စွမ်းသမျှ
တိုက်တွန်းအားပေးရန် လိုအပ်မည်ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့်
နိုင်ငံအတွင်းရှိ လူငယ်များအားလုံးကျောင်းနေ အရွယ်ရောက်သည်နှင့် ကျောင်းတက်ခွင့်ရရှိပြီး
ပညာသင်ကြားနိုင်ရေးကို စီမံဆောင်ရွက်ပေးလျက်ရှိပါသည်။ ကျောင်းနေအရွယ်ကလေးအားလုံး
ကျောင်းနေနိုင်ရေးအတွက်လည်း အခမဲ့ပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
ပညာရေးစနစ်တွင်
ကျောင်းတွင်းပညာရေး (Formal
Education) ပညာရေးသာမက ကျောင်းပြင်ပပညာရေး (Non-Formal
Education) ပညာရေးဖြစ်သည့် အသက်မွေးဝမ်းကျောင်းပညာရေးသည်လည်း အရေးပါသောပညာရေးစနစ်တစ်ခုဖြစ်ပါသည်။
နိုင်ငံတော်ကလည်း နိုင်ငံလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်စေရန်
အသက်မွေးဝမ်းကျောင်းပညာရေးကို ပထမတန်းစားပညာရေးအဖြစ် သတ်မှတ်ကာ အဓိကထားအားပေးဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံတစ်နိုင်ငံတည်ဆောက်ရာတွင် ကျွမ်းကျင်လုပ်သား (Skilled Workers) များစွာလိုအပ်မည်
ဖြစ်သည်။ လမ်း၊ တံတားနှင့် အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများ၊ စက်ရုံ/
အလုပ်ရုံများတွင် စက်များလည်ပတ်ထုတ်လုပ်ရေးလုပ်ငန်းများ၊ စားသောက်ဆိုင်၊ ဟိုတယ်၊
အလှပြင်ဆိုင်၊ အဝတ်အစား ဒီဇိုင်းထုတ်လုပ်မှုစသည့် ဝန်ဆောင်မှုလုပ်ငန်းများအတွက်
အသက်မွေးဝမ်းကျောင်း ပညာရပ်များသည် အခြေခံကျပြီး အလွန်အရေးပါလှပါသည်။
အသက်မွေးဝမ်းကျောင်းပညာရေးသည် စာတွေ့သက်သက်သာမဟုတ်ဘဲ အတတ်ပညာများကို
ကိုယ်တိုင်လက်တွေ့ လုပ်ကိုင်တတ်စေရန် သင်ကြားပေးသော ပညာရေးဖြစ်ပါသည်။
အသက်မွေးဝမ်းကျောင်းပညာသင်ယူပြီးသူများသည် လုပ်ငန်းခွင်သို့
ချက်ချင်းဝင်ရောက်နိုင်ပြီး နိုင်ငံ၏ ကျွမ်းကျင်လုပ်သားလိုအပ်ချက်ကို
အထောက်အကူပြုနိုင်ကာ ပြည်တွင်းစက်မှုလုပ်ငန်းများသည်လည်း အလျင်အမြန်တိုးတက်လာမည်ဖြစ်သည်။
ထို့ကြောင့်
စက်မှုဝန်ကြီးဌာနက နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့်
ကျွမ်းကျင်လုပ်သားဖြည့်ဆည်းပေးရန်အတွက် သက်မွေးပညာကျောင်းများဖြစ်သည့် စက်မှုသင်တန်းကျောင်း
ရှစ်ကျောင်းကို တည်ထောင်ဖွင့်လှစ်ကာ စက်မှုကျွမ်းကျင်လုပ်သားများ လေ့ကျင့်မွေးထုတ်ပေးလျက်ရှိပါသည်။
စက်မှုသင်တန်းကျောင်းရှစ်ကျောင်းတွင် စက်မှုဘာသာရပ်များဖြစ်သည့် Mechanical နှင့် Electrical
ဘာသာရပ်တို့နှင့် သက်ဆိုင်သော သင်တန်း ၁၆ မျိုးကို သင်ကြားပေးလျက်ရှိပါသည်။
စက်မှုသင်တန်းကျောင်းများ
ဖွင့်လှစ်သင်ကြား
စက်မှုသင်တန်းကျောင်းများ၏
ဝင်ခွင့်ပညာအရည်အချင်းသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ရန်မလိုဘဲ
စာမေးပွဲဖြေဆိုဖူးသူ လူငယ်များ (သို့မဟုတ်) စနစ်သစ်ပညာရေးတွင် G-12
ပြီးမြောက်သူလူငယ်များ ရောက်နိုင်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲမအောင်နိုင်သည့်
ကျောင်းသားများအား အသက်မွေးဝမ်းကျောင်း အတတ်ပညာတစ်ခုခုသင်ပေးကာ
အလုပ်အကိုင်အခွင့်အလမ်းများ ရရှိပြီး အနာဂတ်ဘဝလှပစေရန် ရည်ရွယ်ပါသည်။ လူငယ်များသည်
စက်မှုသင်တန်းကျောင်းများတွင် တက်ရောက်ခြင်းဖြင့် ပညာပြည့်ဝလာခြင်း၊ မိမိကိုယ်ကိုယ်ယုံကြည်မှုရှိလာခြင်း၊
သင်တန်းဖော်မိတ်ဆွေသူငယ်ချင်းများ တိုးပွားရရှိလာခြင်း၊ စိတ်ဓာတ်၊ ခံယူချက်နှင့် စည်းကမ်းများ
တိုးတက်ကောင်းမွန်လာခြင်းနှင့် ကောင်းမွန်သော အလုပ်အကိုင်များရရှိပြီး သင့်တင့်သော
ဝင်ငွေရရှိနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိလာနိုင်ကာ လူမှုစီးပွားဘဝတိုးတက်လာမည်ဖြစ်ပါသည်။
စက်မှုသင်တန်းကျောင်းများတွင်
စက်မှုဘာသာရပ်ကို အမှန်တကယ်ဝါသနာပါ စိတ်ဝင်စားသော်လည်း ငွေကြေးအခက်အခဲကြောင့်
မတက်ရောက်နိုင်ခြင်းမဖြစ်စေရန် နိုင်ငံတော်မှ သင်တန်းသားများအတွက် သင်တန်းကြေးအခမဲ့အပြင်
အိပ်ဆောင်နှင့် စားစရိတ်ထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
စက်မှုသင်တန်းကျောင်းများမှ
သင်တန်းသားများအား မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု
စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့က အသိအမှတ်ပြုလက်မှတ် (NSSA Certificate) ရရှိစေရန် NSSA
Assessment ဖြေဆိုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး သင်တန်းအစီအစဉ်တစ်ခု၊
အောင်လက်မှတ်နှစ်ခု (One Program two Certificate) အစီအစဉ်ကိုလည်း
အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါသည်။
ထို့ပြင်
စက်မှုသင်တန်းကျောင်းများသည် သင်တန်းဆင်းများအား လုပ်ငန်းခွင်ထဲသို့ အဆင်သင့် ဝင်ရောက်လုပ်ကိုင်နိုင်ရေး
အစိုးရစက်ရုံများ၊ ပြည်တွင်းရှိကုမ္ပဏီများ၊ ပုဂ္ဂလိက စက်ရုံ/ အလုပ်ရုံ များ၊
စက်မှုဇုန်များနှင့် ချိတ်ဆက်ကာ အလုပ်အကိုင်ရရှိရေးဆောင်ရွက်ပေးလျက်ရှိပါသည်။
စက်မှုသင်တန်းကျောင်းများသည်
အရည်အသွေးအာမခံချက်ရှိစေရန် ITC IQA ကို ရေးဆွဲပြဋ္ဌာန်းကာ အကောင်အထည်ဖော် ကျင့်သုံးလျက်ရှိခြင်း၊
သင်တန်းကျောင်းအဆင့်မြှင့်တင်ခြင်း စီမံကိန်းများ ဆောင်ရွက်ကာ သင်ထောက်ကူပစ္စည်းများနှင့်
နည်းပညာများ အဆင့်မြှင့်တင်ခြင်း၊ နည်းပြဆရာများ၏ အရည်အသွေးများ စဉ်ဆက်မပြတ်
တိုးတက်စေရန် ပြည်တွင်း၊ ပြည်ပသင်တန်းများ စေလွှတ်ခြင်း၊ သင်တန်းအတွက် လိုအပ်သည့်
အဆောက်အအုံများအား နှစ်စဉ်ဖြည့်ဆည်းခြင်းတို့ ဆောင်ရွက်ပြီး နိုင်ငံအတွက်
အမြဲတန်ဖိုးရှိနေမည့် သက်မွေးပညာတတ်လူငယ်များ လေ့ကျင့်မွေးထုတ်ပေးကာ
“နိုင်ငံတော်ဖွံ့ဖြိုးဖို့ပညာရေးကို အားပေးစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း
ပညာရေးကို အလေးပေးဆောင်ရွက်လျက်ရှိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
No comments:
Post a Comment