နေပြည်တော်
ဒီဇင်ဘာ ၁၀
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အေလာမြို့ အခြေအခံပညာအထက်တန်းကျောင်း၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကျောင်းဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။
ဦးစွာ အေလာမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန်သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား/ကျောင်းသူလူငယ်တွေကို အသိပညာ၊ အတတ်ပညာ၊ ဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်နှင့်ပြည့်စုံစေကာ ယဉ်ကျေးလိမ္မာပြီး အမှားအမှန်ကိုဝေဖန်ပိုင်းခြားစဉ်းစားနိုင်သည့် အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံတဲ့ လူငယ်တွေဖြစ်လာစေရန်နှင့် စိတ်ဓာတ်ခွန်အားတွေရရှိစေဖို့အတွက် ရည်ရွယ်ကျင်းပတဲ့ လူငယ်အသိပညာပေး ဟောပြောပွဲဖြစ်ပါကြောင်း၊ ကမ္ဘာနိုင်ငံအသီးသီးသည်လည်း မိမိတို့ လူမျိုး မိမိတို့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မိမိတို့နိုင်ငံအတွင်းရှိလူငယ်များကို အဓိကဦးစားပေးပြုစုပျိုးထောင်လာကြသည်ကိုတွေ့ရမှာဖြစ်ပါကြောင်း၊ လူငယ်တွေဟာ မိမိတို့ရဲ့တန်ဖိုးမဖြတ်နိုင်တဲ့ လက်ရှိလူငယ်ဘဝကိုတန်ဖိုးထားပြီး လမ်းမှားမရောက်အောင် မိမိကိုယ်ကိုထိန်းသိမ်းတည့်မတ်ရင်း ပညာပြည့်ဝနှလုံးလှတဲ့ လူတော်လူကောင်းတွေဖြစ်အောင် ယခုချိန်ကတည်းကကြိုးစားကြဖို့လိုအပ်ပါကြောင်း၊ အထူးသဖြင့် လူငယ်တွေလမ်းမှားမရောက်အောင်မှာချင်တာက ယနေ့လူငယ်တွေကို အထူးဒုက္ခပေးနေတဲ့ Social Network နဲ့မူးယစ်ဆေးဝါးကိစ္စတွေပဲဖြစ်တာကြောင့် Social Network ကို သုံးစွဲတဲ့အခါမှာ လူငယ်တွေကိုလမ်းမှားရောက်ပြီး အမြင်မှန်တွေပျောက်အောင်၊ နိုင်ငံတော်ပျက်စီးအောင်နှင့် လူငယ်တွေအသိဉာဏ်တွေဝေဝါးအောင်၊ နိုင်ငံတကာက အထောက်အပံ့တွေရယူပြီး Social Network ကနေ ဝါဒဖြန့်နေတဲ့သတင်းဌာနတွေရဲ့ သတင်းအမှားတွေကိုအမှန်ထင်ပြီး မယုံကြည်ဖို့အရေးကြီးပါကြောင်း၊ လူငယ်တွေမှာ အထူးသတိထားရှောင်ရှားရမဲ့အရာကတော့ မူးယစ်ဆေးဝါးကိစ္စပဲဖြစ်တာကြောင့် လူငယ်ဆိုတာ စူးစမ်းရင်း ဆေးလိပ်၊ ယနေ့ခေတ်စားပြီး လူငယ်တွေ သုံးစွဲနေတဲ့ Vape စသည်တို့ကို စတင်သုံးစွဲတာကအစ တဖြည်းဖြည်း နဲ့ Happy Water ၊ K တို့ E တို့စတဲ့ မူးယစ်ဆေးဝါးအမှုန့်တွေကို တစ်ဆင့်တက်ပြီးသုံးစွဲလာကာ ထိုမှတစ်ဆင့် စိတ်ကြွရူးသွပ်ဆေးဝါးများကိုသုံးစွဲလာကြပြီး လူငယ်တွေဘဝပျက်စီးဆုံးရှုံးနေရတာဟာ ကာယကံရှင်မိဘတွေနဲ့ နိုင်ငံတော်အတွက် အထူးရင့်နင့်စရာကိစ္စတွေပဲဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာကိုကြိုးစားသင်ယူကာ ကျောင်းပြင်ပပညာတွေဖြစ်တဲ့ နိုင်ငံတကာနဲ့ပတ်သက်တဲ့အထွေထွေဗဟုသုတတွေ၊ အင်္ဂလိပ်စာအပါအဝင် နိုင်ငံတကာဘာသာစကား၊ ခေတ်မှီတိုးတက်လာတဲ့ IT နည်းပညာအပါအဝင် အခြားသောနည်းပညာများကို မျက်ခြေမပြတ် လေ့လာတတ်ကျွမ်းအောင် ကြိုးစားကြရမှာဖြစ်ပါကြောင်း၊ နိုင်ငံကြီးတွေရဲ့ AI နည်းပညာကို ကျောင်းသား/ကျောင်းသူတွေ အနေနဲ့လည်း လေ့လာပြီးအကျိုးရှိစွာအသုံးချစေချင်ပါကြောင်း၊ ကျောင်းချိန်အပြင် မိမိတို့အားလပ်ချိန်တွေ ကွန်ပျူတာသင်တန်းများ၊ နိုင်ငံတကာဘာသာစကားများကို သင်ကြားနေခြင်းဖြင့် မိမိရဲ့အရည်အချင်း၊ မိမိရဲ့တန်ဖိုးကိုမြှင့်တင်ရာရောက်ပါကြောင်း၊ ကျန်းမာရေးအတွက် အားကစားပြုလုပ်ခြင်းနဲ့စာဖတ်ခြင်းဟာ လူငယ်တွေရဲ့ ကျန်းမာရေးနဲ့ ဘဝရဲ့ အသိပညာ၊ ဉာဏ်ပညာဖွံ့ဖြိုးတိုးတက်ခြင်းကို များစွာထောက်ကူပေးပါကြောင်း၊ လူငယ်တွေအနေဖြင့် နိုင်ငံနှင့်လူမျိုးကိုချစ်တတ်ဖို့၊ အမျိုးဘာသာသာသနာကို စောက်ရှောက်နိုင်ဖို့၊ ပြည်ထောင်စုတိုင်းရင်းသားအချင်းချင်း တစ်ဦးကိုတစ်ဦး အချင်းချင်းရိုင်းပင်း ကူညီဆောင်ရွက်တတ်တဲ့ ပြည်ထောင်စုစိတ်ဓါတ်ရှိဖို့နဲ့ နိုင်ငံမှာဖြစ်ပျက်နေတဲ့ သမိုင်းအမှန်တွေကိုသိဖို့အပြင်၊ (၃၈)ဖြာမင်္ဂလာတရားတော်နဲ့အညီနေထိုင်ပြီး ကိုယ်ချင်းစာစိတ်ကို ငယ်ရွယ်စဉ်ဘဝကတည်းက မိမိနှလုံးသားမှာ ကိန်းအောင်နေဖို့ အထူးလိုအပ်ပါကြောင်း၊ နှလုံးသားအာဟာရဖြစ်တဲ့ သုတစာပေ၊ ရသစာပေတွေကို ဖတ်ရှုလေ့လာကြဖို့ စာဖတ်ဖို့ကိုထပ်မံမှာကြားလိုပါကြောင်းနှင့် လူငယ်တွေအနေနှင့် မိမိဘဝကိုတိုးတက်အောင် ကြိုးစားဆောင်ရွက်ခြင်းဖြင့် မိမိရဲ့မိသားစုဘဝကို ဖွံ့ဖြိုးတိုးတက်စေမှာဖြစ်ပြီး နောင်တချိန်တိုင်းပြည်တာဝန်ကို ကျရာနေရာကထမ်းဆောင်တဲ့အခါ မိမိရဲ့အရည်အချင်းကြောင့် မိမိဌာန၊ မိမိမြို့ရွာဖွံ့ဖြိုးတိုးတက်လာမှာပဲဖြစ်ပြီး နိုင်ငံတဝှမ်းရှိ လူငယ်တွေဟာ အသိပညာ၊ အတတ်ပညာ၊ ဗလငါးတန်နှင့်ပြည့်စုံပြီး ပညာပြည့်ဝနှလုံးလှတဲ့ လူငယ်တွေဖြစ်ပြီး တိုင်းပြည်ရဲ့ အနာဂတ်ခေါင်းဆောင်ကောင်းတွေဖြစ်လာပြီး၊ နိုင်ငံလည်းဖွံ့ဖြိုးတိုးတက်ပြီး ကမ္ဘာ့အလယ်မှာမြန်မာဆိုပြီး ထည်ဝါစွာရပ်တည်နိုင်မယ်ဆိုတာ ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမျိုးသားစာပေဆုရ စာရေးဆရာ အောင်စိုး(တိရိစ္ဆာန်ဆေးကုဆရာဝန်) ဂုဏ်ပြုလက်ဆောင်ပေးအပ်ခဲ့ပြီး အေလာမြို့အခြေခံပညာအထက်တန်းကျောင်းအတွက် အလှူငွေများပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံခဲ့သည်။ ထို့နောက် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အမှာစကားပြောကြားခဲ့ပြီး အေလာမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ အားကစားပစ္စည်းများပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူခဲ့သည်။
ဆက်လက်၍
အခန်းအနား ဒုတိယပိုင်းတွင် အမျိုးသားစာပေစုရ စာရေးဆရာ
အောင်စိုး(တိရိစ္ဆာန်ဆေးကုဆရာဝန်)က စည်းကမ်းတန်ဖိုးနှင့် မူးယစ်ဆေးအန္တရာယ်
ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ကာ နေပြည်တော်လူငယ်ရေးရာတာဝန်ခံ၊
ဒုတိယညွှန်ကြားရေးမှူး ဦးကြည်စိုးလင်းမှ ဉာဏ်စမ်းပဟေဠိမေးမြန်းခဲ့ပြီး ကျောင်းသား၊
ကျောင်းသူများအား ဌာနဆိုင်ရာအကြီးအကဲများမှ ဆုလက်ဆောင် ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)
No comments:
Post a Comment