နေပြည်တော် ဒီဇင်ဘာ ၂၉
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် မြို့နယ်ပေါင်း ၁၀၂ မြို့နယ်၌ ကျင်းပပြီးစီးခဲ့သည့် အပိုင်း (၁) ရွေးကောက်ပွဲသို့ လာရောက်လေ့လာခဲ့ကြသည့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ၏ စောင့်ကြည့်လေ့လာခဲ့မှုဆိုင်ရာ မှတ်ချက်ပြုအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက နေပြည်တော်ရှိ Jasmine Nay Pyi Taw ဟိုတယ်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်၊ ဖိတ်ကြားထားသော ဒုတိယဝန်ကြီးများ၊
ရွေးကောက်ပွဲလာရောက်စောင့်ကြည့်လေ့လာခဲ့ကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်
ဒုတိယဥက္ကဋ္ဌ Mr. Sholban Kara-Ool ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ
ဗဟိုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် Mr. Igor Borisov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူး ကိုယ်စားလှယ်
Mr. Deng Xijun ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊
နိုင်ငံတကာရေးရာဌာနမှ Ms. Chen Xuanbo ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ကာဇက်စတန်နိုင်ငံရွေး
ကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌ Mr. Yerman Mukhtar ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊
ကမ္ဘောဒီးယားနိုင်ငံရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် Mr. YICH Samethy ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့၊
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံမှ နိုင်ငံတကာဆက်ဆံရေးအကြီးအကဲ Mr. Nguyen Duc
Thinh ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့၊ နီကာရာဂွါနိုင်ငံမှ Mr. Mario Jose Armengol
Campos ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ အိန္ဒိယနိုင်ငံမှ အငြိမ်းစားဗိုလ်ချုပ် Mr.
Sahni Arun Kumar ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နှင့် ဂျပန်-မြန်မာအသင်းမှ Mr.
Yusuke WATANABE ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့်
တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့်
ဧည့်သည်တော်များ တက်ရောက်ကြ သည်။
ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက
အမှာစကားပြောကြားရာတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ
ဗိုလ်ချုပ်မှူးကြီးမှ လာရောက်လေ့လာမှုအတွက် ဝမ်းမြောက်ဂုဏ်ယူကျေးဇူးတင်ကြောင်း၊ ရွေးကောက်ပွဲ
ကျင်းပပြုလုပ်ခြင်းသည် လွှတ်တော်အသီးသီး ခေါ်ယူဖွဲ့စည်းနိုင်ရန်နှင့် လွှတ်တော်မှတစ်ဆင့်
နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ၊ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများ၊ သမ္မတမှ တာဝန်ပေးအပ်သည့်
ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများဖြင့် အစိုးရအဖွဲ့တာဝန်ပေးအပ်နိုင်ရေး ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက်
ရွေးကောက်ပွဲအထမြောက်ရန်နှင့် ဥပဒေနှင့်ညီညွတ်ရန် အရေးကြီးပါကြောင်း၊
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည်
နိုင်ငံအတွက် အရေးပါသည့် မှတ်တိုင်တစ်ခုဖြစ်ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ် မှန်ကန်မှု၊
ဂုဏ်သိက္ခာရှိမှု၊ ယုံကြည်စိတ်ချရမှုတို့အတွက် စောင့်ကြည့်လေ့လာသူများအဖြစ် ပါဝင်ခဲ့ကြသည့်
အဆွေတော်တို့၏ အခန်းကဏ္ဍသည် အလွန်ပင်အရေးကြီးပါကြောင်း၊ အဆွေတော်တို့၏ပါဝင်မှုသည် ဒီမိုကရေစီလုပ်ငန်းစဉ်
ပွင့်လင်းမြင်သာမှု၊ လွတ်လပ်မှုနှင့် တရားမျှတမှု၊ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုတို့၏အရေးပါပုံကို
မီးမောင်းထိုးပြလျက်ရှိပါကြောင်း၊ အဆွေတော်တို့၏ လေ့လာတွေ့ရှိမှုနှင့် အကြံပြုချက်များသည်
ပြည်သူလူထု၏ယုံကြည်မှုကို ခိုင်မာစေပြီး ဒီမိုကရေစီစနစ် တိုးတက်ထွန်းကားရေးအတွက် အထောက်အကူပြုစေမည်ဖြစ်ပါကြောင်း၊
မိမိတို့နိုင်ငံ၏နိုင်ငံခြားရေးမူဝါဒသည်
လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်
နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံမှုရှိသည့် နိုင်ငံခြားရေးမူဝါဒကို ချမှတ်ထားပြီး
အဆိုပါအချက်အပေါ်အခြေခံ၍ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုဖြင့် ပူးပေါင်းဆောင်ရွက်မှု
တိုးမြှင့်ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း၊
အဆွေတော်တို့၏
မြန်မာနိုင်ငံအပေါ် သမာသမတ်ကျစွာ ထောက်ခံရပ်တည်ပေးမှုတို့သည် တန်ဖိုးမဖြတ်နိုင်သော
မိတ်ဆွေရင်း၊ ညီအစ်ကို စိတ်ဓာတ်များဖြစ်၍ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ များစွာကျေးဇူး
တင်ပါကြောင်း၊ အဆွေတော်နိုင်ငံတို့နှင့် မြန်မာနိုင်ငံတို့သည် အစိုးရ အချင်းချင်း ဆက်ဆံရေးသာမက
နိုင်ငံသူ၊ နိုင်ငံသားအချင်းချင်းဆက်ဆံရေးသည်လည်း မိတ်ဆွေအရင်းအချာနိုင်ငံများအဖြစ်
ဆက်လက်တည်ရှိ နေမည်ဖြစ်ပါကြောင်း၊
အဆွေတော်တို့အနေဖြင့်
ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခဲ့ခြင်းနှင့်စပ်လျဉ်း၍ သဘောထားမှတ်ချက်များ ပွင့်ပွင့်လင်းလင်း
ဆွေးနွေးပေးရန် ဖိတ်ခေါ်အပ်ပါကြောင်း၊ လေ့လာတွေ့ရှိမှုများ၊ အကြံပြုချက်များနှင့် ဆွေးနွေးမှုများကို
ပျော်ရွှင်ဝမ်းမြောက်စွာ လက်ခံလိုပါကြောင်း၊ အဆွေတော်တို့၏ သဘောထားအမြင်များကို လက်ခံရရှိပြီး
နောင်တွင် ယခုထက်ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်မည့်နည်းလမ်းများ ရှာဖွေနိုင်မည်ဖြစ်ပါကြောင်း
ပြောကြားသည်။
ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ကာဇက်စတန်နိုင်ငံ နှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ
ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများက ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခဲ့မှုအခြေအနေများကို
မှတ်ချက်ပြုပြောကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက
ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment