Wednesday, December 10, 2025

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မကွေးပညာရေးဒီဂရီ ကောလိပ်ပုံမှန်သင်တန်းများဖွင့်လှစ်ရေးနှင့် ပထမနှစ်ကျောင်းသား/ကျောင်းသူများ၏ မောင်မယ် သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်

မကွေး ဒီဇင်ဘာ ၁၀

ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာန မကွေးပညာရေးဒီဂရီကောလိပ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မကွေးပညာရေးဒီဂရီကောလိပ် ပုံမှန်သင်တန်းများဖွင့်လှစ်ရေးနှင့် ပထမနှစ် ကျောင်းသား/ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက မကွေးပညာရေးဒီဂရီကောလိပ် ပညာ့ဗိမာန်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဥပဒေချုပ်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မကွေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့် သင်ကြားရေးဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ သင်တန်းသား၊ သင်တန်းသူများက ပညာ့ပန်းဝေ ဖန်ခါးမြေ တေးသီချင်းသီဆို၍  အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် လက်ရှိ ကျွန်ုပ်တို့နိုင်ငံသည် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု နိုင်ငံတော်တည်ဆောက်လျက်ရှိရာမှာ နိုင်ငံသားတိုင်း ပညာရည်ပြည့်ဝရန် အရေးကြီးသကဲ့သို့ ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံအဖြစ် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန်အတွက်လည်း ပညာရေးကိုမြှင့်တင်အားပေးလျက်ရှိပါကြောင်း၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မကွေးပညာရေးဒီဂရီကောလိပ်မှ ဖွင့်လှစ်တဲ့ ပထမနှစ်အတန်းကို စတင်တက်ရောက်သည့် ကျောင်းသား၊ကျောင်းသူများကို ကြိုဆိုပါကြောင်း ယခု မကွေးပညာရေးဒီဂရီ ကောလိပ်မှာ G-12 အောင်မြင်ပြီး ပထမနှစ်သို့ လာတက်ရောက်သည်မှာ ဒုတိယအသုတ် ဖြစ်ပြီး၊ ယခင်နှစ် ပထမအသုတ်မှာ ကျောင်းသား၊ကျောင်းသူ (၁၉၈)ဦး တက်ရောက်ခဲ့ပြီး ယခုနှစ် G-12 အောင်မြင်ပြီးသူ (၁၇၈)ဦးနှင့် ဒုတိယနှစ်မှ စတုတ္ထနှစ်အထိ စုစုပေါင်း (၁၁၃၀)ဦး တက်ရောက်ပညာသင်ကြားနေသည်ဟုသိရကြောင်း၊ နိုင်ငံတစ်ဝန်းလုံးရှိ ပညာရေးဒီဂရီကောလိပ်(၂၅)ခုမှာ အခြေခံပညာမူလတန်းပြနှင့် အလယ်တန်းပြဆရာ၊ ဆရာမလောင်းများကိုတစ်ပြိုင်နက် လေ့ကျင့်သင်ကြားပေးလျက်ရှိပါရာမှာ ဆရာအတတ်ပညာများကို(၄)နှစ်တာ တက်ရောက်လေ့ကျင့်သင်ကြားရမှာဖြစ်ပြီး အောင်မြင်သောအခါ B.A(Education)နှင့် B.Sc(Education)ဘွဲ့ကိုရရှိပြီး အလယ်တန်းပြရာထူးဖြင့် အလုပ်ခန့်အပ်မှာဖြစ်ပါကြောင်း၊ ထိုမှတစ်ဆင့်(B.Ed) မဟာပညာရေးဘွဲ့( M.Ed) ပါရဂူဘွဲ့ (Ph.D)အထိ ရယူနိုင်မှာဖြစ်တဲ့အတွက် မိမိတို့ကြိုးစားရင် ကြိုးစားသလောက် သင်ယူမှုအခွင့်အလမ်းများကိုရှိမှာဖြစ်ပါကြောင်း၊ ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည်နှင့်အညီ သင်ရိုးညွှန်းတမ်းများကိုလည်း နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းများဖြစ်လာစေရေးအတွက် နိုင်ငံတော်ကရေးဆွဲပြုစုပြီး သင်ကြားပို့ချလျက် ရှိပါတယ်။ မူလတန်းနှင့် အလယ်တန်းကျောင်း စာသင်ခန်းများတွင် ထိရောက်စွာ သင်ကြားနိုင်ရန်လိုအပ်သောတက်ကျွမ်းမှုများ၊ တတ်မြောက်သွားစေရန် စီစဉ်ရေးဆွဲထားကြောင်းသိရှိရပြီး၊ ဆရာများအတွက် တက်ကျွမ်းမှု စံသတ်မှက်ချက် အညွှန်းဘောင်(TCSF) အပေါ်အခြေခံ၍ ရေးဆွဲထားခြင်းဖြစ်ပါကြောင်း၊ ယနေ့ကာလဟာ နိုင်ငံတော်ရဲ့အနာဂတ်ကိုမျှော်မှန်းပြီး တိုင်းကျိုးပြည်ဆောင်နိုင်ငံသားကောင်း၊ သမီးမွန်များ ပြုစုပျိုးထောင်မွေးထုတ်ပေးနိုင်စေရန် ပညာရေးကဏ္ဍကတာဝန်ယူပြီး အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့အချိန် ကာလဖြစ်တဲ့အတွက် ဆရာ၊ ဆရာမများရဲ့ အားထုတ်ကြိုးပမ်းမှု မွန်မြတ်သောစိတ်စေတနာနဲ့ ဆရာ့အရည်အသွေးပြည့်၀ မြင့်မားမှုတို့ဟာ အလွန်အရေးပါသော အခန်းကဏ္ဍသို့ရောက်ရှိနေပြီးဖြစ်ပါကြောင်း၊ ပညာအရည်အသွေး ကောင်းမွန်ရေး၊ အရည်အသွေးကောင်းမွန်သည့် ဆရာရရှိအောင်ပျိုးထောင်ပေး” (Quality Teacher's for Quality Education) ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အရည်အသွေးကောင်းမွန်တဲ့ ပညာရေးကို အရည်အသွေးကောင်းမွန်တဲ့ ဆရာများကသာ ဆောင်ကြဉ်းပေးနိုင်မှာ ဖြစ်ပါကြောင်း၊ ယခုအချိန်အခါသည် ဆရာနှင့်တပည့်ပညာဆည်းပူးရာမှာ ခေတ်မီ ဆက်သွယ်ပို့ချမှုနည်းပညာ(ICT)ဖြင့် တပည့်များကိုယ်တိုင်(Teaching Learning Process)တွင် ပါဝင်ကာ၊ လေ့လာသင်ယူရသော ခေတ်သို့ပြောင်းလဲလာပြီဖြစ်ကြောင်း၊ ယနေ့ နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေပါကြောင်း၊ ဗလငါးတန်ဟုဆိုရာတွင် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလ သာမက မျက်မှောက်ခေတ် ၂၁ ရာစု ဗလငါးတန်ဟု ဆိုရမည့် (IQ) Intelligence Quotient ခေါ် ဉာဏ်ရည်ဉာဏ်သွေး (EQ) Emotional Quotient ခေါ် စိတ်နှလုံးခံစားမှုအရည်အသွေး (CQ) Culture Quotient ခေါ်မတူကွဲပြားသည့် ယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်းများကိုနားလည်လက်ခံနိုင်သည့် အရည်အသွေး၊ (SQ) Spiritual Quotient ခေါ် ဘဝရှင်သန်နေထိုင်ခြင်း၏ ရည်ရွယ်ချက်ကို သိရှိလိုက်နာနိုင်သည့် အရည်အသွေး၊ (PQ) Physical Quotient ခေါ် ကိုယ်ခန္ဓာကြံ့ခိုင်ကျန်းမာမှုကို ထိန်းသိမ်းစောင့်ရှောက်နိုင်သည့် အရည်အသွေးတို့ကို ဖြည့်ဆည်းနိုင်ကြရမည်ဖြစ်ကြောင်း၊ ယနေ့ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီး၌ အရည်အသွေးကောင်းမွန်သည့်ပညာရေးကို ဆောင်ကြဉ်းပေးနိုင်စွမ်းရှိသည့် အရည်အသွေးပြည့်ဝသော ဆရာ/ဆရာများကိုလိုအပ်လျက်ရှိသလို ဆရာ/ဆရာမများကိုယ်တိုင်ကလည်း အရည်အချင်းပြည့်ဝစေရန် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများ၊ အသိပညာဗဟုသုတများ၊ ပြောင်းလဲတိုးတက်နေသော ပညာရေးစနစ်များအား စဉ်ဆက်မပြတ်လေ့လာဆည်းပူးပြီး မိမိတို့၏အရည်အသွေးများအား မြှင့်တင်ဆောင်ရွက်ရန် အထူးလိုအပ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ သစ်လွင်မောင်/မယ်များက ကိုယ်ဟန်ပြယှဉ်ပြိုင်ခဲ့ကြပြီး၊ သင်တန်းသား၊ သင်တန်းသူများက ကျေးလက်သဘာ၀ ကျေးလက်အလှ၊ မလေးလက်ခတ်သံ၊ ရေအိုး၊ ရတနာပုံ၊ ဖန်ခါးမြေမှဖိတ်ခေါ်သံနှင့် လူချွန်လူကောင်းတို့ဂုဏ်ရည်စသည့် တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။

ထို့နောက် သစ်လွင်မောင်၊ သစ်လွင်မယ်ရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်က စလွယ်များချီးမြှင့်ပေးပြီး၊ သစ်လွင်မောင်/မယ်များနှင့် ဖျော်ဖြေရေးအဖွဲများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်ညီညာ

No comments:

Post a Comment