နေပြည်တော် ဒီဇင်ဘာ ၁၈
ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ) ၏ (၂၅) နှစ်မြောက် ငွေရတုအထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အဆိုပါတက္ကသိုလ်ဝင်းအတွင်း၌ ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားသို့
ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊
ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊
ပညာရှင်ကြီးများ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်
ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်စီးပွားရေးတက္ကသိုလ်
(၂၅) နှစ်မြောက် ငွေရတုအထိမ်းအမှတ်အခမ်းအနားကို ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်အောင်စန်း၊
ဒေါက်တာကံဇော်၊ ဒေါက်တာချောချောစိန်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်
ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်တင်ထွေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောက
ရန်ကုန်စီးပွားရေးတက္ကသိုလ် (၂၅) နှစ်မြောက် ငွေရတုအထိမ်းအမှတ် ကမ္ဗည်းကျောက်စာကို
စက်ခလုတ်နှိပ်ဖွင့်လှစ်ပေး၍ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကမ္ဗည်းကျောက်စာအား
အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးပြီး နိုင်ငံတော်ဝန်ကြီးချုပ်က ငွေရတုအထိမ်းအမှတ်
ကံ့ကော်ပင် ကိုစိုက်ပျိုးပေးသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်သည်
အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ တက္ကသိုလ်ပင်မဆောင်ရှေ့တွင် အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍ အခမ်းအနားကို
တက္ကသိုလ်ပင်မဆောင်ခန်းမ၌ ဆက်လက်ကျင်းပရာ တက္ကသိုလ်ကျောင်းသူများက “ဂုဏ်ယူပါသည် ငွေရတုတိုင်ပြီ”
တေးသီချင်းဖြင့် ကပြဖျော်ဖြေကြသည်။
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောက
အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို
ဖော်ဆောင်နိုင်ရန် စီးပွားရေးပညာရှင်များ၏ကဏ္ဍသည် အဓိကအရေးကြီးသည့်အတွက် စီးပွားရေးပညာရှင်များကို
မွေးထုတ်ပေးနေသည့် ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ) ၏ (၂၅) နှစ်မြောက်ကာလအထိ
အောင်မြင်တိုးတက်မှု မှတ်တိုင်ကို ဂုဏ်ပြုသည့်အနေဖြင့် ယခုအခမ်းအနားကို ကျင်းပခြင်းဖြစ်ကြောင်း၊
ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ) ကို ၂၀၀၀ ပြည့်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး
ယခုအခါတွင် ဘွဲ့ကြိုသင်တန်းများ၊ ဂုဏ်ထူးတန်းများ၊ မဟာအရည် အချင်းစစ်သင်တန်းများကို
ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း။
“နိုင်ငံတော်ဖွံ့ဖြိုးဖို့
ပညာရေးကို အားပေးစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဗလငါးတန်နှင့်ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ
မွေးထုတ်နိုင်ရန် ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်အကြီးအကဲက အမြဲလမ်းညွှန်မှာကြားလျက်ရှိပြီး
အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တက္ကသိုလ်တွင် နိုင်ငံတကာအဆင့်မီ ပညာရေးစနစ်ဖြစ်စေရန်အတွက်
ကျောင်းသားဗဟိုပြုစဉ်းစားတွေးခေါ်မှုစနစ်၊ Case Study များနှင့် ပရောဂျက်အခြေပြု သင်ယူမှုစနစ်၊
လက်တွေ့အခြေပြုသင်ယူမှုနည်းစနစ်နှင့် စာကြည့်တိုက်ဗဟိုပြုစနစ်တွေကို အသုံးပြုသင်ကြားနေသည့်အတွက်
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သင်ယူလေ့လာမှုအခွင့်အလမ်းကောင်းများ ရရှိနေကြပြီဖြစ်ကြောင်း၊
ထို့ပြင် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရည်မြင့်မားရေးကို ရည်ရွယ်ပြီး စီးပွားထူးချွန်ဆုနှင့်
တက္ကသိုလ် ပညာသင်ဆုများကို နိုင်ငံတော်က ပေးအပ်ချီးမြှင့်လျက်ရှိကြောင်း။
ယနေ့ကျင်းပသည့်အခမ်းအနားတွင်
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးက တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊
တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူဟောင်းများ ပူးပေါင်း၍ အလုပ်အကိုင်အခွင့်အလမ်းပြပွဲများ၊
ဆွေးနွေးပွဲများ၊ သုတေသနပိုစတာပြိုင်ပွဲများ၊ သုတေသနစာတမ်းဖတ်ပွဲများ၊ ချိတ်ဆက်ဆောင်ရွက်နေကြသည်ကိုလည်း
သိရှိရသည့်အတွက် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုပါကြောင်း၊
တက္ကသိုလ်များတွင် မျိုးဆက်သစ်လူငယ်များကို မှန်ကန်သည့် အသက်မွေးဝမ်းကျောင်း အသိပညာ၊
အတတ်ပညာများ လေ့ကျင့်သင်ကြားပေးနိုင်အောင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။
ထို့ပြင် နိုင်ငံသားကျင့်ဝတ်၊
လူမှုကျင့်ဝတ်၊ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို လေးစားလိုက်နာတတ်သည့် နိုင်ငံကြီးသားအလေ့အကျင့်ကောင်းများ
ကိန်းအောင်းလာအောင် လေ့ကျင့်ပျိုးထောင်ပေးကြရမည်ဖြစ်ကြောင်းနှင့် မကြာမီကျင်းပမည့်
လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပပြီး
ပိုမိုဖွံ့ဖြိုးတိုးတက်သည့် မြန်မာနိုင်ငံတည်ဆောက်ရေးကို ကျရာကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
“နိုင်ငံ၏ စီးပွားရေးစနစ်သည်
ဈေးကွက်စီးပွားရေးစနစ်ဖြစ်သည်” ဆိုသည့် ပြဋ္ဌာန်းချက်နှင့်အညီ အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်း
ဆောင်ရွက်မှုဖြင့် ဈေးကွက်ဖွံ့ဖြိုးရေး၊ ဈေးကွက်သစ်များရရှိရေး၊ ဈေးကွက်ချဲ့ထွင်ရေးကို
တိုးချဲ့ဆောင်ရွက်သွားကြရမည် ဖြစ်သည့်အတွက် ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ)
အနေဖြင့် အနာဂတ်ကာလတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖော်ဆောင်နိုင်ပြီး အရည်အသွေးပြည့်ဝသည့်
ပညာရှင်များကို ဆတက်ထမ်းပိုး တိုးမြှင့်မွေးထုတ်ပေးနိုင်သည့် တက္ကသိုလ်ကြီးအဖြစ် နောက်နှစ်ပေါင်းများစွာတိုင်
အောင်မြင်စွာရပ်တည်နိုင်ပါစေကြောင်း ပြောကြားသည်။
၎င်းနောက် တက္ကသိုလ်၏
(၂၅) နှစ်မြောက် ငွေရတုအထိမ်းအမှတ် Video Clip ကိုလည်းကောင်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့်
အမျိုးသားယဉ်ကျေးမှုတက္ကသိုလ်တို့မှ ကျောင်းသူများ၏ “ငွေရတုမှသည် ထာဝစဉ်တည်” တေးသီချင်း၊
“တူဆင်နွှဲပျော် ငွေရတုပွဲတော်” တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြပြီး နိုင်ငံတော်ဝန်ကြီးချုပ်က အကအဖွဲ့များအား ဂုဏ်ပြုပန်းခြင်းနှင့်
ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။ ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ
ငွေရတုအထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့်ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးပြီး
ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။




No comments:
Post a Comment