နေပြည်တော် နိုဝင်ဘာ ၂၁
ညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဦးက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို နိုဝင်ဘာ ၂၁ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါ
ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
လေးစားအပ်ပါသော
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ရဟန်းရှင်လူ ကျေးဇူးရှင် မိဘပြည်သူများ ခင်ဗျာ...
ကျွန်တော်ကတော့
ညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ဥက္ကဋ္ဌ ဒေါက်တာ
ခင်မောင်ဦးဖြစ်ပါတယ်ခင်ဗျာ...
ကျွန်တော်တို့ပါတီပေါ်ပေါက်လာပုံကတော့
အဓိကဖွဲ့စည်းတည်ထောင်ရတဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ
ပြည်ထောင်စုဖွားတိုင်းရင်းသားများအားလုံး ပြန်လည်ရင်ကြားစေ့ပြီး ညီညီညွတ်ညွတ်နဲ့
အတူတကွပူးပေါင်းနေထိုင်ကြပြီး နိုင်ငံ့ဝန်ထမ်းအားလုံးနဲ့ အခြေခံပြည်သူများ၏
လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် အဓိကထားပြီး
ဖွဲ့စည်းတည်ထောင်ခဲ့ရခြင်းသာဖြစ်ပါတယ်...
နိုင်ငံရေး
မိတ်ဖက်ပါတီတွေနဲ့ပူးပေါင်းပြီး ပြည်ထောင်စုဖွားတိုင်းရင်းသားများ အားလုံးနဲ့
နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူတစ်ရပ်လုံးအတွက် ခေတ်မီဖွံ့ဖြိုးတိုးတက်သော
နိုင်ငံတော်ကြီး တည်ဆောက်ရေးကဏ္ဍတွေမှာ တစ်ထောင့်တစ်နေရာကနေ
အတူလက်တွဲပူးပေါင်းဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်...
လေးစားအပ်ပါသော
မိဘပြည်သူများခင်ဗျာ... ကျွန်တော်တို့ ပြည်သူတွေဟာ ပဋိပက္ခအမျိုးမျိုး
ရင်ဆိုင်ကြုံတွေ့ခဲ့ရတာဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတစ်နိုင်ငံမှာ
နိုင်ငံရေးနှင့်ပတ်သက်ပြီး ပဋိပက္ခတွေ ဖြစ်လာပြီဆိုရင် ဦးစွာဒုက္ခခံစားရမှာကတော့ ကျွန်တော်တို့ပြည်သူတွေပဲဖြစ်ပါတယ်။
ထိုကဲ့သို့သော နိုင်ငံရေးပဋိပက္ခတွေ ဖြစ်မလာအောင် မိမိတို့ယုံကြည်ချက်ဖြင့်
လက်နက်ကိုင်တော်လှန်ရေးလုပ်နေသော တိုင်းရင်းသားများနှင့်
အဖွဲ့အစည်းအမျိုးမျိုးတို့ကို တွေ့ဆုံစည်းရုံးညှိနှိုင်းပြီး မိဘပြည်သူများနှင့်အတူ
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အေးချမ်းသာယာဝပြောသော နိုင်ငံတော်ကြီး
ပြန်လည်တည်ဆောက်ရန် ကျွန်တော်တို့ ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (UADP) ဟာ ယခုကျင်းပပြုလုပ်မယ့်
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ ပါဝင်ရွေးကောက်ခံခြင်းသာ
အဓိကရည်ရွယ်ချက်ပဲဖြစ်ပါတယ်ခင်ဗျာ။
လေးစားအပ်ပါသော
မိဘပြည်သူများခင်ဗျာ... ကျွန်တော်တို့ ပါတီအနေဖြင့် တပ်မတော်အပေါ်ထားရှိသည့်
သဘောထားကတော့……
အစဉ်အလာကြီးမားသည့်
မြန်မာ့တပ်မတော်သည် ကောင်းမွန်သော ဒီမိုကရေစီစနစ် ရင့်ကျက်ခိုင်မာရေးအတွက် အရေးပါသောအခန်းကဏ္ဍတွင်
ပါဝင်နေပြီး အမျိုးသားရေးစည်း၊ အမျိုးသားရေးအကျိုးစီးပွားကို အစဉ်အလာမပျက်ကာကွယ်ပေးသည့်
အမျိုးသားအင်အားစုကြီးတစ်ရပ်အဖြစ် သတ်မှတ်ရမှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်
ကျွန်တော်တို့ ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီရှိ ဝင်ရောက်အရွေးခံမည့် ကိုယ်စားလှယ်လောင်းတွေသာ
ပါဝင်ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံရေးပဋိပက္ခများ အမြန်ဆုံးချုပ်ငြိမ်းပြီး
မိဘပြည်သူများ မိမိတို့၏ နေ့စဉ်လူနေမှုဘဝလုံခြုံမှု ပြန်လည်ရရှိစေရန်နှင့်
အလုပ်အကိုင်အခွင့်အလမ်းများ ပေါကြွယ်ဝစေရန် အလို့ငှာတိုင်းရင်းသားလက်နက်ကိုင်အသီးသီး
မိမိတို့၏ ယုံကြည်ရာဖြင့် လက်နက်စွဲကိုင်နေကြသော အဖွဲ့အစည်းအသီးသီးတို့နှင့် တွေ့ဆုံပြီး
ငြိမ်းချမ်းရေးကတိကဝတ်များပေးကာ ငြိမ်းချမ်းရေးလုပ်ငန်းများကို
စွမ်းစွမ်းတမံဖော်ဆောင်နိုင်သော ကော်မရှင်တစ်ရပ်ဖွဲ့စည်းကာ
လက်နက်ကိုင်အဖွဲ့အစည်းအမျိုးမျိုးနှင့် တပ်မတော်ကြီးတို့အား ချိတ်ဆက်ဆောင်ရွက်ပေးနိုင်သော
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းအကောင်အထည်ဖော်ဖို့ကိုလည်း
တပ်မတော်ကြီးနှင့် ပူးပေါင်းဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်ခင်ဗျာ..
လေးစားအပ်ပါသော
မိဘပြည်သူများခင်ဗျာ ကျွန်တော်တို့ ပါတီ၏ မူဝါဒလမ်းစဉ်အနေဖြင့်…...
ပြည်ထောင်စုဖွားတိုင်းရင်းသားများအားလုံး
လက်နက်ကိုင်ပဋိပက္ခကို ချုပ်ငြိမ်းပြီး ငြိမ်းချမ်းစေပြီး ညီညီညွတ်ညွတ်နှင့်
ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးကို တည်ဆောက်ရန်ဟူသော မူဝါဒကို
လက်ကိုင်ထားရှိသည့် ပါတီအဖြစ်လည်းကောင်း၊
(Ethnic
Centered Approach) ECA ဟူသော တိုင်းရင်းသားအားလုံးကို ဗဟိုပြုပြီး
ဆွေးနွေးညှိနှိုင်းသော မူဝါဒကိုကျင့်သုံးပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော
နိုင်ငံတော်သစ်ကြီးကို တည်ဆောက်ရန်ဟူသော သန္နိဋ္ဌာန် ချထားသော
ပါတီအဖြစ်လည်းကောင်း၊
တိုင်းရင်းသားအားလုံးနှင့်အတူ
လက်တွဲပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ပါတီစုံဒီမိုကရေစီနိုင်ငံတော်သစ်ကြီး တည်ဆောက်ရန်အတွက်
တိုင်ရင်းသားများ၏ လာရောက်ဆက်သွယ်လာမှုအား မစောင့်စားဘဲ ECA နည်းကိုကျင့်သုံးသွားမည့်
ပါတီအဖြစ်လည်းကောင်း မိမိတို့အဖွဲ့အစည်းက လက်နက်ကိုင်တိုင်းရင်းသားများ၊
လက်နက်ကိုင်အဖွဲ့အစည်းများထံသို့ သွားရောက်၍ တွေ့ဆုံဆွေးနွေးအဖြေရှာမှုမျိုးကို
ကျင့်သုံးဆောင်ရွက်သွားမည်ဖြစ်ပါတယ်ခင်ဗျာ...
ဒါ့အပြင်
လက်နက်ကိုင်တိုင်းရင်းသားတို့နှင့် နိုင်ငံတော်၏ ပြည်သူပြည်သားများအတွက်
လုံခြုံရေးနှင့် ကာကွယ်ရေးအတွက် ကျရာနေရာမှာ တာဝန်ထမ်းဆောင်နေသော
မြန်မာ့တပ်မတော်နှင့် ဆွေးနွေးညှိနှိုင်းမှုများကို ပြုလုပ်ပေးနိုင်ရန်နှင့်
ခဲရာခဲဆစ်ဖြင့် တည်ဆောက်ခဲ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီး အောင်မြင်စေရန်
ဆောင်ရွက်ကြမည့် ကျွန်တော်တို့ ညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများကို
လွှတ်တော်အတွင်း ဝင်ရောက်စေဖို့ရာ နိုင်ငံတစ်ဝန်းလုံးရှိ မိဘပြည်သူများ၏
အသည်းကြားက မဲတစ်ပြားနှင့် ပို့ဆောင်ပေးကြပါရန်
တိုက်တွန်းနှိုးဆော်အပ်ပါတယ်ခင်ဗျာ...
လေးစားအပ်ပါသော
မိဘပြည်သူများခင်ဗျာ... ကျွန်တော်တို့ ပါတီအနေဖြင့် ညီညွတ်မှပြည်သာမည်၊ ညီညွတ်မှအေးချမ်းမည်၊
ညီညွတ်မှ တိုးတက်မည်ဖြစ်သော -
ညီညွတ်မှုသည်
ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးရှုထောင့်တရားများအတွက်
အခြေခံကျောက်တုံးပမာသာဖြစ်ပါတယ်... မြန်မာပြည်သူ ပြည်သားများအားလုံး၏ အခွင့်အလမ်းများ၊
ဂုဏ်သိက္ခာနှင့် အနာဂတ်အဆင့်မြင့်မှုတို့ကို ညီမျှစွာတည်ဆောက်သွားရန်လည်း
စိတ်အားထက်သန် ရပါသည်...ခင်ဗျာ
မိမိတို့ပါတီ၏
လမ်းစဉ်အနေဖြင့်
ပထမဆုံးအနေဖြင့်
ညီညွတ်မှပြည်သာမည်ဖြစ်သော - လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှုမရွေး ဆင်တူညီမျှသော အခွင့်အလမ်းများ
ဆောင်ရွက်ပေးနိုင်ခြင်း၊ အမျိုးသားညီညွတ်ရေးကို အခြေခံ၍ အမျိုးသားအပြည်ပြည်ဆိုင်ရာ
မိတ်ဆွေများပေါ်ပေါက်နိုင်ရေး တည်ဆောက်ခြင်း၊
ဒုတိယအနေဖြင့်
ညီညွတ်မှ ဖွံ့ဖြိုးမည်ဖြစ်သော စီးပွားရေးစနစ်တရားများအား မူတည်ပြီး MSME (အသေးစားအလတ်စားလုပ်ငန်းများ)
ကို အားပေးခြင်း၊ အခြေခံပညာ၊ အထက်တန်းပညာနှင့် နည်းပညာ သိပ္ပံပညာစနစ်များကို
တိုးတက်စေရန် အသစ်ပုံစံဖော်ဆောင်ခြင်း၊ စက်မှုလယ်ယာ၊ ကူးသန်းရောင်းဝယ်ရေးနှင့် နည်းပညာသစ်များအထိ
အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခြင်း၊
တတိယအနေဖြင့်
ညီညွတ်မှ အေးချမ်းမည်ဖြစ်သော - စစ်ရေးအဓိက မဟုတ်ဘဲ
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အစည်းအဝေးအား ဆောင်ရွက်ခြင်း၊
ပြည်သူများအားလုံး၏ ဘေးကင်းလုံခြုံမှုကို ဦးစားပေးဆောင်ရွက်ခြင်း၊
ငြိမ်းချမ်းသာယာသော လူမှုဘဝတည်ဆောက်ခြင်း၊
စတုတ္ထအနေဖြင့်
ညီညွတ်မှတိုးတက်မည်ဖြစ်သော - လမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံအဆောက်အဦများ တည်ဆောက်ခြင်း၊
စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့အား ဆောင်ရွက်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများတိုးပွားစေရန်
နိုင်ငံအတွင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖွင့်လှစ်ခြင်း၊
လူငယ်နည်းပညာသိပ္ပံပညာရှင်များအတွက် နိုင်ငံအဆင့်အခွင့်အလမ်းများ ပေးနိုင်အောင်ဆောင်ရွက်ခြင်း၊
ပဉ္စမအနေဖြင့်
ညီညွတ်မှုမှ ရွှေရောင်အနာဂတ်ပန်းတိုင်ဆီသို့ဖြစ်သော တိုးတက်မှု၊ အေးချမ်းမှု၊ညီညွတ်မှုတို့ကို
ပေါင်းစည်းထားသည့် “ရွှေရောင်အနာဂတ်” သို့ ဦးတည်နိုင်ရန်အတွက် ကျွမ်းကျင်ပညာရှင်များ
တိုးပွားပြီး အခွင့်အလမ်းတူညီသည့် လူမှုရေးအဖွဲ့အစည်းများ တည်ဆောက်ခြင်း၊
မြန်မာပြည်ကြီး နိုင်ငံတကာတွင် ဂုဏ်သိက္ခာမြင့်မားစေရန်အတွက်
တတ်သိပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ပါတယ်ခင်ဗျာ...
လေးစားအပ်ပါသော
မိဘပြည်သူများ ခင်ဗျာ... ကျွန်တော်တို့ ပါတီ၏ နိုင်ငံရေးမူဝါဒ လမ်းစဉ်အဖြစ် ……
မိမိတို့ပါတီသည်
မြန်မာနိုင်ငံ၏ သမိုင်းဆိုင်ရာဖြစ်စဉ်များအပေါ် အခြေခံလျက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊
နိုင်ငံလွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ ဒီမိုကရေစီနှင့်
လူ့အခွင့်အရေးဆိုင်ရာလိုလားချက်များအပါအဝင် နိုင်ငံတော်နှင့် နိုင်ငံသားများ၏အကျိုးကို
မှန်ကန်ထိရောက်စွာ သယ်ပိုးဆောင်ရွက်နိုင်ရန် ရွေးကောက်ပွဲများတွင် ဝင်ရောက်ကာ ပြည်သူများ၏
အဆုံးအဖြတ်ကို ခံယူသွားမည်ဖြစ်ပါတယ်...
လွတ်လပ်၍တက်ကြွပြီး
ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးခြင်း၊
ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီးငါးချက်ကို
ဆက်လက် ကျင့်သုံးခြင်း၊
ကုလသမဂ္ဂအဖွဲ့အစည်းများ၊
နိုင်ငံတကာအဖွဲ့အစည်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ခြင်း၊
ဒေသအတွင်းအဖွဲ့အစည်းများတွင်လည်း
တက်ကြွစွာပါဝင်မည်။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့်
ပိုမိုချစ်ကြည်ရင်းနှီးစွာဆောင်ရွက်မည်။ အိမ်နီးချင်းကောင်း ပီသစွာ
နေထိုင်ဆောင်ရွက်ခြင်း၊
နိုင်ငံတကာအလယ်တွင်
မြန်မာနိုင်ငံ၏ ပုံရိပ်ကောင်းမွန်ရေးကို အထူးအလေးထားဆောင်ရွက်ခြင်း၊
နိုင်ငံတော်အချုပ်အခြာအာဏာကို
ထိပါးလာသည့် မည်သည့်ပြည်ပစွက်ဖက်မှုမျိုးကိုမဆို ပြည်သူများနှင့်အတူ
ဆန့်ကျင်ဆောင်ရွက်ခြင်း၊
နိုင်ငံတော်တွင်
အသိပညာရှင်အတတ်ပညာရှင်များအတွက် လွတ်လပ်စွာဖွံ့ဖြိုးတိုးတက်လာစေနိုင်သည့်
အခြေအနေကောင်းများ ဖန်တီးဖြစ်ပေါ်စေရန်ဆောင်ရွက်ခြင်း၊
ပညာရှင်များ၏
ဖန်တီးမှုများနှင့်မူပိုင်ခွင့်များအား ခိုင်မာစွာ အကာအကွယ်ပေးနိုင်ရေးကို
ရပ်တည်ဆောင်ရွက်ခြင်း၊
နိုင်ငံတော်၏
အဖွဲ့အစည်းများ၊ လုပ်ငန်းဌာနများ၊ နယ်ပယ်အသီးသီးတွင် အသိပညာရှင်၊ အတတ်ပညာရှင်များ၏
အရည်အချင်းနှင့် ကျွမ်းကျင်မှုများအလိုက် ထိုက်တန်စွာ တာဝန်ပေးဆောင်ရွက်နိုင်စေမည့်
အခွင့်အလမ်းများကို ဆောင်ရွက်ခြင်း၊
အသိပညာရှင်၊
အတတ်ပညာရှင်များ၏လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
အားပေးကူညီမှုများပြုလုပ်ပေးသွားမည်။ နိုင်ငံတော်နှင့် အသိပညာရှင်၊
အတတ်ပညာရှင်များ၏ အကျိုးစီးပွားအတွက် အဖွဲ့အစည်းများ ထူထောင်နိုင်ရေးကို
ဆောင်ရွက်ခြင်း၊
နိုင်ငံ့ဝန်ထမ်းများ၊
အငြိမ်းစားဝန်ထမ်းများ၊ အခြေခံလူတန်းစားများနှင့် နယ်ပယ်အသီးသီးတွင်ရှိကြသော ပြည်သူများအားလုံးအတွက်
အိမ်ရာတိုက်ခန်းများအား ဈေးနှုန်းချိုသာစွာဖြင့် အရစ်ကျစနစ်ဖြင့်သော်လည်းကောင်း၊ လက်ငင်းဝယ်ယူခြင်းဖြင့်သော်လည်း
ဆောက်လုပ်ရောင်းချနိုင်ရန် တွန်းအားပေးဆောင်ရွက်ခြင်း၊
နိုင်ငံတော်မှ
နိုင်ငံအနှံ့အပြားရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့်
ဝယ်ယူနိုင်ရန် အလို့ငှာ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ အသား/ငါးများကို
ရောင်းချနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါတယ်ခင်ဗျာ...
သို့ဖြစ်ပါ၍
မိမိတို့၏ ညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီသည် နိုင်ငံရေးပါတီအဖြစ် ရပ်တည်ဖို့ရာ
နိုင်ငံရေးသမားများနှင့်ဖွဲ့စည်းတည် ထောင်ခဲ့ခြင်းမဟုတ်ဘဲ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၊
လူမှုရေးပရဟိတအသင်းအဖွဲ့များစုပေါင်း၍ လူထုကြားမှပေါ်ထွန်းလာသော နိုင်ငံရေးပါတီဖြစ်ပါသောကြောင့်
မိဘပြည်သူများ၏ အသည်းကြားက မဲတစ်ပြားသည် အနာဂတ်မြန်မာနိုင်ငံတော်ကြီးအတွက် မြေဩဇာကောင်းသဖွယ်သာ
ဖြစ်ပါကြောင်းနှင့်
ညီညွတ်မှသာ
အောင်မြင်မည်
ညီညွတ်မှသာ
ဖွံ့ဖြိုးမည်
ညီညွတ်မှသာ
အေးချမ်းမည်
ညီညွတ်မှသာ
တိုးတက်မည်ဟု ပြောကြားရင်း မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ရဟန်းရှင်လူ
ကျေးဇူးရှင်မိဘပြည်သူများအားလုံး စိတ္တသုခ၊ ကာယသုခနှစ်ဖြာနှင့် ပြည့်စုံကြပြီး စီးပွားလာဘ်လာဘများ
ပွင့်လန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းမေတ္တာပို့သရင်း
နိဂုံးချုပ်အပ်ပါတယ်ခင်ဗျာ...


No comments:
Post a Comment