ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူဘာသာ သာသနာများနှင့် နတ်ကိုးကွယ်မှုတို့ကို နိုင်ငံတော်တွင်ရှိနေကြသော ကိုးကွယ်ရာဘာသာများဟူ၍ အသိအမှတ်ပြုထားပြီး နိုင်ငံတော်က အသိအမှတ်ပြုထားသော ဘာသာ၊ သာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်ဟုလည်း အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။ အဆိုပါ ပြဋ္ဌာန်းချက်များအရ ဘာသာရေးအကြောင်းပြချက်တစ်ခုခုဖြင့် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးတို့ကို ထိပါး၍မရသလို တည်ဆဲဥပဒေများကို ဆန့်ကျင်ကျော်လွန်၍မရ ကြောင်းကိုလည်း မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးက နားလည်ကြသည်။
ပြည်တွင်း၌ ဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်သူအများစုနှင့် ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူဘာသာ ကိုးကွယ်ယုံကြည်သူ လူနည်းစုများ အတူယှဉ်တွဲနေထိုင်မှုမှာ ရာစုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ မတူကွဲပြားသည့် ယုံကြည်ကိုးကွယ်သူများအကြား ကြီးမားသည့် ပဋိပက္ခဟူ၍ ရှေးမြန်မာဘုရင်များလက်ထက်က မရှိခဲ့။ ကိုလိုနီနိုင်ငံဘဝသို့ကျရောက်ခဲ့ရချိန်တွင်မူ နယ်ချဲ့အစိုးရ၏ ပယောဂမကင်းဟု ယုံကြည်ကြသော ဘာသာရေးပဋိပက္ခဖြစ်ခဲ့ဖူး သည်။ နောက်ပိုင်းတွင်လည်း ပြည်တွင်းတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေလိုသည့်သဘောဖြင့် အဖျက်အမှောင့်သမားများ လှုံ့ဆော်ပြုလုပ်ကြသည့် လူမျိုးရေး၊ ဘာသာရေးဆန်ဆန် အဓိကရုဏ်း အချို့ရှိခဲ့သည်။
သို့ရာတွင် မြန်မာနိုင်ငံဖွား မြန်မာနိုင်ငံသားတို့မှာမူမည်သည့် ဘာသာတရားကို ယုံကြည်ကိုးကွယ်သည်ဖြစ်စေ အရေးကြုံသည့် အခါမြန်မာ့စိတ်ရင်းကိုပြသ၍ အပြန်အလှန်စာနာထောက်ထားမှု၊ ဖေးမကူညီမှုတို့ပြုကြပြီး စည်းလုံးညီညွတ်ကြသည်ကို မတ်လ ၂၈ ရက်ကလှုပ်ခဲ့သည့် မန္တလေးငလျင်ကြီးအပြီးတွင် ထင်ရှားစွာတွေ့မြင်ကြရသည်။ မည်သူကမှ တိုက်တွန်းနှိုးဆော်ခြင်းမပြုဘဲ မေတ္တာ၊ ကရုဏာအပြည့်ဖြင့် အပြန်အလှန်စောင့်ရှောက်ကူညီခဲ့ကြ ခြင်းဖြစ်သည်ကို မည်သူမျှငြင်းနိုင်ကြမည်မဟုတ်။ ဤသည်မှာ မြန်မာ့မြေပေါ်မှ ဘာသာရေးအခြေအနေဖြစ်သည်။
သို့ရာတွင် မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း ပေါ်ပေါက်လာသည့် အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူတို့က ဘုရား၊ စေတီ၊ ဘုန်းတော်ကြီးကျောင်းများအပါအဝင် ဘာသာရေးအဆောက် အအုံများ၊ စာသင်ကျောင်းများ၊ လူနေအိမ်များတွင် ရည်ရွယ်ချက် ရှိရှိ ဝင်ရောက်နေရာယူ၊ ခံစစ်ဆင်၊ တိုက်ပွဲဖော်ကြသည်။ အဆိုပါ သာသနိက အဆောက်အအုံများ ထိခိုက်ပျက်စီးခြင်း၊ ၎င်းတို့အကာ အကွယ်ယူခဲ့သည့် အရပ်သားများ သေကျေဒဏ်ရာရခြင်းတို့ကို တပ်မတော်အပေါ် အပြစ်ပုံချပြီး ပြည်ပြေးမီဒီယာများမှတစ်ဆင့် ဝါဒဖြန့်ခြင်းတို့ ပြုလုပ်ကြသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၄ ရက်တွင် Christian Solidarity World- wide (CSW) ခေါ် ခရစ်ယာန်ဘာသာရေးအဖွဲ့မှဥက္ကဋ္ဌ မစ္စတာ မာဗင်သောမတ်စ်ဆိုသူက နိုင်ငံတော်အစိုးရနှင့် မြန်မာ့တပ်မတော် အပေါ် အခြေအမြစ်မရှိ စွပ်စွဲမှုကို အကြမ်းဖက်အဖျက်သမားတို့၏ လေသံနှင့် တစ်ထပ်တည်းပြုလုပ်ခဲ့သည်။ မြန်မာ့တပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက်ခြင်းကြောင့် ဘုရားကျောင်း ၂၂၀ ကျော် ပျက်စီးပြီး ခရစ်ယာန်ဘုန်းတော်ကြီး ၈၀ ကျော် သေကျေပျက်စီးကြောင်း စွပ်စွဲပုတ်ခတ်မှုကို တရားလက်လွတ်ပြောကြားခဲ့ခြင်းဖြစ်ရာ အကြမ်းဖက်အဖျက်သမားအုပ်စုများနှင့် တစ်စုံတစ်ရာ ပတ်သက်မှု ရှိနေဟန်ပင်ဖြစ်သည်။
CSW ၏ ဥက္ကဋ္ဌဆိုသူ မစ္စတာမာဗင်သောမတ်စ်အနေဖြင့် လတ်တလော မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ၊ အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များ၏ ပကတိ အခြေအနေနှင့် အကြမ်းဖက်သမားများ လက်ချက်ကြောင့် အသက်ဆုံးရှုံးရသည့် ဗုဒ္ဓဘာသာသံဃာတော်များ၊ သီလရှင်များ၊ အပြစ်မဲ့အရပ်သူ အရပ်သားများ၊ ကျောင်းဆရာ ဆရာမများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် စပ်လျဉ်း၍ အမှန်အတိုင်း သိနားလည်ပုံမရ။ အကြမ်းဖက် သမားများကပေးသည့် အချက်အလက်များ၊ အနောက်အုပ်စုမီဒီယာ များနှင့် ပြည်ပြေးမီဒီယာတို့၏ သတင်းတု၊ သတင်းမှားများက CSW ဥက္ကဋ္ဌကို သတင်းအဆိပ်သင့်စေခဲ့သည့်အလျောက် ၎င်း၏ပြောဆို မှုများမှာလည်း အမှန်တရားနှင့်ဝေးကွာနေပြီး အနက်အဓိပ္ပာယ် ကင်းမဲ့ခဲ့ပါကြောင်း။ ။

No comments:
Post a Comment