Friday, November 28, 2025

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု) မှ နယ်လှည့်ဆေးကုသရေးအဖွဲ့ မြောင်းမြမြို့နယ် စကားမြားကျေးရွာတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေး




နေပြည်တော် နိုဝင်ဘာ ၂၇

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု) တို့ဖြင့် ရောက်ရှိနေသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကု ဆေးအဖွဲ့သည် မွန်းလွဲပိုင်းတွင် မြောင်းမြမြို့နယ် စကားမြားကျေးရွာသို့ရောက်ရှိရာဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူများက သောင်းသောင်းဖြဖြ ကြိုဆို နှုတ်ဆက်ကြသည်။


အဆိုပါ နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ယနေ့တွင် မြောင်းမြမြို့နယ် စကားမြားကျေးရွာရှိ မဟာရုံကျောင်းတိုက်၌ အခြေပြု၍ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ  ၂၀၁ ဦး၊ ခွဲစိတ်ရောဂါ ၂၃ ဦး၊ သားဖွား/မီးယပ်ရောဂါ ၃၀၊ ကလေးရောဂါ ၂၇ ဦး၊ အရိုးရောဂါ ၃၅ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၂၉ ဦး၊ မျက်စိရောဂါ ၃၆ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၃၁ ဦး စုစု ပေါင်း ဒေသခံပြည်သူ ၄၁၂ ဦး တို့ကို လိုအပ်သည့်ဆေးဝါးကုသမှု များ ဆောင်ရွက်ပေးသည်။ ၎င်းတို့ အနက် အထွေထွေခွဲစိတ်လူနာ သုံးဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၁ ဦး၊ Ultrasound စက်ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၃၀ ၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာကိုးဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄၉ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးနေမှုများအပေါ် ဒေသခံ ပြည်သူများ၏ စကားသံများကို ယခုလိုပဲ ကြားသိခဲ့ရပါသည်-

၁။ အမျိုးသား

အထက် ကွမ်းခြံကျေးရွာကနေ လာရောက်ပြီးတော့ ဆေးကုသမှုခံယူတာပါ။ ကျွန်တော်ကတော့ အထွေထွေလာပြတာပါ။ အသက်က ၆၀ ကျော်ဆိုတော့ မောတာတို့၊ ဘာတို့အဲလိုမျိုးပေါ့။ လာပြီးကုသပေးတဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ်။ သောက်ဆေးတွေပေးတယ်။ နောက်ပြီး လိုအပ်တဲ့ဆေးတွေကို ဘယ်နှစ်လစွဲသောက်ရမယ်၊ အတိအကျ လုပ်ပေးပါတယ်။ နယ်လှည့်ဆေးကုသရေးအဖွဲ့မှာ ပါရဂူတွေကအစ အကုန်လုံး အပြည့်အစုံပါပါတယ်။ အဲဒီအတွက်လည်း လာရောက်ကုသ တဲ့သူတွေကနေပြီးတော့ အထူးပဲ အားထားတယ်။ ဘာလို့လဲဆိုတော့ ဟိုကျန်ခဲ့တဲ့ တစ်နှစ်ကျော်ကလည်း ကျွန်တော်တစ်ခါ ပြဖူးတယ်။ အရိုးအကြောဆရာဝန်ကြီးက ပါရဂူကြီးက ကုပေးလိုက်တာ ချက်ချင်းပျောက်သွားတယ်။ ကျွန်တော်အားကိုးတယ်။ အားထားတယ်။ ဒါကြောင့်မို့လို့ ဒီနှစ်လည်း ဆက်လာပြတာ။ အခုလို လာရောက်ပြီးတော့ ကုသပေးတဲ့အဖွဲ့သားအားလုံး၊ အရာရှိ၊ အရာခံအားလုံးကိုလည်း အထူးပဲကျွန်တော့်အနေနဲ့ ပြည်သူများရဲ့ ကိုယ်စားကျေးဇူးတင်ရှိပါတယ်။

၂။ အမျိုးသမီး

အ.ထ.က စကားမြားကပါ။ ကျွန်မကတော့ မျက်စိရောဂါကို လာပြီးတော့ပြတာဖြစ်ပါတယ်။ မျက်စိထဲမှာ အစက်အပြောက် ကလေးတွေ့လို့ လာပြီးတော့ ပြတာပါ။ ဆေးတွေပေးလိုက်တယ်။ မျက်မှန်တွေပေးလိုက်တယ်။ နီးနီးနားနားနဲ့ ကျေးရွာဘေးနားမှာရှိတဲ့ ရွာသူရွာသား အားလုံးအတွက်လည်း ကောင်းပါ တယ်။ ကျန်းမာရေးကုသမှု တွေခံရတဲ့အတွက် ပိုပြီးတော့ ကောင်းမွန်ပါတယ်။ တကူးတက သွားရမယ့်နေရာကို မသွားရဘဲနဲ့ အိမ်တိုင်ရာရောက်ပဲ၊ တချို့ကျ တော့ မသွားနိုင်ဘူး။ အဲလိုမျိုး ရောဂါတွေ တအားပြင်းထန်တဲ့ သူတွေကျ မသွားနိုင်ဘူး။ အရိုးအကြောပေါ့။ အဲလိုမျိုးတွေကျတော့ မသွားနိုင်တဲ့အတွက် သူတို့ကလာပြီးတော့ ကုသပေးလို့ပိုပြီးတော့ ကောင်းမွန်ပါတယ်။ ကျွန်မတို့ရွာကို အခုလိုလာရောက်ပြီးတော့ ကုသပေးတဲ့အတွက် အားလုံးရဲ့ကိုယ်စား ကျေးဇူးတင်ပါတယ်။

သတင်းစဉ်

No comments:

Post a Comment