နေပြည်တော် နိုဝင်ဘာ ၃၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (၃၄) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားကဇတ်ရုံ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အဆိုပါအခမ်းအနားသို့
ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှူဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊
ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့်
တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊
ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ကုန်သည်များနှင့်
စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူများ၊
အမှုဆောင်အဖွဲ့ဝင်များ၊ ညီနောင်အသင်းအဖွဲ့များ၊ နိုင်ငံတကာသံတမန်များ၊
မိတ်ဖက်အဖွဲ့အစည်းများ၊ အသင်းသူအသင်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက
အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် ကုန်သည်စက်မှုအသင်းချုပ်၏ (၃၄) ကြိမ်မြောက်
နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးတွင် အသင်းသားများနှင့်
စုံလင်စွာတွေ့ဆုံခွင့်ရသည့်အတွက် ဝမ်းမြောက်ပါကြောင်းနှင့် ပုဂ္ဂလိကကဏ္ဍစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို
အသင်းချုပ်အနေဖြင့် အစဉ်တစိုက် ဦးတည်ဆောင်ရွက်ခဲ့သည့်အတွက်လည်း
အသိအမှတ်ပြုဂုဏ်ယူသည်ကို ပြောကြားလိုကြောင်း။
ကုန်သည်စက်မှုအသင်းချုပ်ကို
၁၉၁၉ ခုနှစ်တွင် တိုင်းရင်းသားမျိုးချစ်ကုန်သည်ကြီးများက “စီးပွားရေးခိုင်ခံ့မှ
အမျိုးသားရေးတည်တံ့ခိုင်မြဲနိုင်မည်” ဆိုသည့် ခံယူချက်ဖြင့် “ဗမာကုန်သည်အသင်း (Burmese Chamber of Commerce)” အဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး၊ ၁၉၉၉ ခုနှစ်တွင် ကဏ္ဍအသီးသီးကို
ကိုယ်စားပြုသည့် ညီနောင်အသင်းများ ပါဝင်စုဖွဲ့မှုဖြင့် “ပြည်ထောင်စုမြန်မာနိုင်ငံ
ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်” အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်ကို
သိရကြောင်း၊ နှစ်ပေါင်း (၁၀၀) ကျော် သက်တမ်းရှိ အဖွဲ့အစည်းဖြစ်သည့်အပြင်
နိုင်ငံတော်အစိုးရ အဆက်ဆက်က အဓိကမိတ်ဖက်အဖွဲ့အစည်းအဖြစ်
အသိအမှတ်ပြုထားခြင်းခံရသည့် ပုဂ္ဂလိကကဏ္ဍကိုယ်စားပြု အမျိုးသားအဆင့်အဖွဲ့အစည်းကြီး
(National Apex Organization) လည်းဖြစ်ကြောင်း။
အမျိုးသားကာကွယ်ရေးနှင့်
လုံခြုံရေးကောင်စီ၏ ဦးတည်ချက် (၄) ရပ်တွင် “နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌
စိုက်ပျိုးရေးကဏ္ဍအခြေခံအုတ်မြစ်ဖြစ်သည့် စဉ်ဆက်မပြတ်တိုးတက်၍
စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်စက်မှုကဏ္ဍ (Agro-Based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည်
ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေး” ဆိုသည့် ဦးတည်ချက်ကို
အကောင်အထည်ဖော်ဆောင်ရွက်သည့် အခါတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်အတူ
ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ ကြိုးပမ်းအားထုတ်မှုသည် အရေးကြီးသကဲ့သို့
ကုန်သည်စက်မှုအသင်းချုပ်အပါအဝင် ညီနောင်အသင်းများ၏
ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည်လည်း အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊
အထူးသဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ပို့ကုန်တိုးမြှင့်ရေးတွင်
အသင်းအဖွဲ့များအနေဖြင့်လည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိနေသည်ကိုလည်း
တွေ့မြင်ရကြောင်း။
နိုင်ငံ့စီးပွားမြှင့်တင်ရေးတွင်
ကုန်သွယ်မှုသာမက ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေးသည်လည်း အရေးပါသည့်အတွက်
နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပြည်ပသွင်းကုန်အစားထိုးနိုင်ရေး
ပြည်တွင်းကုန်ထုတ်လုပ်မှုများ မြှင်တင်နိုင်ရေးကို အားပေးဆောင်ရွက်လျက်ရှိနေကြောင်း၊
ကုန်သည်စက်မှုအသင်းချုပ်ဖြစ်သည့် အားလျော်စွာ ကုန်သွယ်မှုကဏ္ဍကို ကိုယ်စားပြုသည့်
လုပ်ငန်းရှင်များသာမက စက်မှုကုန်ထုတ်လုပ်ငန်းရှင်များနှင့်ပါ ပူးပေါင်းပါဝင်ဖွဲ့စည်းထားခြင်းဖြစ်သဖြင့်
ကုန်ထုတ်လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုအားစိုက်ဆောင်ရွက်ရန်လည်း
မှာကြားလိုကြောင်း။
နိုင်ငံတကာ
စီးပွားရေးနယ်ပယ်တွင် မိတ်သစ်ဆွေသစ်ကုန်သွယ်ဖက်များ ရရှိအောင်ကြိုးပမ်းဆောင်ရွက်ခဲ့သည့်အသင်းကြီး၏
လုပ်ဆောင်မှုများသည် နိုင်ငံ့စီးပွားတိုးတက်ရေး၊ ပုဂ္ဂလိကကဏ္ဍ
ရှင်သန်ဖွံ့ဖြိုးရေးအတွက် အရေးပါသကဲ့သို့၊ နိုင်ငံတကာဈေးကွက်တွင်
ယှဉ်ပြိုင်နိုင်မည့် စီးပွားရေးလုပ်ငန်းရှင်များ ပေါ်ထွန်းလာစေပြီး
ပုဂ္ဂလိကကဏ္ဍတစ်ရပ်လုံးကို ကမ္ဘာ့အဆင့်မီမြှင့်တင်ပေးရန်အထောက်အကူပြုခဲ့သည်ကို
တွေ့မြင်ရကြောင်း၊ မြန်မာနိုင်ငံနှင့် ပတ်သက်နေသည့် ပထဝီစီးပွားရေးအခွင့်အလမ်းများအပေါ်
နိုင်ငံအသီးသီးက စိတ်ဝင်စားလာသည့် ယခုအချိန်တွင် အသင်းချုပ်ကြီးသည်
နိုင်ငံတကာမှမိတ်ဖက်အသင်းများ၊ ဒေသတွင်း အသင်းအဖွဲ့များနှင့် ရင်ဘောင်တန်းဆောင်ရွက်ထားနိုင်ရေးကိုလည်း
ကြိုးပမ်းသွားကြရမည်ဖြစ်ကြောင်း။
နိုင်ငံတော်အနေဖြင့်
စီးပွားရေးဆိုင်ရာမူဝါဒများကို ချမှတ်ဆောင်ရွက်ရာတွင်
လက်ရှိဖြစ်ပေါ်ပြောင်းလဲနေသည့် အခြေအနေများပေါ်မူတည်ပြီး လိုက်လျောညီထွေဖြစ်မည့်
မူဝါဒများ၊ လမ်းညွှန်မှုများကို လေ့လာသုံးသပ်ပြီးမှ အကောင်အထည်ဖော်လျက်ရှိကြောင်း၊
ချမှတ်ထားသည့် မူဝါဒလုပ်ငန်းစဉ်များကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သည့်နေရာတွင်
ပုဂ္ဂလိကအခန်းကဏ္ဍ၏ နားလည်သဘောပေါက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုသည်
အရေးကြီးသည့် အခန်းကဏ္ဍမှရှိနေကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့်
ချမှတ်ထားသည့် မူဝါဒလုပ်ငန်းစဉ်များကို မြေပြင်တွင်လက်တွေ့ အကောင်အထည်ဖော်လုပ်ကိုင်သည့်အခါ
ကြုံတွေ့ရသည့်စိန်ခေါ်မှု၊ အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန်
နိုင်ငံတော်အစိုးရအနေဖြင့် အမြဲအသင့်ရှိကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များဖက်မှလည်း
အခက်အခဲများ၊ မူဝါဒဆိုင်ရာအကြံပြုတင်ပြချက်များကို သက်ဆိုင်ရာကဏ္ဍအလိုက်
အများကိုကိုယ်စားပြုပြီး အရှိအတိုင်းတင်ပြခြင်းဖြင့် နိုင်ငံတော်ဖက်မှ လိုအပ်သည့်
ပြုပြင်ပြောင်းလဲမှုများကို ညှိနှိုင်းဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်း။
နိုင်ငံတော်အနေဖြင့်
တိုင်းပြည်သာယာဝပြောရေးနှင့် ပြည်တွင်းစားရေရိက္ခာဖူလုံရေး၊ MSMEs လုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေးအားပေးမြှင့်တင်ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)
အခန်း (၁)၊ ပုဒ်မ ၃၅ ပါ “နိုင်ငံတော်၏ စီးပွားရေးစနစ်သည်
ဈေးကွက်စီးပွားရေးစနစ်ဖြစ်သည်”ဆိုသည့် ပြဋ္ဌာန်းချက်နှင့်အညီ အစိုးရနှင့် ပုဂ္ဂလိက
ပူးပေါင်းဆောင်ရွက်မှုများနှင့် ဈေးကွက်ဖွံ့ဖြိုးရေး၊ ဈေးကွက်သစ်များ ရရှိရေးနှင့်
ဈေးကွက်ချဲ့ထွင်ရေးတို့ကို တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့်
အနာဂတ်စီးပွားရေးဝန်းကျင်တွင် ပုဂ္ဂလိကအခန်းကဏ္ဍသည် ပိုမိုများပြားအရေးပါလာမည်
ဖြစ်သည့်အတွက် နိုင်ငံ၏ အခြေခံအချက်အလက်များအပေါ်မူတည်ပြီး နိုင်ငံ့စီးပွားရေးကို
မည်သို့မည်ပုံဆောင်ရွက်သင့်သည်၊ မတူညီသည့် ဒေသအခြေအနေများအပေါ်မူတည်ပြီး
ဒေသအလိုက်စီးပွားရေးကို မည်သို့ဆောင်ရွက်သင့်သည်စသည်များကို ဆွေးနွေးအဖြေရှာ
ဖော်ထုတ်ပေးကြရန်ကိုလည်း မြန်မာနိုင်ငံ “စီးပွားရေးပညာနှစ် (၁၀၀)”
ရာပြည့်အထိမ်းအမှတ် အခမ်းအနားတွင် တိုက်တွန်းပြောကြားခဲ့သကဲ့သို့ အလေးထားဖော်ထုတ်သွားရန်လည်း
မှာကြားလိုကြောင်း။
ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ၏
အကျိုးကိုကိုယ်စားပြုသည့် အစိုးရမဟုတ်အမျိုးသားအဆင့် ဦးဆောင်အဖွဲ့အစည်းကြီး
ဖြစ်သည့်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်အနေဖြင့်
နိုင်ငံတော်၏ ရှေ့ဆက်သွားမည့် မူဝါဒပိုင်းဆိုင်ရာများ၊ လုပ်ငန်းစဉ်များ၊
အကြံဉာဏ်များ၊ နည်းပညာများ၊ ကြုံတွေ့နေရသော အခက်အခဲများ၊
ဦးစားပေးဆောင်ရွက်နိုင်ရန် ကိစ္စရပ်များနှင့်ပတ်သက်ပြီး သက်ဆိုင်ရာကဏ္ဍအလိုက်
နယ်ပယ်အလိုက် ပုဂ္ဂလိကကဏ္ဍကိုယ်စားပြုပြီး တက်ကြွစွာပူးပေါင်းပါဝင်
ဆောင်ရွက်ပေးရန်လိုကြောင်း၊ နိုင်ငံတော်ကဖွဲ့စည်းထားသည့် ကော်မရှင်များ၊
ကော်မတီများသည်လည်း အသင်းချုပ်မှ အမှုဆောင်များ ထည့်သွင်းပါဝင်ဖွဲ့စည်းပေးထားသည့်အားလျော်စွာ
ပုဂ္ဂလိကကဏ္ဍ လုပ်ငန်းရှင်များ၏ ကောင်းမွန်သည့် အကြံပြုချက်များ၊
တင်ပြချက်များဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက်
ဆောင်ရွက်သွားကြရန်တိုက်တွန်းပြောကြားလိုကြောင်း၊ ကဏ္ဍအသီးသီး၊ နယ်ပယ်အသီးသီးကို
ကိုယ်စားပြုသည့် ညီနောင်အသင်းအဖွဲ့များအနေဖြင့်လည်း ကုန်သည်စက်မှုအသင်းချုပ်၏
ဦးဆောင်မှုအောက်တွင် စုစုစည်းစည်း ညီညီညွတ်ညွတ်ဖြင့် လက်တွဲဆောင်ရွက်ပေးကြရန်
ပြောကြားလိုကြောင်း။
အစိုးရနှင့်
ပုဂ္ဂလိကကဏ္ဍသည် တစ်ခုနှင့်တစ်ခု အပြန်အလှန်အမှီသဟဲပြုပြီး နိုင်ငံတော်၏
အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် လက်တွဲအကောင်အထည်ဖော် ဆောင်ရွက်နေကြသူများဖြစ်ကြောင်း၊
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ပုဂ္ဂလိကကဏ္ဍသည်
အဓိကမောင်းနှင်အားတစ်ရပ်အနေဖြင့်ပါဝင်နေကြောင်း၊
လက်ရှိအစိုးရနှင့်ပုဂ္ဂလိကကဏ္ဍအကြား
ပေါင်းကူးပေးနေသည့် ဆွေးနွေးမှုပုံစံများမှ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့်
ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများတွင် သိသာမြင်သာရှိသည့် ရလဒ်များ ပေါ်ထွက်သည်အထိ
လုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် အစိုးရနှင့်
ပုဂ္ဂလိကအကြားတွင် သဟဇာတပိုမိုဖြစ်ထွန်းလာနိုင်မည်ဖြစ်ကြောင်း။
ယနေ့ကုန်သည်စက်မှုအသင်းချုပ်ကကျင်းပသည့်
(၃၄) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးတွင် နိုင်ငံတော်အစိုးရ၊
နိုင်ငံတကာသံရုံးများနှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများမှ
တာဝန်ရှိပုဂ္ဂိုလ်များ စုံညီစွာတက်ရောက်လာကြသည်ကို တွေ့ရှိရခြင်းသည်လည်း
မြန်မာ့ပုဂ္ဂလိကကဏ္ဍ၏ ခိုင်မာမှုနှင့် ယုံကြည်မှုတို့ကို ထင်ဟပ်စေကြောင်း၊
မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး အားလုံးပါဝင်နိုင်သည့်
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဖြစ်စေရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင်
ပြည်တွင်းစီးပွားရေးကဏ္ဍများ ပိုမိုသန်မာလာစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး၊
နည်းပညာအသစ်များနှင့် နိုင်ငံတကာစီးပွားရေးအလေ့အကျင့်ကောင်းများကို
လက်ဆင့်ကမ်းသင်ယူနိုင်ရေးတို့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည်
မရှိမဖြစ်အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ မြန်မာနိုင်ငံတွင်
အပြန်အလှန်အကျိုးရှိမည့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်တစ်ရပ်ဖော်ဆောင်ရာတွင်
နိုင်ငံတကာမှ မိတ်ဆွေများ၊ မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် ဆက်လက်အရှိန်အဟုန်မြှင့်တင်ပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဟု
ယုံကြည်ကြောင်း။
ယနေ့ကျင်းပသည့်
ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၏ (၃၄) ကြိမ်မြောက်
နှစ်ပတ်လည်မှသည် ရွှေရတု၊ စိန်ရတု၊ နှစ်ပေါင်းများစွာတိုင်
နိုင်ငံ့စီးပွားတိုးတက်ရေးနှင့် တိုင်းပြည်သာယာဝပြောရေးတို့အတွက် နိုင်ငံတော်နှင့်
လက်တွဲပြီး ဆက်လက်ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်၊ ပုဂ္ဂလိကကဏ္ဍတောင့်တင်းခိုင်မာဖွံ့ဖြိုးပြီး
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို ဆတက်ထမ်းပိုးအထောက်အကူပြုဆောင်ရွက်သွားကြရန်
တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်ပြီး
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက
ဖြည့်စွက်ပြောကြားရာတွင် နိုင်ငံတစ်ခု၏ ချမ်းသာကြွယ်ဝမှုကို GDP ဖြင့်တိုင်းတာကြကြောင်း၊
GDP ကို လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍနှင့်
ဝန်ဆောင်မှုကဏ္ဍများဖြင့် တိုင်းတာခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ GDP မှာအား နည်းနေသေးကြောင်း၊ မိမိတို့နိုင်ငံတွင် လယ်ယာကဏ္ဍသည်အဓိကကျပြီး
လယ်ယာကဏ္ဍမှတစ်ဆင့် စက်မှုလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများလည်းတိုးတက်လာမည်ဖြစ်ကြောင်း၊
မိမိတို့နိုင်ငံလူဦးရေ၏ ၅၀ ရာခိုင်နှုန်းခန့်သည် လယ်ယာကဏ္ဍဖြင့် အသက်မွေးဝမ်းကြောင်း
ပြုကြသူများဖြစ်သဖြင့် လယ်ယာကဏ္ဍကို မြှင့်တင်ပေးခြင်းဖြင့်
အခြားစီးပွားရေးကဏ္ဍများကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း။
ကုန်သွယ်ရေးနှင့်ပတ်သက်၍
ထုတ်ကုန်ပစ္စည်းများ၊ မြေပေါ်မြေအောက်သယံဇာတပစ္စည်းများ၊ အထည်ချုပ်ဆိုင်ရာ
ထုတ်ကုန်များရှိကြောင်း၊ သယံဇာတပစ္စည်းများ ထုတ်ယူသုံးစွဲရာတွင်လည်း
ပြန်လည်ဖြည့်တင်းနိုင်သည့် သယံဇာတများဖြစ်သော သစ်နှင့်ဝါးထုတ်လုပ်ရေးလုပ်ငန်းများ၊
ရေထွက်ကုန်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများကို အဓိကထားဆောင်ရွက်သွားရန်လိုကြောင်း၊
ထုတ်ကုန်ပစ္စည်းများရှိမှသာ ပို့ကုန်ပစ္စည်းများရရှိမည်ဖြစ်ကြောင်း၊
နိုင်ငံတော်အနေဖြင့် ချမှတ်ထားသည့် ဆောင်ပုဒ် ၃ ခုတွင် နိုင်ငံတော်ရွှေသီးဖို့
ကုန်ထုတ်လုပ်မှုအားပေးစို့” ဟုပါဝင်ကြောင်း၊ ထို့ကြောင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက်
ကုန်ထုတ်လုပ်မှုများ မြှင့်တင်ဆောင်ရွက်သွားကြရန်လိုကြောင်း။
မိမိတို့နိုင်ငံတွင်
လယ်ယာစိုက်ပျိုးရေးကုန်ထုတ်လုပ်မှုနှင့် ပတ်သက်၍ အားနည်းနေသေးကြောင်း၊
ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီအောင် စိုက်ပျိုးနိုင်မည်ဆိုပါက တစ်နှစ်လျှင်
အမေရိကန်ဒေါ်လာ ၈ ဘီလီယံပိုမိုရရှိနိုင်မည်ဖြစ်ပြီး သီးထပ်များပါ
စိုက်ပျိုးနိုင်မည်ဆိုပါက အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံခန့် ပိုမိုရရှိမည်ဖြစ်ကြောင်း၊
မိမိတို့အနေဖြင့် ကုန်ထုတ်လုပ်မှုများ တိုးမြှင့်ဆောင်ရွက်ပြီး
ပြည်ပသို့တင်ပို့နိုင်မည်ဆိုပါက နိုင်ငံအတွက်
နိုင်ငံခြားများလုံလောက်စွာရရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကုန်ထုတ်လုပ်မှုများ
တိုးတက်လာစေရေးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း။
အထည်ချုပ်လုပ်ငန်းများနှင့်
ပတ်သက်၍လည်း ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊
မိမိတို့နိုင်ငံလူဦးရေ၏ ၄၆ ရာခိုင်နှုန်းသည် ဆင်းရဲမွဲတေမှုစာရင်းတွင်ပါဝင်သည်ကို
ကုလသမဂ္ဂ၏ အစီအရင်ခံစာအရသိရှိရကြောင်း၊ အဓိကအားဖြင့် ကျေးလက်နေပြည်သူများ၏
စီးပွားရေးကို တွက်ချက်ထားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ကျေးလက်နေပြည်သူများ၏
စီးပွားရေးတိုးတက်ရေးလယ်ယာထွက်ကုန်များ
ပိုမိုတိုးတက်ထွက်ရှိအောင်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထိုသို့
ဆောင်ရွက်နိုင်ခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ စီးပွားရေးကောင်းမွန်လာပြီး
လူနေမှုအဆင့်အတန်းများ မြင့်မားကာ ဝယ်လိုအားနှင့် ရောင်းလိုအားများ ကောင်းမွန်လာမည်ဖြစ်ကြောင်း၊
စက်မှုလက်မှုလုပ်ငန်းရှင်များအနေဖြင့် ကျေးလက်ဒေသစီးပွားရေးမြင့်မားလာစေရေးနှင့် လူနေမှုဘဝများမြင့်မားလာစေရေး
ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုကြောင်း။
ကုန်သွယ်မှုအခွန်နှင့်
ပတ်သက်၍ အချို့နေရာများတွင် အားနည်းချက်များရှိသည် ကိုတွေ့ရှိရကြောင်း၊
မိမိတို့အနေဖြင့် ကုန်သွယ်ခွန်နှင့်ပတ်သက်၍ အကောင်းဆုံးဖြစ်အောင်
ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံခြားငွေနှင့်ပတ်သက်၍ မိမိတို့စတင်တာဝန်ယူချိန်မှစတင်၍
စနစ်တကျဆောင်ရွက်ခဲ့ကြောင်း၊ အခွန်ငွေနှင့်ပတ်သက်၍ မကြာမီကာလအတွင်း
လျှော့ချဆောင်ရွက်သွားရန်ရှိကြောင်း၊ နိုင်ငံ့စီးပွားရေးနှင့် ပတ်သက်၍
အကောင်းဆုံးဖြစ်အောင် မိမိတို့အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ဖက်မှလည်း
ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းအနေဖြင့် မှန်မှန်ကန်ကန်ဖြင့်
လုပ်ငန်းများ ဆောင်ရွက်ကြစေလိုကြောင်း။
စိုက်ပျိုးရေးနှင့်
မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်မှုရှိစေရေး၊ တစ်ဧကချင်း
အထွက်နှုန်းများတိုးတက်စေရေး၊ တန်ဖိုးကောင်းသည့် ကောက်ပဲသီးနှံများစိုက်ပျိုးနိုင်ရေး
ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပေါ်ဆန်းမွှေးစပါးနှင့် ကော်ဖီသည်လည်း ပြည်ပဈေးကွက်ရှိပြီးဖြစ်ကြောင်း၊
ပြည်ပဈေးကွက်ရရှိနိုင်သည့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊
ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်သည် တစ်နိုင်ငံလုံးကို
ကိုယ်စားပြုပြီး နိုင်ငံ၏စီးပွားရေဖွံ့ဖြိုးတိုးတက်အောင်
ဆောင်ရွက်နိုင်ကြသူများဖြစ်ကြောင်း၊ ထို့ကြောင့် ကုန်ထုတ်လုပ်မှုများ တိုးတက်စေရေးမဖြစ်မနေဆောင်ရွက်ရန်နှင့်
လုပ်ငန်းများ မှန်မှန်ကန်ကန်ဖြစ်စေရေးဆောင်ရွက်ရန်လိုကြောင်း၊ ထုတ်ကုန်များ
ထုတ်လုပ်ရောင်းချရာတွင် ဈေးနှုန်းများ မှန်မှန်ကန်ကန်ရှိစေရေးနှင့် ထုတ်ကုန်များ
အရည်အသွေးပြည့်မီမှုရှိစေရေး ဆောင်ရွက်ပေးကြစေလိုကြောင်း၊ နိုင်ငံအတွင်း ဆင်းရဲမွဲတေမှုလျှော့ချရေးသည်
နိုင်ငံ၏ဂုဏ်သိက္ခာလိုအပ်ချက်ဖြစ်ကြောင်း၊ ထို့ကြောင့်
အဆိုပါဂုဏ်သိက္ခာကိုဖြည့်ဆည်းပေးနိုင်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးကို
ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း၊ အဓိကအားဖြင့် ပြည်သူများ၏ ဝယ်လိုအားတက်လာစေရေးဆောင်ရွက်ပေးကြရန်လိုကြောင်း၊
ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ပတ်သက်၍ ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ခြင်းဖြင့်
ရောင်းလိုအားနှင့် ဝယ်လိုအားမျှတလာမည်ဖြစ်ပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုကို ထိန်းသိမ်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊
ပြည်သူများ၏ စားဝတ်နေရေးအတွက် အဓိကလိုအပ်သည့် ကုန်ပစ္စည်းများအား ဈေးနှုန်းမှန်ကန်စွာဖြင့်
ရောင်းချပေးကြရန်လိုကြောင်း၊ နိုင်ငံ့စီးပွားရေးကောင်းမွန်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မည်ဖြစ်သဖြင့်
နိုင်ငံ့စီးပွားရေးကောင်းမွန်အောင် ကုန်ထုတ်လုပ်မှုများ တိုးတက်စေရေးအားလုံးက
ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက်
ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌက
ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။ ယင်းနောက် ၂၀၂၄-၂၀၂၅ နှစ်ပတ်လည်အစီရင်ခံစာနှင့်
ဘဏ္ဍာရေးရှင်းတမ်းကို အထွေထွေအတွင်းရေးမှူးက ဖတ်ကြားတင်ပြသည်။
ထို့နောက်
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်
ဧည့်သည်တော်များ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်အမှုဆောင်အဖွဲ့ဝင်များသည်
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက်
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်
အဖွဲ့ဝင်များသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်
စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (၃၄) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးတွင်
ခင်းကျင်းပြသထားသည့် ပြခန်းများအား ပြခန်းတစ်ခုချင်းစီအလိုက်
လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။


No comments:
Post a Comment