နေပြည်တော် အောက်တိုဘာ ၁၅
ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ ညှိနှိုင်းရေးဗျူရိုဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ယူဂန်ဒါသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Gen. Odongo Jeje Abubakhar ၏ ဖိတ်ကြားချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ယူဂန်ဒါနိုင်ငံ ကမ်ပါလာမြို့၌ အောက်တိုဘာ ၁၅ ရက်မှ ၁၆ ရက်အထိ ကျင်းပလျက်ရှိသည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်သည်။
ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏
နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့်
ကိုယ်စားလှယ်များ တက်ရောက်ကြပြီး မျက်နှာစုံညီအစည်းအဝေး၌ နိုင်ငံကိုယ်စားပြုမိန့်ခွန်း
ပြောကြားကြသည်။
အောက်တိုဘာ
၁၅ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး
ဦးသန်းဆွေက မြန်မာနိုင်ငံကိုယ်စားပြုမိန့်ခွန်း ပြောကြားရာတွင် ယနေ့ကမ္ဘာကြီးသည် အမျိုးမျိုးသော
စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ် မညီမျှစွာသက်ရောက်လျက်ရှိကြောင်း၊
ကမ္ဘာ့အင်အားကြီးနိုင်ငံများအကြား ပြိုင်ဆိုင်မှုများတွင် ကုန်သွယ်ရေးစစ်ပွဲများမှအစ
တတိယကမ္ဘာစစ်ဖြစ်နိုင်ခြေအထိ စိုးရိမ်ရသည့် စိန်ခေါ်မှုများရှိကြောင်း၊ ထိုကဲ့သို့သော
စိန်ခေါ်မှုများကို ရင်ဆိုင်ခုခံရန်နှင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို
ကာကွယ်ရန် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ စည်းလုံးညီညွတ်မှုသည် အရေးပါကြောင်း၊ ထို့ကြောင့်
ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့အနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအားလုံး၏ ဘုံအကျိုးစီးပွားကို
ကာကွယ်ရန်အတွက် အရေးပါသော အဖွဲ့ကြီးအဖြစ် ဆက်လက်ရပ်တည်သွားရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံသည်
ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ စတင်ထူထောင်သည့် အဖွဲ့ဝင်နိုင်ငံအနေဖြင့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏
မူဝါဒနှင့်စည်းမျဉ်းများကို လိုက်နာကျင့်သုံးလျက်ရှိကြောင်း၊ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့
အစည်းအဝေး၏ ဆောင်ပုဒ်ဖြစ်သည့် “ကမ္ဘာလုံးဆိုင်ရာကြွယ်ဝမှုများ
မျှဝေရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစေရေး”နှင့်အညီ မြန်မာနိုင်ငံ၏ မယိမ်းမယိုင်သော ကတိကဝတ်များကို ထပ်လောင်းအတည်ပြုပါကြောင်းနှင့်
မြန်မာနိုင်ငံအနေဖြင့်လည်း အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်း၍ ငြိမ်းချမ်းရေး၊ တန်းတူညီမျှမှုနှင့်
ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့ပြင်
ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေး၌ နိုင်ငံတော်အစိုးရ၏ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲတစ်ရပ်
ပေါ်ပေါက်လာရေးအတွက် ဆောင်ရွက်နေမှုအခြေအနေ၊ မြန်မာနိုင်ငံသည် အွန်လိုင်းလိမ်လည်မှုနှင့်
နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးကို အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေသည့်အခြေအနေနှင့်
ရခိုင်ပြည်နယ်အရေးကိစ္စနှင့် လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ထည့်သွင်းရှင်းလင်းပြောကြားခဲ့သည်။
ဝန်ကြီးအဆင့်
အစည်းအဝေးမတိုင်မီ အောက်တိုဘာ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏
အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို ကျင်းပခဲ့ရာ အီဂျစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး
ဦးကျော်တင်ရှိန် ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။
ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ကို
ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အကျိုးစီးပွားမြှင့်တင်ရေးအတွက် ၁၉၆၁ ခုနှစ်တွင် စတင်ဖွဲ့စည်းထူထောင်ခဲ့ပြီး
ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၌ လက်ရှိတွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၂၁ နိုင်ငံ၊ လေ့လာသည့်နိုင်ငံ
၁၈ နိုင်ငံနှင့် လေ့လာသည့်အဖွဲ့ ၁၀ ဖွဲ့ပါဝင်ကြောင်းနှင့် မြန်မာနိုင်ငံသည် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ကို
စတင်ထူထောင်ရာတွင် ပါဝင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment