နေပြည်တော် အောက်တိုဘာ ၁၅
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် “ငြိမ်းချမ်းသော မြန်မာ့အနာဂတ် တည်ဆောက်ခြင်း” အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁) ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။
အဆိုပါ
အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အဖွဲ့ဝင်
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု
ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊
တပ်မတော်အငြိမ်းစားအရာရှိကြီးများ၊ သံအမတ်ကြီးများနှင့် နိုင်ငံတကာမှဆွေးနွေးကြမည့်
ပြည်ပပညာရှင်များ၊ လေ့လာသူများ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ
ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ
ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်သူများ၊ ပါဝင်သင့်
ပါဝင်ထိုက်သူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ
ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်များမှ ပါမောက္ခများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ၊
အစိုးရမဟုတ်သော ပြည်တွင်းအဖွဲ့အစည်းများ၊ အသင်းအဖွဲ့ကိုယ်စားလှယ်များ၊ မီဒီယာများနှင့်လေ့လာသူများ၊
စုစုပေါင်း ၃၅၁ ဦး တက်ရောက်ကြသည်။
အလုပ်ရုံဆွေးနွေးပွဲ
ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အလုပ်ရုံဆွေးနွေးပွဲသည် NCA ၏ ၁၀ နှစ်တာကာလအတွင်း အကောင်အထည်ဖော်နိုင်မှုများ၊
အောင်မြင်မှုများနှင့် သင်ခန်းစာများကို ဆန်းစစ်သုံးသပ်နိုင်ရန်၊ အဓိကသက်ဆိုင်သူ
Stakeholders များအကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ ရရှိခဲ့သည့် အတွေ့အကြုံများနှင့်
အမြင်များကို မျှဝေနိုင်ရန်နှင့် မြန်မာနိုင်ငံအတွင်း ပေါင်းစည်းညီညွတ်မှုကိုမြှင့်တင်ရန်
ရည်ရွယ်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန်
တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့် ရရှိလာသည့် သဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းဖြင့်
ယုံကြည်မှုကို တည်ဆောက်ရန်လိုကြောင်း၊ ငြိမ်းချမ်းရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့်
လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအကျဆုံးဖြစ်ကြောင်း၊ နိုင်ငံတည်ငြိမ်မှုမရှိပါက
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန် အဟန့်အတားဖြစ်စေနိုင်သည့် ဆိုးကျိုးများတွေ့ကြုံရမည်ဖြစ်ကြောင်း၊
ဒါကြောင့် နိုင်ငံကို တည်ငြိမ်မှုရှိအောင် တည်ဆောက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့်
ဖွံ့ဖြိုးတိုးတက်ရေးကိုထိခိုက်စေသည့် အကြမ်းဖက်လုပ်ရပ်များရပ်တန့်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊
ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က လာမည့်ဒီဇင်ဘာ ၂၈ ရက်မှစပြီး ရွေးကောက်ပွဲကို အပိုင်းလိုက်
ကျင်းပပြုလုပ်မည်ဖြစ်သည့်အတွက် ရွေးကောက်ပွဲဖြစ်မြောက်အောင်မြင်စေရေး အကြမ်းဖက်လုပ်ရပ်များ
လျော့နည်းပပျောက်သွားအောင် ပြည်သူအားလုံးက ပူးပေါင်းပါဝင်ကြိုးပမ်းပေးကြရန် အလေးအနက်ထားပြောကြားလိုကြောင်း၊
တွေ့ကြုံရမည့် အခက်အခဲစိန်ခေါ်မှုများ၊ ပဋိပက္ခများကိုဖြေရှင်းရာတွင် လူထုလိုအပ်ချက်နှင့်
ပကတိနိုင်ငံရေးအခြေအနေအတိုင်း ပြောင်းလဲသင့်သည့်နည်းလမ်းများ၊ နည်းဗျူဟာများ၊ အကြံဉာဏ်ကောင်းများကို
ယခုအလုပ်ရုံဆွေးနွေးပွဲကနေ ဖော်ထုတ်ပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်း ပြောကြားသည်။
ဆက်လက်၍
အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ
အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က နိုင်ငံတကာ အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း၏
ရည်ရွယ်ချက်နှင့် အစီအစဉ်များအား ရှင်းလင်းပြောကြား သည်။
ယင်းနောက်
“ဒေသတွင်းနှင့် ကမ္ဘာ့မိတ်ဖက်များ၏ အကူအညီဖြင့်
မြန်မာ့ငြိမ်းချမ်းရေး တည်ဆောက်မှုကိုပံ့ပိုးနိုင်ရန် ပထဝီစီးပွားရေးဆိုင်ရာ လမ်းကြောင်းများကိုရှာဖွေခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးရန် သဘာပတိက အဖွင့်အမှာစကားပြောကြားပြီး
နိုင်ငံခြားဧည့်သည်တော်ပညာရှင်များဖြစ်သည့် အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံတို့မှ
ပညာရှင်များက “ဒေသတွင်းချိတ်ဆက်မှု၊ ကုန်သွယ်မှုနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်”၊ “ပဋိပက္ခစီးပွားရေးနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးခြိမ်းခြောက်မှုများ”၊ “ရွှေ့ပြောင်း အလုပ်လုပ်ကိုင်မှု၊ ပြည်သူ-ပြည်သူအကြားဆက်ဆံရေး၊ ဘေးလွန်/ ပဋိပက္ခအလွန်ကာလ ပြန်လည်တည်ဆောက်ရေး”
ခေါင်းစဉ်တို့ဖြင့် ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက အမြင်သဘောထားများ
ဆွေးနွေးခြင်း၊ မေးခွန်းမေးမြန်းခြင်းများအပေါ် ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြကာ
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ
ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ဦးဆောင်ဆွေးနွေးကြသည့် နိုင်ငံခြားဧည့်သည်တော်
ပညာရှင်များအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
အလုပ်ရုံဆွေးနွေးပွဲမှ
ရရှိလာမည့် အပြုသဘောဆောင်သော အမြင်သဘောထားများ၊ အကြံပြုချက်များကို သိရှိနားလည်ပြီး
ငြိမ်းချမ်းရေး၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊
သဘာဝဘေးအန္တရာယ်ပြီးနောက် ပြန်လည်တည်ဆောက်ရေးတို့အတွက် ဆောင်ရွက်သင့်သည်များကို ဆက်လက်ကြိုးပမ်း
အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးပွဲအား အောက်တိုဘာ ၁၆ ရက်တွင်
ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
.jpg)
No comments:
Post a Comment