Saturday, October 18, 2025

ပြည်သူများလူမှုစီးပွားဘဝမြှင့်တင် စိုက်ပျိုးထုတ်ကုန်များတိုးတက်ထုတ်လုပ်

 


အစိုးရတစ်ရပ်ဆိုသည်မှာ နိုင်ငံတော်နှင့်ပြည်သူပြည်သားများ၏ လူမှုစီးပွားဘဝ တိုးတက်အောင် ဆောင်ရွက်ပေးရန် တာဝန်ရှိကြောင်း၊ အလားတူ နိုင်ငံတော်လုံခြုံအောင်ဆောင်ရွက်ပေးရန် တာဝန်ရှိကြောင်း နိုင်ငံတကာကလည်း မိမိတို့နိုင်ငံအပေါ် လူရိုသေ၊ ရှင်ရိုသေဖြစ်အောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ သို့မှသာ ခိုင်မာသည့် အစိုးရတစ်ရပ်အနေဖြင့် ပြည်သူလူထုက အစိုးရအပေါ်မှာ ခိုင်ခိုင်မာမာယုံကြည်စွာဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း” ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အောက်တိုဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

အစိုးရတစ်ရပ်ဆိုသည်မှာ ကာလအပိုင်းအခြားတစ်ခုအတွင်း၌ နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးများဖြစ်ထွန်းရေးကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပေးရသည့် နိုင်ငံတော်အဖွဲ့အစည်းတစ်ခုဖြစ်ရာ မည်သည့်အစိုးရ၊ မည်သည့်စနစ်ဖြင့် နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်သည်ဖြစ်စေ အရေးအကြီးဆုံးအချက်သည် နိုင်ငံတော်၏ လူမှုစီးပွားဘဝမြင့်မားတိုးတက်လာစေရေးကို အမှန်တကယ်လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခြင်းဖြစ်သည်။ ယခုနိုင်ငံတော်ကိုတာဝန်ယူ ဆောင်ရွက်နေသောအစိုးရအနေဖြင့် ရွေးကောက်ပွဲအလွန်တွင် ပေါ်ပေါက်လာမည့်အစိုးရအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်အောင် နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်နေသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် စီးပွားရေးကိုဆောင်ရွက်သော နိုင်ငံဖြစ်သည်။ နိုင်ငံရှိလူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင်နေထိုင်ကြပြီး ကျန် ၃ဝ ရာခိုင်နှုန်းခန့်သည် မြို့ပြများတွင် နေထိုင်ကြသည်။ နိုင်ငံရှိ လူဦးရေအားလုံး၏ ၅၀ ရာခိုင်နှုန်းခန့်သည် လယ်ယာစိုက်ပျိုးရေး၊ သစ်တောနှင့်သားငါးကဏ္ဍတို့တွင် အသက်မွေးဝမ်းကျောင်းပြု လုပ်ကိုင်နေကြသူများဖြစ်သည်။ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ တိုးတက်မြင့်မားလာအောင် ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံစီးပွားရေးမြင့်မားတိုးတက်လာပြီး ပြည်သူလူထု၏ လူမှုစီးပွားဘဝများလည်း “ကျွဲကူးရေပါ” ဆိုသလို လိုက်ပါမြင့်တက်လာမည်ဖြစ်သည်။ လူအများစုမှီတင်းနေထိုင်ကြသည့် ကျေးလက်ဒေသစီးပွားရေးကို မြှင့်တင်ပေးနိုင်လျှင် နိုင်ငံစီးပွားရေးလည်း တိုးတက်မြင့်မားလာပြီး ဆင်းရဲမွဲတေမှုကိုလျှော့ချနိုင်မည်ဖြစ်သည်။

နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်နေသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ရပ်တွင် နိုင်ငံစီးများ၊ ဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့် အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် (Agro-based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေး” ကို ချမှတ်ထားပြီး အကောင်အထည်ဖော်လျက်ရှိသည်။ သီးနှံများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရန်အတွက် စိုက်ပျိုးမြေတိုးချဲ့ခြင်းထက် ရှိပြီးသားစိုက်ပျိုးမြေများပေါ်တွင် တစ်ဧက သီးနှံအထွက်နှုန်းတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

တစ်ဧကပန်းတိုင်အထွက်နှုန်းများ တိုးတက်စေရေးဆောင်ရွက်ရာတွင် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးရေးစိုက်ပျိုးမြေများ ကောင်းမွန်လာစေရေး လိုအပ်သည့် မြေဩဇာများထည့်သွင်းခြင်းနှင့် မြေပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ရေး၊ စိုက်ပျိုးရေးကို အကျိုးရှိစွာအသုံးချရန်နှင့် နည်းစနစ်တကျဆောင်ရွက်ရန်လိုသည်။ သီးနှံအထွက်နှုန်းများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေးအတွက် နိုင်ငံတော်အနေဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ စိုက်ပျိုးသူ တောင်သူများကိုယ်တိုင်လည်း အားကြိုးမာန်တက် လုပ်ကိုင်ကြရန်လိုအပ်သည်။ သဘာဝတေးအန္တရာယ်ကြောင့် ထိခိုက်မှုမှအပ အခြားလိုအပ်ချက်များကို နိုင်ငံတော်အပိုင်း၊ တောင်သူများအပိုင်းမှ ကြိုးပမ်းဖြေရှင်း ဆောင်ရွက်သွားကြရမည်ဖြစ်သည်။

နိုင်ငံတော်အနေဖြင့် ပြည်တွင်းစားသုံးဆီဖူလုံစေရေးအတွက် နေကြာတိုးချဲ့ စိုက်ပျိုးခြင်းအပြင် ကော်ဖီတိုးချဲ့စိုက်ပျိုးရေးအတွက် စိုက်ဧကများတိုးချဲ့ခွင့်ပြုပေးထားသည်။ မြန်မာနိုင်ငံတွင် ပြည်တွင်းဆီဖူလုံမှုလိုအပ်ချက်များရှိနေသောကြောင့် ပြည်ပမှ စားသုံးဆီတင်သွင်းနေရသဖြင့် နိုင်ငံခြားငွေ အပိုကုန်ကျမှုများရှိနေသည်။ ထို့ကြောင့် နေကြာဆီသီးနှံတိုးချဲ့စိုက်ပျိုးခြင်းကို အားပေးမြှင့်တင်ပေးနေသည်။ နေကြာစိုက်ပျိုးခြင်းဖြင့် ပြည်တွင်းဆီလိုအပ်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုမည်ဖြစ်သည်။ ပြည်ပမှ စားသုံးဆီတင်သွင်းမှုကို လျှော့ချနိုင်မည်ဖြစ်၍ နိုင်ငံတော်အတွက် များစွာအကျိုးဖြစ်ထွန်းမည်ဖြစ်သည်။ ပန်းတိုင်အထွက်နှုန်း ပြည့်မီရေးနှင့် သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ခြင်းဖြင့် ဒေသခံတောင်သူများသာမက နိုင်ငံအတွက်ပါ အကျိုးဖြစ်ထွန်းမည်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည်နှင့်အညီ စိုက်ပျိုးရေးထုတ်ကုန်များကို တိုးချဲ့စိုက်ပျိုးမြှင့်တင်ထုတ်လုပ်နိုင်ခြင်းဖြင့် နိုင်ငံ့စီးပွားမြင့်မားတိုးတက်လာပြီး ပြည်သူပြည်သားများ၏ လူမှုစီးပွားဘဝများပါ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း။

No comments:

Post a Comment