Dr. သက်လွင်ဦး (Myantrade)
ကုန်စည်ပြပွဲလုပ်ငန်း (Exhibition Industry) ကို စနစ်တကျနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်စေခြင်းက နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုသလို နိုင်ငံအတွင်း နိုင်ငံတကာဈေးကွက် ဖွံ့ဖြိုးမှုနဲ့ နိုင်ငံရဲ့ပုံရိပ်ကို မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။
ကမ္ဘာ့နိုင်ငံတွေမှာ
ဒေသအတွင်းနဲ့ နိုင်ငံတကာ ကုန်စည်ပြပွဲတွေကို လက်ခံကျင်းပခြင်းဖြင့် နိုင်ငံရဲ့ ကုန်သွယ်မှု၊
ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်း၊ ဟိုတယ်လုပ်ငန်းနဲ့ ဒေသခံတွေရဲ့ အသေးစား၊ အငယ်စားနဲ့
အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုပြီး နိုင်ငံ့စီးပွားတိုးတက်ရေးအတွက်
အဓိကကျတဲ့အခန်းကဏ္ဍမှ ရပ်တည်လျက်ရှိတာကို တွေ့ရပါတယ်။
ကုန်စည်ပြပွဲက
နိုင်ငံ့စီးပွားရေးမောင်းနှင်အားဖြစ်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု(FDI)မှာ အဓိက
အခန်းကဏ္ဍမှ ပါဝင်သလို နိုင်ငံရဲ့ စီးပွားရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး
အတွက် တွန်းအားတစ်ခုလည်းဖြစ်ပါတယ်။ ကုန်စည်ပြပွဲကျင်းပခြင်းကြောင့် မိမိနိုင်ငံကို
နိုင်ငံတကာစီးပွားရေးရဲ့ ဈေးကွက်ဗဟိုချက် (Business Hub) အဖြစ် တည်ဆောက်နိုင်ပါတယ်။
ကုန်စည်ပြပွဲက
အဆင့်မြင့်ခရီးသွားလုပ်ငန်း (High-value Tourism) မြှင့်တင်ရေးလုပ်ငန်းတစ်ခု ဖြစ်ပြီး
ခရီးသွားလာရေးကဏ္ဍကနေ နိုင်ငံရဲ့GDP ကို တိုးတက်စေနိုင်ပါတယ်။ ကုန်စည်ပြပွဲပလက်ဖောင်းဟာ
မိမိထုတ်ကုန်တွေကို ကမ္ဘာ့ဈေးကွက်သို့ မိတ်ဆက်ခြင်း၊ နိုင်ငံတကာကုန်သည်တွေနဲ့ Networking
တည်ဆောက်ခြင်း၊ ကုန်အမှတ်တံဆိပ် အသိပညာနဲ့ ဈေးကွက်ရဲ့ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုအခြေအနေတွေကို
လေ့လာနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။
ကုန်စည်ပြပွဲကျင်းပခြင်းဆိုင်ရာ
လုပ်ငန်းကို နိုင်ငံတကာမှာ MICE Industry လို့ အတိုကောက် ခေါ်ဆိုပါတယ်။ MICE Industry
ဆိုတာက Meetings (အစည်းအဝေးကျင်းပခြင်း)၊ Incentives (ဆက်စပ်အကူအညီပေးရေးလုပ်ငန်းများ၊
ဥပမာ-ဟိုတယ်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ခရီးသွားလာရေးလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊
ဘဏ်လုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းများ)၊ Conferences (ညီလာခံ၊ စီးပွားရေးတွေ့ဆုံပွဲ)၊
Exhibitions (ကုန်စည်ပြပွဲနဲ့ အခမ်းအနားများ) ပေါင်းစပ်ဆောင်ရွက်ခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။
ဒါ့ကြောင့် ကမ္ဘာ့နိုင်ငံတွေက သူတို့နိုင်ငံမှာ ဒေသ ဆိုင်ရာ ကုန်စည်ပြပွဲနဲ့ ထုတ်ကုန်အခြေပြု
ကုန်စည်ပြပွဲတွေ လက်ခံကျင်းပနိုင်အောင် လုပ်ထုံးလုပ်နည်း တွေ ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။
မှတ်သားမိသမျှ
မြန်မာ့ကုန်စည်ပြပွဲများ
မြန်မာနိုင်ငံမှာ
နိုင်ငံတော်အဆင့် ကုန်စည်ပြပွဲတွေကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့လက်ထက်မှာ
ကုန်သွယ်ရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပခဲ့ပါတယ်။ “မြန်မာကုန်စည်ပြပွဲ - ၉၄” ကို ၁၉၉၄
ခုနှစ် ဧပြီလ ၁ ရက်ကနေ ၁၂ ရက်နေ့အထိ ကုန်သွယ်မှုဗဟိုဌာန(ရန်ကုန်)မှာ “ပို့ကုန် မြင့်မား
ပြည့်စွမ်းအား” ဆောင်ပုဒ်နဲ့ တစ်ကြိမ်၊ “မြန်မာကုန်စည်ပြပွဲ - ၉၅” ကို ၁၉၉၅ ခုနှစ်
ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကနေ မတ်လ ၃ ရက်နေ့အထိ ရန်ကုန်မြို့ သိမ်ကြီးဈေးရှိ မြန်မာ့ကုန်တိုက်မှာ
“ကုန်သွယ်မှုမှ ဝေမျှခံစား အကျိုးစီးပွား” ဆောင်ပုဒ်နဲ့ တစ်ကြိမ်နဲ့ “မြန်မာကုန်စည်ပြပွဲ-
၉၆” ကို ၁၉၉၆ ခုနှစ် နိုဝင်ဘာ ၁၆ ရက်ကနေ ၂၅ ရက်နေ့အထိ ကုန်သွယ်မှုဗဟိုဌာန (ရန်ကုန်)မှာ
မြန်မာ့ခရီးသွားနှစ် ဆောင်ပုဒ်နဲ့တစ်ကြိမ် ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် မြန်မာ-တရုတ်
နယ်စပ်ကုန်စည်ပြပွဲကို ကုန်သွယ်ရေးဝန်ကြီးဌာန (စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန)
နဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရတို့ ပူးပေါင်းပြီး မူဆယ်မြို့နဲ့ တရုတ်နိုင်ငံ
ရွှေလီမြို့တို့မှာ ၂၀၀၄ ခုနှစ်ကနေစပြီး နှစ်စဉ် ဒီဇင်ဘာလမှာ အလှည့်ကျ ကျင်းပပြုလုပ်
ခဲ့ပါတယ်။
မြန်မာနိုင်ငံအနေနဲ့
၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၃ ရက်ကနေ ၇ ရက်အထိ “The First CLMTV-ECS Trade Fair – 2004” ကို
“Towards Prosperity of Five Nations” ဆောင်ပုဒ်နဲ့ မြန်မာနိုင်ငံက ဦးဆောင်ပြီး ရန်ကုန်မြို့
Myanmar Convention Center မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
နောက်ပိုင်းမှာ
တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို ရန်ကုန်မြို့မှာ ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်တို့မှာ နှစ်ကြိမ်
လက်ခံကျင်းပခဲ့ပါတယ်။ မြန်မာ-တရုတ် (လင်ချန်း) ကုန်စည်ပြပွဲကို ၂၀၁၉ ခုနှစ်မှာ လားရှိုး
မြို့နဲ့ ၂၀၂၃ ခုနှစ်မှာ နေပြည်တော်တို့မှာ အောင်မြင် စွာ ကျင်းပနိုင်ခဲ့ပါတယ်။
မြန်မာနိုင်ငံ၏
ကုန်စည်ပြပွဲလုပ်ထုံးလုပ်နည်း
ကုန်စည်ပြပွဲဆိုင်ရာ
လုပ်ထုံးလုပ်နည်းတွေကို စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနရဲ့
မြန်မာနိုင်ငံ ပို့ကုန်/သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ(၂၀၁၅) မှာ ကုန်စည်ပြပွဲကျင်းပခြင်းအတွက်
ကဏ္ဍတစ်ခု အဖြစ် ထည့်သွင်းဖော်ပြခဲ့ပါတယ်။
စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက
ကုန်စည်ပြပွဲလုပ်ငန်းတွေ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် ပြည်တွင်း/ပြည်ပကုန်စည်ပြပွဲကျင်းပခြင်းဆိုင်ရာ
လုပ်ထုံးလုပ်နည်း များ သတင်းလွှာ ၁/၂၀၂၅ ကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၆ ရက်မှာ ထုတ်ပြန်ခဲ့ပြီး
ဝန်ကြီးဌာနများ၊ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များနဲ့ စီးပွား ရေးအဖွဲ့အစည်းများကို
ဖြန့်ဝေခဲ့ပြီးဖြစ်ပါတယ်။
အဲဒီ လုပ်ထုံးလုပ်နည်း သတင်းလွှာမှာပါတဲ့ ပြည်တွင်းကုန်စည်ပြပွဲများ
ကျင်းပရာမှာ လုပ်ငန်း ရှင်တွေ သိသင့်တဲ့ အချက်အလက်အချို့ကို ကောက်နုတ်တင်ပြလိုပါတယ်။
ကုန်စည်ပြပွဲကျင်းပခြင်း
မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေအရ
မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေဟာ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှာ ပြပွဲစီစဉ်ကျင်းပသူ
(Organizer) အဖြစ် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်(မိတ္တူ)၊ Company Director List ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်
(မိတ္တူ)၊ ကုမ္ပဏီရဲ့ အခွန်ထမ်းဆောင်မှု (၃ နှစ်စာ)၊ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်၊
သက်ဆိုင်ရာအသင်းရဲ့ ထောက်ခံချက်တွေနဲ့ မှတ်ပုံတင် လျှောက်ထားနိုင်ပါတယ်။
ပြပွဲစီစဉ်ကျင်းပသူ
(Organizer) တွေအနေနဲ့ ပြည်တွင်း ကုမ္ပဏီ/လုပ်ငန်းရှင်တွေ စုပေါင်းပြသတဲ့ ကုန်စည်ပြပွဲတွေကို
သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေရဲ့ ခွင့်ပြုချက်နဲ့ ဆောင်ရွက်နိုင်ပါတယ်။
ပြည်ပနိုင်ငံတွေကနေ လာရောက်ပြသခြင်း၊ ပူးပေါင်းပြသခြင်းနဲ့ ပြည်ပ ဝယ်ယူသူတွေကို ဖိတ်ခေါ်ခြင်းစတဲ့
ကုန်စည်ပြပွဲတွေကိုတော့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ ခွင့်ပြုချက်ရယူဆောင်ရွက်ရမှာ
ဖြစ်ပါတယ်။
ကုန်စည်ပြပွဲ ခွင့်ပြုမိန့်ကို
ပြပွဲကျင်းပမယ့်ရက်မတိုင်မီ အနည်းဆုံး သုံးလကြိုတင်ပြီး စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ကို လိပ်မူပြီး ကုန်စည်ပြပွဲအမည်၊ ကျင်းပမယ့် နေ့ရက်/အချိန်၊
ကျင်းပမယ့်နေရာဒေသ၊ ပြသမယ့် ပစ္စည်းအမျိုးအစား၊ ပြည်တွင်းထုတ်ကုန် (သို့မဟုတ်) ပြည်ပမှ
တင်သွင်းကုန်ဖြစ်ကြောင်း ဖော်ပြချက်၊ ကုန်စည်ပြပွဲစီစဉ်ကျင်းပသူ (Organizer) မှတ်ပုံတင်လက်မှတ်
(မိတ္တူ)၊ ပြည်တွင်းနဲ့ ပြည်ပ ကုမ္ပဏီ၊ အဖွဲ့အစည်း ပူးပေါင်းကျင်းပတဲ့ ပြပွဲဖြစ်ရင်
ပြည်တွင်းမှ ပြပွဲစီစဉ်ကျင်းပသူနဲ့ ပြည်ပမှ တာဝန်ခံစီစဉ်ကျင်းပသူ (Foreign
Organizer) တို့အကြား ချုပ်ဆိုထားတဲ့ သဘောတူညီချက် (မိတ္တူ)၊ လုံခြုံရေးကိစ္စရပ်တွေကို
ဆောင်ရွက်မယ့်အစီအမံနဲ့ လုံခြုံရေးကိစ္စရပ်တွေကို တာဝန်ယူမှာဖြစ်ကြောင်း ကတိခံဝန်ချက်၊
ပြပွဲကျင်းပမယ့် ပြပွဲခန်းမငှားရမ်း ခြင်းအတွက် ပဏာမသဘောတူညီချက်အထောက်အထား(မိတ္တူ)၊
ပြပွဲအတွက် တာဝန်ပေးအပ်ထားတဲ့ ဆိပ်ကမ်းရှင်းလင်းရေးနဲ့ အကောက်ခွန်ရှင်းလင်းရေးကိုယ်စားလှယ်
အမည်/ကုမ္ပဏီ အမည်နဲ့ လွှဲအပ်စာမူရင်းတို့ကို တင်ပြလျှောက်ထားရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ
တရားဝင်မှတ်ပုံတင်ထားတဲ့ စီးပွားရေးသမဝါယမအသင်းအဖွဲ့တွေ၊ ကုန်သည် အသင်းအဖွဲ့တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊
သံရုံးတွေက ပြည်တွင်းမှာ ကုန်စည်ပြပွဲကျင်းပ လိုရင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှာ
တရားဝင် မှတ်ပုံတင်ထားတဲ့ မြန်မာကုမ္ပဏီတစ်ခုကို ကုန်စည်ပြပွဲစီစဉ်ကျင်းပသူ
(Organizer) အဖြစ် တာဝန်ပေးပြီး ဆောင်ရွက်နိုင်ပါတယ်။
ကုန်စည်ပြပွဲစီစဉ်ကျင်းပသူ၏
တာဝန်များ
ကုန်စည်ပြပွဲစီစဉ်ကျင်းပသူ
(Organizer) တွေအနေနဲ့ အောက်ပါအချက်တွေကို တာဝန်ယူဆောင် ရွက်ရမှာဖြစ်ပါတယ်-
- ကုန်စည်ပြပွဲ
ကျင်းပခွင့်ပြုမိန့်ရရှိရေးနဲ့ ပြပွဲမှာ ပြသမယ့်ပစ္စည်းတွေ တင်သွင်း၊ တင်ပို့ခွင့်
ရရှိရေး ဆောင်ရွက်ခြင်း၊
- ပြည်ပမှ လုပ်ငန်းရှင်တွေ
ပြည်တွင်းကို လာရောက်ရာမှာ သွားလာတည်းခိုနေထိုင်ရေး အဆင်ပြေစေဖို့အတွက် စီစဉ်ဆောင်ရွက်ပေးခြင်း၊
- ပြပွဲခန်းမရရှိရေး၊
ပြခန်းတည်ဆောက်ခြင်း၊ On Site Handling ကိစ္စတွေ စီစဉ်ဆောင်ရွက်ခြင်း၊
- သတင်းမီဒီယာတွေမှာ
ကြော်ငြာခြင်း၊ ဖွင့်ပွဲအခမ်းအနားနဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပပြုလုပ်ခြင်း၊
- ကုန်စည်ပြပွဲမှာ
လာရောက်ပြသတဲ့လုပ်ငန်းရှင်တွေ၊ လေ့လာသူတွေရဲ့ လုံခြုံရေးနဲ့ မီးဘေးလုံခြုံရေးတို့အတွက်
သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့ ဆောင်ရွက်ခြင်း၊
- သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးစောင့်
ရှောက်ရေးအဖွဲ့နဲ့ ညှိနှိုင်းပြီး ကုန်စည်ပြပွဲမှာ ပြသ၊ လေ့လာသူတို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့
ပြပွဲမှာ ခင်းကျင်းရောင်းချမယ့် စားသောက်ဆိုင်တွေရဲ့ အစားအသောက်တွေ အန္တရာယ်ကင်းရှင်းရေးတို့အတွက်
ဆောင်ရွက်ပေးခြင်း၊
- ကုန်စည်ပြပွဲမှာ
တင်သွင်းပြသတဲ့ပစ္စည်းတွေကို အကောက်ခွန်ရှင်းလင်းရေးဆိုင်ရာ ကိစ္စနဲ့ ဆိပ်ကမ်းရှင်းလင်းရေးကိစ္စတွေ
ဆောင်ရွက်ခြင်း၊
- ပြပွဲမှာ ရောင်းချတဲ့
ပစ္စည်းတွေ (One Stop Service) အဖွဲ့နဲ့ သွင်းကုန်လိုင်စင်ထုတ်ပေး ရေး၊ တင်သွင်းလာတဲ့
ပြပွဲပစ္စည်းတွေ ဈေးနှုန်းမှန်ကန်မှုရှိစေရေး၊ ပြပွဲပြီးဆုံးပြီးနောက် ပြန်လည်တင်ပို့မယ့်ပစ္စည်းတွေ
တင်သွင်းလာတဲ့နိုင်ငံကို စနစ်တကျ ပြန်လည်တင်ပို့ နိုင်ဖို့ ဆောင်ရွက်ခြင်း၊
- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့
တည်ဆဲဥပဒေတွေကို လာရောက်ပြသတဲ့ လုပ်ငန်းရှင်တွေ၊ လေ့လာသူတွေအားလုံးက တိကျစွာလိုက်နာနိုင်ရေး
ကြီးကြပ်ဆောင်ရွက်ခြင်း၊
- ပြပွဲကျင်းပခဲ့မှုအခြေအနေ
အစီရင်ခံစာကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ထံ ပြပွဲ ကျင်းပပြီး တစ်လအတွင်း အပြီးတင်ပြခြင်း။
ပြသမည့်ပစ္စည်းများ
တင်သွင်းခြင်း
ကုန်စည်ပြပွဲမှာ
ပြသမယ့်ပစ္စည်းတွေကို အထွေထွေခွင့်ပြုမိန့် (Open General License-OGL) နဲ့ တင်သွင်းခွင့်ပြုထားပြီး
ပြပွဲကျင်းပမယ့်ရက်မတိုင်မီ ကြိုတင်ရောက်ရှိရမှာ ဖြစ်ပါတယ်။ ပြပွဲပြီးဆုံးပါက သက်ဆိုင်ရာနိုင်ငံကို
ပြန်လည် တင်ပို့ရမှာ ဖြစ်ပါတယ်။
ပြပွဲကာလအတွင်းနဲ့
ပြပွဲပြီးနောက် ရောင်းချခြင်း၊ လှူဒါန်းခြင်း၊ လက်ဆောင်ပေးခြင်းတွေ ဆောင်ရွက်လိုရင်
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့ကို
ကြိုတင်တင်ပြလျှောက်ထားပြီး ခွင့်ပြုချက်ရရှိမှသာ ဆက်လုပ်ခွင့်ပြုပါတယ်။ ပြပွဲမှာရောင်းချ
တဲ့ ပစ္စည်းတွေက တည်ဆဲဥပဒေလုပ်ထုံးလုပ်နည်းအရ သက်ဆိုင်ရာဌာနတွေရဲ့ စစ်ဆေးခွင့်ပြုချက်ရယူရမယ့်
ပစ္စည်းဖြစ်ရင် ခွင့်ပြုချက်ရယူပြီးမှ ရောင်းချခွင့်ရှိမှာ ဖြစ်ပါတယ်။
ကုန်စည်ပြပွဲမှာ
ခင်းကျင်းပြသရောင်းချဖို့အတွက် လာရောက်ပြသတဲ့ ကုန်ပစ္စည်းတွေအနက် ရောင်းချပြီးတဲ့နောက်
ရောင်းချလို့မရဘဲ ကျန်တဲ့ပစ္စည်းတွေကို ကုန်စည်ပြပွဲပြီးဆုံးပြီးတဲ့နေ့ကနေ တစ်လအတွင်း
သက်ဆိုင်ရာနိုင်ငံကို အပြီးပြန်လည်တင်ပို့ခြင်း၊ သက်ဆိုင်ရာဌာနတွေကို ပြန်လည် ရှင်းလင်းတင်ပြခြင်းတွေကိုဆောင်ရွက်ရပါမယ်။
ပြန်လည်တင်ပို့ရာမှာ ပို့ကုန်လိုင်စင်လျှောက်ထားဖို့ မလိုဘဲ အထွေထွေခွင့်ပြုမိန့်
(Open General License-OGL) နဲ့ တင်ပို့ခွင့်ပြုပါတယ်။
ကုန်စည်ပြပွဲမှာ
ရောင်းချတဲ့ပစ္စည်းတွေအတွက် ကျသင့်တဲ့ သွင်းကုန်လိုင်စင်ကြေး၊ အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နဲ့
အခြားသက်ဆိုင်တဲ့အခွန်အခတွေကို သတ်မှတ်နှုန်းထားအတိုင်း သက်ဆိုင်ရာဌာန တွေကို မပျက်မကွက်ပေးဆောင်ရမှာ
ဖြစ်ပါတယ်။
ကုန်စည်ပြပွဲဈေးကွက်ဖော်ဆောင်ရေး
ကုန်စည်ပြပွဲ အခြေပြုစီးပွားရေးကို
အိမ်နီးချင်း ထိုင်းနိုင်ငံမှာ အားပေးမြှင့်တင်ဆောင်ရွက်လျက် ရှိတာကို တွေ့ရှိရပါတယ်။
ထိုင်းနိုင်ငံမှာ နိုင်ငံတကာ ကုန်စည်ပြပွဲစင်တာ ကိုးခုရှိပြီး နှစ်စဉ်အဓိက ကုန်စည်
ပြပွဲ ၆၀ ခန့် ကျင်းပလျက်ရှိပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကာလမတိုင်မီ ၂၀၁၉ ခုနှစ်စာရင်းအရ
ကုန်စည်ပြပွဲ ကျင်းပခြင်းကနေ နိုင်ငံ GDP ရဲ့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၈ ဘီလီယံ သက်ရောက်မှုရှိခဲ့ပါတယ်။
အလားတူ အရှေ့တောင်အာရှနိုင်ငံတွေဟာလည်း သူတို့နိုင်ငံတွေမှာ ကုန်စည်ပြပွဲဈေးကွက် ဖော်ဆောင်နိုင်ဖို့
ဆောင်ရွက်နေတာကို တွေ့ရှိရပါတယ်။
မြန်မာနိုင်ငံမှာလည်း
ကုန်စည်ပြပွဲတွေကို နိုင်ငံတော်အစိုးရတွေအနေနဲ့ ခေတ်အဆက်ဆက် အားပေးမြှင့်တင်ဆောင်ရွက်ခဲ့တာကို
တွေ့ရှိရပါတယ်။ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအနေနဲ့ နိုင်ငံအတွင်း ကုန်စည်ပြပွဲအခြေပြု
စီးပွားရေးလုပ်ငန်းကို စနစ်တကျ အကောင်အထည် ဖော် ဆောင်ရွက်နိုင်ဖို့အတွက် ပြည်တွင်း
/ပြည်ပကုန်စည်ပြပွဲတွေ ကျင်းပခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းတွေကို ထုတ်ပြန်ထားပြီးဖြစ်တဲ့အတွက်
ကုန်သည်လုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့ သော့ချက်ဖြစ်တဲ့
ကုန်စည်ပြပွဲလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အစိုးရ - ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ခြင်းဖြင့်
ဒေသအတွင်းမှာ မြန်မာနိုင်ငံရဲ့ ဦးဆောင်မှုကို ပြသနိုင်ဖို့ပါ တိုက်တွန်းရေးသား တင်ပြလိုက်ရပါတယ်။
။
No comments:
Post a Comment