ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်း စောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်။ ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်ပြီးနောက် ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယခုအခါ သင်တန်း ၁၈ ခု ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်စဉ် (၁၅) အထိ သင်တန်းဆင်းခဲ့ပြီးဖြစ်ရာ ကျရာတပ်ရင်း/ တပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဦးလည်မသုန်ကျေပွန်စွာ ထမ်းဆောင်နေကြပြီဖြစ်သည်။
စစ်မှုထမ်းတာဝန်ကို
ကျေပွန်စွာထမ်းဆောင်ကြသူများဆိုသည်မှာ တပ်မတော်တွင် အမြဲတမ်းစစ်မှုထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး
တရားဝင်နုတ်ထွက်ခွင့် ရရှိခဲ့ကြသည့် ကြည်း၊ ရေ၊ လေ တပ်မတော်သားများနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ
တပ်မတော်တွင် သတ်မှတ်ချက်နှင့်အညီ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်းများ ပါဝင်သည်။
ယခုအခါ အမြဲတမ်းစစ်မှုထမ်းများနှင့် ပြည်သူ့စစ်မှုထမ်းများသည် နိုင်ငံတော်ကာကွယ်ရေးနှင့်
လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စား အသက်ကို ပဓာနမထားဘဲ နေ့ညမနား ကျေပွန်စွာထမ်းဆောင်လျက်ရှိသည်။
အမြဲတမ်းစစ်မှုထမ်းများအတွက်
၎င်းတို့ တာဝန်မှအနားယူသည့်အခါ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ကွပ်ကဲမှုအောက် ပြန်လည်နေရာချထားရေးညွှန်ကြားရေးမှူးရုံးက
လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။ ယခုအခါ အမြဲတမ်းစစ်မှုထမ်းများအပြင်
ပြည်သူ့စစ်မှုထမ်းကိုပါ ပြန်လည်နေရာချထားပေး နိုင်ရန်အတွက် စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့သူများ
အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှုကော်မတီကိုဖွဲ့စည်းပြီး ကော်မတီ၏လုပ်ငန်းတာဝန်ပါအချက်များနှင့်အညီ
ဆောင်ရွက်လျက်ရှိသည်။ စစ်မှုထမ်းများအနေဖြင့် နယ်ပယ်အသီးသီး လူမျိုးအဆင့်အတန်း အစုံစုံတို့မှ
လူငယ်လူရွယ်များအနေဖြင့် ၎င်းတို့ကိုယ်ပိုင်စိတ်ဆန္ဒများအရ မျိုးချစ်စိတ်ဓာတ်၊ နိုင်ငံချစ်စိတ်ဓာတ်၊
နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်လိုသည့် မွန်မြတ်သောစိတ်ဓာတ်များဖြင့် တပ်မတော်သို့ဝင်ရောက်ပြီး
တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသူများဖြစ်၍ တပ်မတော်မှနုတ်ထွက်သည့်အခါ ကောင်းမွန်စွာ
ရပ်တည်နေထိုင် လုပ်ကိုင်ဆောင်ရွက်နိုင်ရေးတို့ကို ဖန်တီးပေးရမည် ဖြစ်သည်။
စစ်မှုထမ်းတာဝန်ထမ်းဆောင်ပြီး
ပြန်လည်နေရာချထားမှု ခံယူလိုကြသော အမြဲတမ်းစစ်မှုထမ်းများနှင့် ပြည်သူ့စစ်မှုထမ်းများကို
အသက်မွေးဝမ်းကျောင်း သင်တန်းများတွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ စက်မှု၊ လက်မှုအတတ်ပညာများကို
အဆင့်မီစွာတတ်မြောက်စေရန် လေ့ကျင့်သင်ကြားပေးရေး၊ သင်တန်းတက်ရောက်အောင်မြင်ပြီးသူများအား
အသက်မွေးဝမ်းကျောင်းသင်တန်းကျောင်းမှ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရေး၊ အသက်မွေးဝမ်းကျောင်းသင်တန်းအမျိုးအစားအလိုက်
အသိအမှတ်ပြုလက်မှတ်များကို အစိုးရဌာနများ၊ ကုမ္ပဏီနှင့် ပုဂ္ဂလိကလုပ်ငန်းများမှ အသိအမှတ်ပြု၍
အလုပ်နေရာခန့်ထားဆောင်ရွက်ပေးရေး၊ ပြန်လည်နေရာချထားမှုခံယူလိုသော အမြဲတမ်းစစ်မှုထမ်းများနှင့်
ပြည်သူ့စစ်မှုထမ်းများအား အလုပ်သမားဝန်ကြီးဌာနမှ ပြည်တွင်းအလုပ်သမားကတ်ပြုလုပ်ထုတ်ပေးရေးတို့ကို
ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ထို့အပြင် ပြည်ပအလုပ်အကိုင်ရရှိရန်အတွက်ဆိုလျှင်လည်း
ပြည်ပအလုပ်သမား ကတ်ထုတ်ပေးခြင်း၊ အေဂျင်စီများနှင့်ဆက်သွယ်၍ အလုပ်အကိုင်ရှာဖွေပေးခြင်းများကို
အလုပ်သမားဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်သည်။ စစ်မှုထမ်းတာဝန်ကို ကျေပွန်စွာထမ်းဆောင်ပြီးသော
ပြည်သူ့စစ်မှုထမ်းများအနေဖြင့် ပြည်သူ့စစ်မှုထမ်းတာဝန် မထမ်းဆောင်မီ ၎င်းတို့တာဝန်ထမ်းဆောင်ခဲ့သော
အစိုးရဌာနများ၊ ကုမ္ပဏီများ၊ ပုဂ္ဂလိကလုပ်ငန်းများနှင့် အဖွဲ့အစည်းများတွင် မူလအလုပ်အကိုင်၊
လုပ်ငန်းနေရာများအလိုက် ပြန်လည်ခန့်ထားနိုင်ရေးအတွက် စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သူများ
အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှုကော်မတီအနေဖြင့် အလုပ်အကိုင်များရရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို
ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြပြီး အမြဲတမ်းစစ်မှုထမ်းမှ သတ်မှတ်ချက်နှင့်အညီ နုတ်ထွက်မည့်သူများ၊
ပြည်သူ့စစ်မှုထမ်းဥပဒေအရ သတ်မှတ်ထားသောကာလများအတိုင်း တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြပြီး
နုတ်ထွက်လိုသည့် ပြည်သူ့စစ်မှုထမ်းများ အနေဖြင့် အရပ်သားပြည်သူများဘဝသို့ ပြန်လည်ရောက်ရှိသည့်အခါ
မိသားစု လူမှုစီးပွားဘဝများတွင် အခက်အခဲမရှိ ရပ်တည်နေထိုင်လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက်
နိုင်ငံတော်က ဆောင်ရွက်ပေးမည့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးစီစဉ်ဆောင်ရွက်ပေးမှုများကို
လှိုက်လှိုက်လှဲလှဲ ကြိုဆိုရမည်ဖြစ်ပါကြောင်း။ ။

No comments:
Post a Comment