ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးသည် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ လိုလားတောင့်တချက်ဖြစ်သည်။ ယင်းသို့တည်ဆောက်နိုင်ရေးအတွက် မရှိမဖြစ်လိုအပ်ချက်မှာ ပြည်တွင်းတည်ငြိမ်အေးချမ်းရေးနှင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးပင်ဖြစ်သည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ
ဖြစ်တည်လာသည့် ဒီမိုကရေစီအစိုးရ စတင်ချိန် ၂၀၁၁ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့တွင် ငြိမ်းချမ်းရေးစတင်ဖိတ်ခေါ်ခဲ့ပြီး
အဖွဲ့တစ်ဖွဲ့ချင်းနှင့် တွေ့ဆုံ ဆွေးနွေးညှိနှိုင်းမှုများ၊ ပူးပေါင်းအဖွဲ့များနှင့်
ဆွေးနွေးမှုများ အကြိမ်ပေါင်းများစွာ ပြုလုပ်ခြင်းမှ အများသဘောတူလက်ခံနိုင်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်
(NCA) ထွက်ပေါ်လာခြင်းဖြစ်သည်။ ဒီမိုကရေစီပထမအစိုးရလက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း
၁၅ ဖွဲ့ကို ကိုယ်စားပြုသည့် (NCCT) နှင့် အစိုးရကိုကိုယ်စားပြုသည့် (UPWC) တို့ တစ်နှစ်ခွဲခန့်ကာလအတွင်း
အကြိမ် ၃၀ ခန့် ဆွေးနွေးညှိနှိုင်းကာ ၂၀၁၅ ခုနှစ် မတ်လတွင် (NCA) မူကြမ်းကို အတည်ပြုခဲ့ခြင်းဖြစ်သည်။
NCA သည် နိုင်ငံငြိမ်းချမ်းရေးအတွက်
အရေးကြီးပြီး မဖြစ်မနေလိုအပ်သော်လည်း ခရီးဆုံးပန်းတိုင်မဟုတ်ဘဲ ငြိမ်းချမ်းရေးလမ်းခရီး၏
မုခ်ဦးတစ်ခုသာဖြစ်သည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုများရပ်စဲပြီး နိုင်ငံရေးဆွေးနွေးပွဲများ
ကျင်းပကာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ထာဝရတည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးတို့ကို
တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်ပြီး တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်အခြေခံသည့်
ပြည်ထောင်စုကြီးပေါ်ထွန်းလာသည်အထိ ဆက်လက်ကြိုးပမ်းအကောင်အထည်ဖော်သွားကြရမှာဖြစ်သည်။
ယင်းအဆင့်များ၏ အခြေခံသည် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းမှသာ ဖြစ်နိုင်မည်ဖြစ်ပြီး
တိုက်ပွဲများရှိနေသရွေ့၊ ပစ်ခတ်တိုက်ခိုက်မှုများရှိနေသရွေ့ ပထမဆုံးခြေလှမ်းကိုပင်
စတင်နိုင်မည်မဟုတ်သည့်အလျောက် NCA သည် အသက်ဝင်နေရန်လိုအပ်ပြီး ကျန်ရှိနေသည့် လက်နက်ကိုင်အဖွဲ့များအားလုံး
ပါဝင်လက်မှတ်ရေးထိုးကြသည်အထိ ဆက်လက်ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်သည်။ NCA ပါ ကတိကဝတ်များကို
စောင့်ထိန်းကြရန်နှင့် ဆက်လက်အကောင်အထည်ဖော်ကြရန်လည်း အလေးအနက်ထားကြရမည်ဖြစ်သည်။
လွတ်လပ်ရေးရပြီး
မကြာခင်ဖြစ်ပေါ်လာသည့် လက်နက်ကိုင်ပဋိပက္ခပေါင်းများစွာတို့က မိမိတို့နိုင်ငံကို တိုးတက်ဖွံ့ဖြိုးခွင့်မရအောင်
ဟန့်တားပိတ်ဆို့လျက်ရှိသည်။ ၇၇နှစ်ကြာမြင့် လာသည့်တိုင်အောင် မပြီးဆုံးနိုင်သေးသည့်
လက်နက်ကိုင်ပဋိပက္ခမှာ ကမ္ဘာပေါ်တွင် အရှည်ကြာဆုံးအဖြစ် စာရင်းပေါက်နေခဲ့ပြီဖြစ်သည်။
လက်ရှိအခြေအနေအထိဆိုလျှင် ပြီးဆုံးဖွယ်ရာ မမြင်ရသေး။ လက်နက်ကိုင်ပဋိပက္ခများကြောင့်
နိုင်ငံ၏ အရင်းအမြစ်များစွာတို့ နှစ်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည့်တန်ဖိုးများကို
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင်သာ သုံးစွဲနိုင်ခဲ့လျှင် မိမိတို့နိုင်ငံနှင့် နိုင်ငံသူ
နိုင်ငံသားတို့ ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာရှိရှိ၊ ထည်ထည်ဝါဝါ ရပ်တည်နိုင်ကြမည်ဖြစ်သည်။
ဆယ်စုနှစ်ပေါင်းများစွာ
လက်နက်ကိုင်ပဋိပက္ခနွံထဲတွင် နစ်မြုပ်ရုန်းကန်နေရခြင်းကြောင့် မိမိတို့နိုင်ငံနှင့်
နိုင်ငံသူ နိုင်ငံသားတို့ နိုင်ငံတကာနှင့်ယှဉ်ပါက ကဏ္ဍများစွာတွင် နောက်ကျ ကျန်နေခဲ့ရသည်။
ပျက်စီးဆုံးရှုံးမှုများ၊ ပြန်လည်တည်ဆောက်မှုများနှင့် သံသရာလည်နေရင်း နိုင်ငံ၏အရင်းအမြစ်များစွာ
ပွန်းတီးသွားခဲ့ရသည်။ အထူးသဖြင့် လူ့စွမ်းအားအရင်းအမြစ် များဖြစ်ပြီး နိုင်ငံတည်ဆောက်ရေးတွင်သာ
အသုံးချရမည်ဆိုပါက လွန်စွာအဖိုးတန်မည့် အရင်းအမြစ်ဖြစ်သည်။
နိဂုံးချုပ်အားဖြင့်ဆိုရလျှင်
နိုင်ငံတည်ဆောက်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် ငြိမ်းချမ်းရေးလိုအပ်သည်။
ငြိမ်းချမ်းရေးသို့ ခရီးအစဖြစ်သော NCA သည်လည်း မဆုတ်မနစ်သော ဇွဲလုံ့လများဖြင့် တည်ဆောက်ခဲ့ရခြင်းဖြစ်ရာ
တန်ဖိုးထားကြရန်နှင့် နောက်ကြောင်းမပြန်ကြရန်လိုသည်။ ငြိမ်းချမ်းရေးရယူနိုင်ရန်အတွက်
ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းများအနေဖြင့် နိုင်ငံနှင့်ပြည်သူအတွက် စိတ်ရင်းစေတနာမှန်ကန်စွာဖြင့်
ဆွေးနွေးညှိနှိုင်းအဖြေရှာကာ သမိုင်းမော်ကွန်းတင်နိုင်ကြပါစေကြောင်း။ ။

No comments:
Post a Comment