နေပြည်တော် အောက်တိုဘာ ၃၁
ဖိလစ်ပိုင်နိုင်ငံPampanga Mabalacat City SMX Convention Center Clark တွင် အောက်တိုဘာ ၂၈ ရက်မှ ၃၀ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် (၄၃) ကြိမ်မြောက် ASEAN Federation of Engineering Organizations များ၏ ညီလာခံအစည်းအဝေးနှင့် Engineering Conference ၌ ပေးအပ်သည့် ၂၀၂၅ ခုနှစ်၊ အာဆီယံအကောင်းဆုံးအင်ဂျင်နီယာဆု (ASEAN Outstanding Engineering Achievement Award - Individual Category) ဆုကို မြန်မာနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူး ပြည့်ဖြိုးမောင်က ရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ညီလာခံသို့
အာဆီယံနိုင်ငံ ၁၀ နိုင်ငံမှ အင်ဂျင်နီယာကောင်စီနှင့် အင်ဂျင်နီယာအသင်းချုပ်မှ တာဝန်ရှိသူများ၊
World Engineering Organization နှင့် ASIA PACIFIC Region Engineering
Organization တို့မှ တာဝန်ရှိသူများ၊ အာရှနှင့် အာဆီယံနိုင်ငံအသီးသီးမှ အင်ဂျင်နီယာများ
တက်ရောက်ကြပြီး အင်ဂျင်နီယာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ညီလာခံများနှင့်
အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ခြင်း၊ သုတေသနစာတမ်း ဖတ်ကြားခြင်းများကို ဆောင်ရွက်ကြသည်။
အောက်တိုဘာ ၃၀
ရက်တွင် ညီလာခံ၏ ညစာစားပွဲအခမ်းအနားကျင်းပခဲ့ပြီး အဆိုပါအခမ်းအနား၌ ASEAN
Federation of Engineering Organizations (AFEO) ဥက္ကဋ္ဌက အာဆီယံအကောင်းဆုံးအင်ဂျင်နီယာစီမံချက်ဆုနှင့်
အာဆီယံအကောင်းဆုံး အင်ဂျင်နီယာဆုရရှိခဲ့သူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
အာဆီယံအကောင်းဆုံးအင်ဂျင်နီယာဆုရရှိသူ
ဗိုလ်မှူးပြည့်ဖြိုးမောင်အနေဖြင့် နိုင်ငံတကာသုတေသနစာတမ်းဖတ်ပွဲများတွင် ဆုများရရှိခဲ့မှု၊
ကမ္ဘာ့အဆင့်နည်းပညာဆိုင် ရာပြိုင်ပွဲများဖြစ်သည့် Composite World Cup ပြိုင်ပွဲကြီးများတွင်
ဆုများဆွတ်ခူးနိုင်ခဲ့မှု၊ ကမ္ဘာ့အကြီးဆုံးထိုင်တော်မူကျောက်ဆစ်ရုပ်ပွားတော်မြတ်ကြီးဖြစ်သည့်
မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရေးအတွက် ခေတ်မီနည်းပညာနှင့် သမားရိုးကျနည်းပညာတို့ပေါင်းစပ်ဆောင်ရွက်နိုင်ခဲ့မှု၊
မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်
ရှေးဟောင်းဘုရားများ၊ စေတီတော်ကြီးများနှင့် အဆောက်အအုံများအား Composite နည်းပညာဖြင့်
ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်ပေးနိုင်ခဲ့မှုတို့အတွက် ASEAN
Federation of Engineering Organization (AFEO) ASEAN Outstanding Engineering
Achievement Award (Individual Category)ကို ချီးမြှင့်ပေးရန် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်က
အဆိုပြုလွှာတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဗီယက်နမ်နိုင်ငံ၊ Da Nang မြို့၌
ကျင်းပသည့် AFEO Midterm အစည်းအဝေးတွင် စိစစ်သုံးသပ်၍ Governing Board Meeting သို့
ဆက်လက်အတည်ပြုချက်တောင်းခံပြီး အဆိုပါဆုကို ရွေးချယ်ချီးမြှင့် ခဲ့ခြင်းဖြစ်ကြောင်း
သတင်းရရှိသည်။

No comments:
Post a Comment