ကြည်ထွန်း
(လူမှု)
ကမ္ဘာ့နိုင်ငံအသီးသီး၌ အမျိုးမျိုးအဖုံဖုံရင်ဆိုင် ကြုံတွေ့နေရသော သဘာဝဘေးအန္တရာယ်များနှင့်အတူ တရိပ်ရိပ်တိုးပွားများပြားလာသော သက်ကြီးပုဂ္ဂိုလ်များအရေးကား ၂၁ ရာစု၏ အဓိက စိန်ခေါ်မှုကြီးများဖြစ်လာပြီ။
သက်ကြီးသူများတိုးလာသော
ကျွန်ုပ်တို့ကမ္ဘာ
ကုလသမဂ္ဂ၏
ခန့်မှန်းတွက်ချက်မှုအရ ကမ္ဘာတစ်ဝန်းလုံးတွင် ၂၀၁၉ ခုနှစ်က အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်ဦးရေ
၇၀၃ သန်းရှိရာမှ ဆယ်စုနှစ်သုံးခုအကြာ ၂၀၅၀ ပြည့်နှစ် ရောက်လျှင် နှစ်ဆတိုးကာ ၁၀၅
ဘီလီယံ ရှိလာတော့မည်။ ကမ္ဘာ့အရှေ့ဘက်ခြမ်းနှင့် အရှေ့တောင်အာရှဒေသတွင် ၂၀၁၉
ခုနှစ်တွင် ၂၆၁ သန်း သာရှိရာမှ ၂၀၅၀ ပြည့်နှစ်တွင် ၅၇၃ သန်းရှိလာမည်ဖြစ်၍ သက်ကြီးတိုးပွားမှု
အများဆုံးဒေသဖြစ်လာတော့မည်။ ယင်းနောက်တွင် ဥရောပနှင့် မြောက်အမေရိကတို့က
သက်ကြီးအရေအတွက် သန်း ၂၀၀ ဖြင့် ဒုတိယအများဆုံးဒေသများဖြစ်လာမည်။
မြောက်အာဖရိကနှင့် အနောက်အာရှဒေသတို့တွင် အမြန်ဆုံးတိုးပွားလာမည်ဖြစ်ရာ ၂၀၁၉
ခုနှစ်တွင် ၂၉ သန်းသာရှိရာမှ ၂၀၅၀ ပြည့်နှစ်တွင် ၉၆ သန်းအထိ (၂၂၆ ရာခိုင်နှုန်း)
တိုးပွားလာမည်။ ဒုတိယအမြန်ဆုံး တိုးပွားလာမည့်ဒေသမှာ အာဖရိကဆာဟာရဒေသဖြစ်ရာ ၂၀၁၉
ခုနှစ်တွင် ၃၂ သန်းရှိ ရာမှ ၂၀၅၀ ပြည့်နှစ်တွင် ၁၀၁ သန်း (၂၁၈ ရာခိုင် နှုန်း) အထိ
တိုးပွားလာမည်ဟု ခန့်မှန်းထားသည်။
ဆန့်ကျင်ဘက်အားဖြင့်
ကမ္ဘာ့အခြားနေရာဒေသများအားလုံးထက် သက်ကြီးပုဂ္ဂိုလ်ဦးရေ
သိသိသာသာများနှင့်နေပြီးဖြစ်သည့် ဩစတြေးလျနှင့် နယူးဇီလန်တို့တွင် ၈၄
ရာခိုင်နှုန်း၊ ဥရောပနှင့် မြောက်အမေရိကတို့တွင် ၄၈ ရာခိုင်နှုန်းဖြင့်
သက်ကြီးတိုးပွားမှုနှုန်းနည်းနေမည်ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများအကြားတွင်
ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများထက် ဖွံ့ဖြိုးမှုလုံးဝမရှိသောနိုင်ငံများတွင်
ကမ္ဘာ့သက်ကြီးပုဂ္ဂိုလ်ဦးရေ၏ သုံးပုံနှစ်ပုံခန့်ရှိလာမည်ဖြစ်သည်။
အမှည့်တဝင်းဝင်း၊
အကင်းတဖြိုက်ဖြိုက်
ကမ္ဘာ့နိုင်ငံများနည်းတူ
မြန်မာနိုင်ငံတွင်လည်း သက်ကြီးတိုးပွားနှုန်း မြင့်တက်လာသည်ဖြစ်ရာ ၁၉၈၃ ခုနှစ်တွင်
အသက် ၆၀ နှင့်အထက် သက်ကြီးပုဂ္ဂိုလ် ၂ ဒသမ ၂ သန်း (နိုင်ငံ့လူဦးရေ၏ ၆ ဒသမ ၄
ရာခိုင်နှုန်း)၊ ၂၀၁၄ ခုနှစ်တွင် ၄ ဒသမ ၅ သန်း (နိုင်ငံ့လူဦးရေ၏ ၈ ဒသမ ၉
ရာခိုင်နှုန်း)၊ ၂၀၁၉ ခုနှစ်တွင် ၅ ဒသမ ၂ သန်း (နိုင်ငံ့လူဦးရေ၏ ၁၀ ဒသမ ၁
ရာခိုင်နှုန်း)အထိ တိုးလာပြီဖြစ်ကြောင်း ကောက်ယူရရှိခဲ့သည့် သန်းခေါင်စာရင်းအချက်
အလက်များက သက်သေပြနေပါသည်။ မဝေးတော့သည့်အနာဂတ်တွင် မိမိတို့နိုင်ငံအပါအဝင်
ဖွံ့ဖြိုးဆဲနိုင်ငံများ၌ အမှည့်တဝင်းဝင်း အကင်းတဖြိုက်ဖြိုက်ဆိုသည့်အတိုင်း အသက် ၆၅
နှစ်နှင့်အထက် သက်ကြီးဦးရေက ကလေးဦးရေနှင့် တူညီလုနီးပါးဖြစ်နေမည်ဖြစ်ကြောင်း
လူဦးရေပညာရှင်များက ခန့်မှန်းတွက်ချက်ထားပါသည်။
ကုလသမဂ္ဂအခြေခံမူများ
ဤသို့
ကမ္ဘာတစ်ဝန်း သက်ကြီးပုဂ္ဂိုလ်များ တိုးပွားလာမည့်အရေးကို ချင့်မြော်တွေးဆကာ
ကုလသမဂ္ဂကဦးဆောင်၍ ၁၉၈၂ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၀၂ ခုနှစ်တွင် တစ်ကြိမ် ကမ္ဘာ့သက်ကြီးပုဂ္ဂိုလ်များညီလာခံ
နှစ်ကြိမ်ကျင်းပကာ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ပေးခဲ့သည်။ နှစ်စဉ် အောက်တိုဘာလ ၁
ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့”ဟု ဂုဏ်ပြုသတ်မှတ်ပေးခဲ့
သည်။ သက်ကြီးပုဂ္ဂိုလ်များ၏ ဘဝလုံခြုံမှုရပိုင်ခွင့်များရရှိလာစေရန်အလို့ငှာ ၁၉၉၁
ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံက အခြေခံမူများချမှတ်ပေးခဲ့သည်။ ယင်းတို့မှာ သက်ကြီးပုဂ္ဂိုလ်များ
စားဝတ် နေရေးနှင့် ရုပ်ပိုင်းနှင့် စိတ်ပိုင်းကျန်းမာရေး
စောင့်ရှောက်မှုများရရှိခွင့်၊ အခြားဝင်ငွေရှာဖွေနိုင်သည့်
အခွင့်အလမ်းများရရှိခွင့်၊ အသင်းအဖွဲ့များတွင် ပါဝင်ဖွဲ့စည်းဆောင်ရွက်ခွင့်၊ ရေရှည်ဘဝဖွံ့ဖြိုးမှုအတွက်
လူ့အဖွဲ့အစည်း၏ ပညာရေး၊ ယဉ်ကျေးမှုနှင့် အပန်းဖြေမှုဆိုင်ရာ အရင်းအမြစ်များရရှိ
သုံးစွဲခွင့်၊ လူ့ဂုဏ်သိက္ခာနှင့် လေးစားထိုက်သူများ ဖြစ်စေခွင့်
စသည်တို့ဖြစ်ပါသည်။
သက်ကြီးသူများဘဝ
စိုပြည်လှပစေဖို့
အထက်ပါအခြေခံမူများနှင့်အညီ
သက်ကြီးပုဂ္ဂိုလ်များ၏ လိုအင်ဆန္ဒ၊ ကျန်းမာပျော်ရွှင်လိုမှု၊ ရရှိခံစားအပ်သော အခွင့်အရေးများကို
အထူးအလေးထားဖော်ဆောင်ပေးရန် မျိုးဆက်သစ်များ အားလုံးတွင် တာဝန်ရှိပါသည်။ သို့ဖြစ်ရာ
ကမ္ဘာတစ်ဝန်းလုံး၌ ဒေသအလိုက် မတူကွဲပြားသော ပထဝီဝင်အနေအထား၊ ယုံကြည်ကိုးကွယ်ရာ
ဘာသာ၊ ယဉ်ကျေးမှုဓလေ့ထုံးစံ၊ ဓနအင်အား စသည်တို့နှင့် အပ်စပ်လျော်ညီသော အစီအမံများ၊
မူဝါဒများချမှတ်၍ အားသွန်ခွန်စိုက် ဆောင်ရွက်ကြ ဖို့လိုပြီ။
သက်ကြီးပုဂ္ဂိုလ်များဘဝ ပိုမိုစိုပြည်လှပ စေရန် ဖြည့်ဆည်းပေးလိုသောဆန္ဒ၊
ချမ်းသာသုခ ပြည့်ဝစေလိုသော စေတနာ၊ ဆောင်ရွက်ပေးနိုင်သော လုပ်ပိုင်ခွင့်များဖြင့် ဘက်စုံထောင့်စုံက
ဖြည့်စွမ်း ပေးကြရပါမည်။ ဤသို့ဆောင်ရွက်ပေးနိုင်သည်နှင့်အမျှ ၎င်းတို့အတွက်
စိုးရိမ်သောကဖြစ်ရမှုများ၊ နောက်ဆံတင်းရမှုများမရှိဘဲ မိမိနိုင်ငံ၊ မိမိဒေသ၊
မိမိလူမျိုးနှင့် မိမိမိသားစုအတွက် ပြင်းပြသော ရည်မှန်းချက်နှင့် ဘဝရှင်သန်ရပ်တည်မှုအတွက်
ဆောင်ရွက်ဖွယ်ရာ လုပ်ငန်းဆောင်တာအဖြာဖြာကို လွတ်လပ်ပေါ့ပါးပျော်ရွှင်စွာ
ဆောင်ရွက်နိုင်မည်မှာ မလွဲပေ။ ထို့ကြောင့် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ
သက်ကြီးပုဂ္ဂိုလ်များနေ့ ဦးတည်ချက်ဆောင်ပုဒ်ကို “Older Persons Driving Local and Global Action: Our
Aspirations, Our Well-Being, Our Rights” ဟု ချမှတ်တိုက်တွန်း နှိုးဆော်လိုက်ခြင်း
ဖြစ်ပေမည်။
ကျားကြီးခြေရာကြီးဆောင်ရွက်နိုင်မှု
ဂျပန်၊
ဂျာမနီ၊ ဗြိတိန်၊ အမေရိကန် စသည့်ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အသက် ၆၅
နှစ်နှင့်အထက် သက်ကြီးအရေအတွက်သည် နိုင်ငံ့လူဦးရေ၏ ၂၀ ရာခိုင်နှုန်းအထက်သို့ ရောက်ရှိနေပြီဖြစ်ရာ
သက်ကြီးဝန်ဆောင်မှုလုပ်ငန်းများကို ယခင်ကထက် တိုးမြှင့်ဆောင်ရွက်နေရပေပြီ။
အထူးသဖြင့် သက်ကြီးပုဂ္ဂိုလ်ဦးရေ စံချိန်တင်မြင့်တက်နေသော ဂျပန်နိုင်ငံတွင် လုပ်သားအင်အားရှားပါးမှုကြောင့်
ပြည်ပနိုင်ငံများမှ ကျွမ်းကျင်စောင့်ရှောက်ရေး ဝန်ထမ်းများ ငှားရမ်းရသည်သာမက စက်ရုပ်
သူနာပြုများကို တွင်ကျယ်စွာ အသုံးပြုနေရပြီဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်
Waku Waku Japanese
Language Academy မှ ဂျပန်ဘာသာစကားသင်တန်းနှင့်
သက်ကြီးပုဂ္ဂိုလ်စောင့်ရှောက်ရေး သင်တန်းဆင်း များစွာတို့သည် ဂျပန်နိုင်ငံသို့ သွားရောက်လုပ်ကိုင်လျက်ရှိကြသည်။
အချို့နိုင်ငံများတွင် ဆေးပညာနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်သောနိုင်ငံများသို့
သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှု ခံယူသည့်ခရီးသွားလုပ်ငန်း (Medical
Tourism) သာမက သက်ကြီးပုဂ္ဂိုလ်စောင့်ရှောက်မှုခရီးသွားလုပ်ငန်း (Elderly
Care Tourism-ECT) ကိုပါ တိုးချဲ့ဆောင်ရွက်နေပြီဖြစ်သည်။
တရုတ်နိုင်ငံတွင်လည်း သက်ကြီးပုဂ္ဂိုလ်များအတွက်
ပျော်ရွှင်ဖွယ်ခရီးသွားအတွေ့အကြုံများ ဖန်တီးပေးရန် နောက်ဆုံးပေါ် ခရီးသွားဝန်ဆောင်မှုများဖြင့်
သက်ကြီးပုဂ္ဂိုလ်အပန်းဖြေရထားပြေးဆွဲခြင်း လုပ်ငန်းကို စတင်ဆောင်ရွက်နေပြီဟု
သိရသည်။ အထက်ပါဖွံ့ဖြိုးပြီးနိုင်ငံအချို့၏ ကျားကြီးခြေရာကြီး
ဆောင်ရွက်နိုင်မှုများအပေါ် မုဒိတာပွားမိပါသည်။ သို့ရာတွင် ဓနအင်အားမကြွယ်ဝသေးသော
ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် မိမိဒေသ၊ မိမိနိုင်ငံနှင့် လျော်ညီသော
“အဖိုးနည်းဝန်ပါ” သက်ကြီးပုဂ္ဂိုလ် စောင့်ရှောက်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်
ဆောင်ရွက်ကြရမည်သာဖြစ်ပါသည်။
အသက်အရွယ်ကြီးသူတို့ကို
အလေးအမြတ်ပြု
အပရိဟာနိယဟူသည့်
တိုင်းပြည်စည်ကားတိုးတက်ကြောင်းတရား ခုနစ်ပါးတွင် “အသက်အရွယ်ကြီးသူတို့ကို
အလေးအမြတ်ပြုခြင်း” သည် တစ်ပါးအပါအဝင်ဖြစ်သည်။ နိုင်ငံတော်အစိုးရက
သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံကိန်းနှင့် မြန်မာနိုင်ငံလူမှုကာကွယ်စောင့်ရှောက်ရေး
အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းကို ၂၀၁၄ ခုနှစ်ကတည်းက
ချမှတ်ဆောင်ရွက်လျက်ရှိသည်။ သက်ကြီးရွယ်အိုများ ဆိုင်ရာဥပဒေ (၂၀၁၆) နှင့် နည်းဥပဒေများ
(၂၀၂၂) တို့ကိုပြဋ္ဌာန်းကာ မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများ ဆိုင်ရာကော်မတီနှင့် ဒေသဆိုင်ရာ
အဆင့်ဆင့်သော ကော်မတီများကို ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစ၍
သက်ကြီးလူမှုရေးပင်စင်ထောက်ပံ့မှုကို ဆောင်ရွက်ခဲ့သည်။ တစ်နိုင်ငံလုံးရှိ အသိအမှတ်ပြု
ဘိုးဘွားရိပ်သာများနှင့် သက်ကြီးသူချင်းကူညီစောင့်ရှောက်ရေးအဖွဲ့များကို နှစ်စဉ်ထောက်ပံ့မှုပြုလျက်ရှိသည်။
များမကြာမီ အရွယ်တစ်ခုသို့ ရောက်ရှိလာတော့မည့် လူငယ်လူရွယ်များ ဘဝနောင်ရေးစိတ်အေးနိုင်ရန်နှင့်
သက်ကြီးပုဂ္ဂိုလ်များ၏ ဂုဏ်သိက္ခာ၊ ကျန်းမာရေး၊ လုံခြုံရေး၊ အမှီအခိုကင်းကင်းနှင့်
ရပ်တည်နိုင်ရေးအတွက် “အမျိုးသားအဆင့် သက်ကြီးမူဝါဒ” (မူကြမ်း) ရေးဆွဲပြီးဖြစ်သည်ဟု
သိရ၍ ဝမ်းမြောက်ကြည်နူးမိပါသည်။
လူငယ်နှင့်
သက်ကြီးပုဂ္ဂိုလ် စောင့်ရှောက်ရေးတာဝန်
လူကြီးမိဘဆရာသမားတို့၏
ဂုဏ်ကျေးဇူးကို တန်ဖိုးထားခြင်းနှင့် စောင့်သိရိုသေခြင်းသည် ဘိုးစဉ်ဘောင်ဆက်
ထိန်းသိမ်းစောင့်ရှောက်ခဲ့သော မြန်မာ့ယဉ်ကျေးမှုအစဉ်အလာတစ်ရပ် ဖြစ်ပါသည်။
ထိုအစဉ်အလာကို ခေတ်မီမီ ကမ္ဘာကြည့်ကြည့်မြင်၍ လက်ဆင့်ကမ်း ထမ်းရွက်ကြရေးမှာ
မျိုးဆက်သစ်တိုင်း၏ တာဝန်ပင်ဖြစ်သည်။ သက်ကြီးပုဂ္ဂိုလ် စောင့်ရှောက်မှုသည်
မလွှဲသာ၍ စောင့်ရှောက်ရမည့် ဝတ္တရားတစ်ခုမဟုတ်ဘဲ မလွဲမသွေ သားစဉ်မြေးဆက် ထမ်းရွက်ရမည့်တာဝန်ဖြစ်ကြောင်း
မျိုးဆက်သစ်များ ခံယူကျင့်သုံးတတ်အောင် ရှေ့ဆောင်လမ်းညွှန်မှုပြုကြရပါမည်။ “စာရိတ္တဖွံ့ဖြိုးမှုအစ
ပြည်သူ့နီတိက” ဆိုသည့်အတိုင်း အခြေခံပညာကျောင်းများ၌ စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ်ပို့ချရာတွင်လည်းကောင်း၊
ဓမ္မကျောင်းတော်ခေါ် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းများတွင်လည်းကောင်း လူကြီးမိဘဆရာသမားများ၏
ဂုဏ်ကျေးဇူးကို အထူးသိမြင်၍ ပြန်လည်ပေးဆပ်သင့်ကြောင်းကို ယခင်ကထက်ပို၍ အကျယ်တဝင့်ဆွေးနွေးပို့ချသင့်ပေသည်။
ထို့အပြင် အမြို့မြို့အနယ်နယ်တွင် ကျင်းပနေကြသော လူငယ်ဆွေးနွေးပွဲများ၊
စကားဝိုင်းများ၊ ဟောပြောပွဲနှင့် Talk Show များတွင် “လူငယ်နှင့် သက်ကြီးပုဂ္ဂိုလ်စောင့်ရှောက်ရေးတာဝန်”
ဟူသော ခေါင်းစဉ်တစ်ရပ်ကို ထည့်သွင်းဆွေးနွေးရန် အကြံပြုလိုပါသည်။ သို့မှသာ
တစ်ယောက်ကစတစ်ရာဆိုသည့်အတိုင်း အသိမကြွယ်သေးသော ကလေးသူငယ်များစွာကို
စည်းရုံးစေ့ဆော်နိုင်မည်ဖြစ်ပါသည်။
ကျန်းမာတက်ကြွသော
သက်ကြီးဘဝရရှိကြဖို့
တိုးတက်ခိုင်မာအားကောင်းသော
လူမှုအသိုက်အဝန်းကို ဖော်ဆောင်ရာတွင် သက်ကြီးပုဂ္ဂိုလ်များအားလုံး ရုပ်ပိုင်းရော စိတ်ပိုင်းပါကျန်းမာကြဖို့လိုသည်။
အစောင့်ရှောက်ခံ၊ အပြုစုခံ လူတစ်စုမဟုတ်ဘဲ ၎င်းတို့၏ ကာယစွမ်းအား၊
ဉာဏစွမ်းအားဖြင့် လူ့ဘောင်လောကကို ဆက်လက်အကျိုးပြုနိုင်မည့်
အင်အားစုကြီးတစ်ရပ်ဖြစ်လာဖို့လိုသည်။ လုပ်နိုင်ကိုင်နိုင်စွမ်းရှိသေးသော သက်ကြီးပုဂ္ဂိုလ်များအတွက်
သင့်လျော်သော အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးကြရပါမည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက
ခံယူကျင့်သုံးသော ကျန်းမာတက်ကြွ သက်ကြီးဘဝ (Active and healthy ageing) ကိုရရှိအောင်
ကူညီဆောင်ရွက်ပေးကြရပါမည်။ ၎င်းတို့ဝါသနာထုံရာနယ်ပယ်တွင် လွတ်လပ်စွာ သက်ဝင်လှုပ်ရှားနိုင်မည့်
Senior Activity Center များ၊ သက်တူရွယ်မျှ မိတ်ဆွေ
အပေါင်းအသင်းများနှင့် မကြာခဏတွေ့ဆုံနှီးနှောနိုင်မည့် Age Friendly
Environment အစီအစဉ်များ၊ ပရဟိတသင်္ဂဟလုပ်ငန်းများတွင်
ပါဝင်မွေ့လျော်နိုင်ရေးစသည်ဖြင့် စိတ်ပျိုကိုယ်နု ဇရာကို အန်တုနိုင်သူ
များဖြစ်အောင် ဖြည့်ဆည်းပေးကြရပါမည်။ အစိုးရ/ ပုဂ္ဂလိက သက်ကြီးနေ့ပိုင်း စောင့်ရှောက်ရေးဂေဟာများ
တိုးပွားလာရန်လိုအပ်သကဲ့သို့ အနယ်နယ်အရပ်ရပ်ရှိ ဘိုးဘွားရိပ်သာများအရှည်ခံ့၍
တည်တံ့အောင် ဝိုင်းဝန်းထောက်ပံ့လှူဒါန်းကြရပါမည်။ ဝန်ထမ်းဟောင်းအသင်းများအပါအဝင်
သက်ကြီးသူချင်း ကူညီစောင့်ရှောက်ရေးအသင်းများ
ပိုမိုခိုင်မာအားကောင်းလာရေးအတွက်လည်း ပံ့ပိုးကူညီပေးကြရပါမည်။
သို့ဖြစ်၍
ဖြည့်ကျင့်စီမံဆောင်ရွက်ဖွယ်ရာ အဖြာဖြာကို ဘက်စုံထောင့်စုံမှ ရှုမြင်သုံးသပ်၍
အားသွန်ခွန်စိုက်ဆောင်ရွက်ကြရပါမည်။ သို့မှသာ မိမိတို့၏ လူကြီးသူမသက်ကြီးဝါကြီးများကို
လက်ငင်းကျေးဇူးပြုနိုင်မည်ဖြစ်သည့်အပြင် နောင်တိုးပွားလာမည့်
သက်ကြီးပုဂ္ဂိုလ်များကိုလည်း ဝမ်းပန်းတသာလက်ကမ်းကြိုဆိုစောင့်ရှောက်နိုင်မည်ဖြစ်ပါကြောင်း
တင်ပြအပ်ပါသည်။ ။
No comments:
Post a Comment