မြင့်မြတ်
နိုင်ငံတိုင်းဟာ ကိုယ့်အမျိုးသားအကျိုးစီးပွားကသာ ပထမ၊ ဦးစားပေးရမယ့် အရေးဖြစ်တဲ့အတွက်ကြောင့် မိမိအကျိုးစီးပွားထိပါးခံရတဲ့အခါ အကျိုးစီးပွားတူရာချင်းပေါင်းစည်းမိတဲ့ သဘောရှိပါတယ်။ ထာဝရမိတ်ဆွေ ထာဝရရန်သူဟူသည်မရှိ၊ ထာဝရအကျိုးစီးပွားသာလျှင်ရှိတယ်၊ ရန်သူရဲ့ရန်သူဟာ မိတ်ဆွေဖြစ်တယ်ဆိုတဲ့ သဘောတရားတွေက တစ်ဖက်သတ် စိုးမိုးအနိုင်ကျင့်ခံနေရတဲ့နိုင်ငံတွေအတွက် ယခုအခါအမှန်တရားတစ်ခုဖြစ်လာတယ်။ ယနေ့တွေ့မြင်ရတဲ့ နိုင်ငံတကာမြင်ကွင်းတွေအရ ထိုသဘောတရားမျိုးကို စက်တင်ဘာလ ၁ ရက် (SCO Summit 2025 Plus)မှာ ထင်ထင်ရှားရှား တွေ့မြင်လာရပါတယ်။
Shanghai စိတ်ဓာတ်အတိုင်း ပူးပေါင်းဆောင်ရွက်မယ်
ယနေ့ကမ္ဘာကြီးမှာ
ဗဟုစုံကမ္ဘာကြီးရဲ့ Multi-polar
world က New world order အစီအစဉ်သစ်အတိုင်း
သွားနေတဲ့လမ်းကြောင်းဖြစ်တဲ့အတွက် မျက်ခြည်မပြတ်ဖို့ လိုပါတယ်။ ယနေ့ခေတ်မှာ
ပြောင်းလဲလာတဲ့ နိုင်ငံတကာဆက်ဆံရေးအနေအထားအရ လွတ်လပ်တဲ့ နိုင်ငံခြားရေးမူဝါဒ၊
တန်းတူရည်တူညီမျှမှု၊ ကိုယ်ပိုင်ရွေးချယ်ခွင့် စတဲ့သဘောတရားတွေနဲ့
လိုက်ဖက်ဖို့ဆိုရင် Multipolar world အစီအစဉ်အတိုင်းသွားရမှာဖြစ်ပါတယ်။
ဒီသဘောတရားများနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ တစ်ဦးတည်း ဧကရာဇ်ဆန်စွာ စိတ်ကြိုက်ကြီးစိုး
ခြယ်လှယ်ခွင့်၊ စွက်ဖက်ခွင့်ရနေတဲ့ Unipolar world ကို ကမ္ဘာ့နိုင်ငံတွေဟာ
တဖြည်းဖြည်းဖယ်ကြဉ်လာနေတာကြောင့်ဖြစ်ပါတယ်။
ယနေ့ SCO Shanghi Cooperation Organization ထိပ်သီးညီလာခံက ချမှတ်ထားတဲ့ ဆောင်ပုဒ်သဘောတရား၊ ပြသချက်၊ ပြောဆိုဆွေးနွေးချက်တွေအားလုံး
ဒီသဘောတရားအပေါ်မှာပဲ အခြေခံကြတယ်။ ဖိအားပေးမှုတွေကို တုံ့ပြန်ရမယ်၊
ဘယ်လိုတုံ့ပြန်မလဲ၊ ညီလာခံမှာ နိုင်ငံတော်အကြီးအကဲရဲ့ ဆွေးနွေးချက်များမှာလည်း
ပါခဲ့ပြီး ဖြစ်ပါတယ်။ စီးပွားရေးအရ ပေါင်းစည်းကြမယ်၊ ယဉ်ကျေးမှုချင်းဖလှယ်ကြမယ်၊ ဥရောပ-အာရှဒေသတွေရဲ့
မျှော်မှန်းချက်များနဲ့အတူ ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်ကြမယ်၊ ငြိမ်းချမ်းအောင်လုပ်မယ်၊
တည်ငြိမ်အောင်လုပ်မယ်၊ သာယာဝပြောအောင်လုပ်မယ်၊ ထားရမယ့်စိတ်ဓာတ်က အပြန်အလှန်ယုံကြည်မှု၊
အပြန်အလှန်တန်ဖိုးထား လေးစားမှု၊ သာတူညီမျှမှု၊ ဘုံဖွံ့ဖြိုးတိုးတက်မှုကို
ထင်ဟပ်နေတဲ့ ရှန်ဟိုင်းစိတ်ဓာတ် (Shanghai Spirit)၊
ဒီစိတ်ဓာတ်အတိုင်း လက်တွဲဆောင်ရွက်ကြမယ့် ကတိကဝတ်ကို နိုင်ငံအားလုံးက လက်ခံပြီး
ဖြစ်တဲ့အတွက် ဒီစိတ်ဓာတ်အတိုင်း ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် SCO ရဲ့မျှော်မှန်းချက်တွေလည်း ပြည့်ဝလာမှာဖြစ်ပါတယ်။
SCO ဆောင်ပုဒ်နဲ့ တစ်ထပ်တည်းကျတဲ့ Agenda သုံးခု
၂၀၀၁
ခုနှစ် ဇွန်လ ၁၅ ရက်၊ ရှန်ဟိုင်းမှာ စတင်ဖွဲ့စည်းစဉ်က မူလခြောက်နိုင်ငံ၊
ထပ်တိုးအဖွဲ့ဝင်သစ်လေးနိုင်ငံနဲ့ ၁၀ နိုင်ငံဖြစ်လာခဲ့ပြီး ဆွေးနွေးဖက်မြန်မာနိုင်ငံအပါအဝင်
စောင့်ကြည့်၊ ဖိတ်ခေါ်နိုင်ငံတွေအပါအဝင် ၂၄ နိုင်ငံ တက်ရောက်ခဲ့တဲ့ SCO ညီလာခံကြီးကနေ
ဘယ်လိုအစီအစဉ်သစ်တွေကို လမ်းညွှန်နေပါသလဲ။ ထင်ရှားစွာတွေ့ရတဲ့အချက်က ကမ္ဘာ့တောင်ခြမ်းနိုင်ငံတွေရဲ့
ပူးပေါင်းပါဝင်လာမှု၊ ထိုမှတစ်ဆင့် အစုအဝေးကြီးတစ်ခုအနေနဲ့ စုစည်းညီညွတ်မှုပါပဲ။
ချမှတ်ထားတဲ့ ဆောင်ပုဒ်အရ ဘက်စုံမူဝါဒကို ကျင့်သုံးကြမယ်၊ ဒေသတွင်းလုံခြုံရေးကို
ထိန်းသိမ်းကြမယ်၊ ထိုမှတစ်ဆင့် ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို
မြှင့်တင်ကြမယ်ဆိုတဲ့ အစီအစဉ်တွေကို တွေ့ရတယ်။
ထိုဆောင်ပုဒ်အောက်မှာပဲ
တရုတ်ပြည်သူ့ သမ္မတနိုင်ငံသမ္မတကြီးက ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုပဏာမအဆိုပြုချက်
ငါးချက် (Global
Governance Initiative)ကို တင်သွင်းခဲ့တယ်။ ထိုငါးချက်ကို
နိုင်ငံအများစုက ထောက်ခံကြကြောင်းလည်း သိရပါတယ်။ အကြောင်းက သူတို့တွေမှာ
ဘယ်တုန်းကမှ အသာမရခဲ့ဖူးတဲ့ တူညီတဲ့ခံစားချက်တွေ ရှိနေကြပြီး ယခုအခါ တူညီတဲ့
ဘုံရည်မှန်းချက်တွေ ရှိနေကြလို့ပါပဲ။ သူတို့ ဘယ်လိုအမြတ်ထုတ်ခံခဲ့ကြရသလဲ၊
စွက်ဖက်မှုတွေ၊ အနိုင်ကျင့်မှုတွေကို ဘယ်လိုခံခဲ့ကြရသလဲ။ ဒီလိုနိုင်ငံတွေ ယခုလို
စုစည်းမိသွားတာ မဆန်းပါဘူး။
အထူးသဖြင့်
တရုတ်၊ အိန္ဒိယ၊ ရုရှားလက်တွဲမှု အင်ပါယာသစ်က ဖြစ်သင့်တဲ့ ပါဝါသစ်တစ်ခုပါ။
ယခုလိုပူးပေါင်းမှုကို တောင်ကမ္ဘာခြမ်းနိုင်ငံများဆီက ပြည်သူအားလုံးက
ထောက်ခံနေကြမှာဖြစ်ပါတယ်။ ဒါကြောင့် ယနေ့တွေ့မြင်နေရတဲ့ SCO မြင်ကွင်းက
အလွန်အားရစရာကောင်းနေခြင်းဖြစ်ပါတယ်။ ခေါင်းဆောင်တွေကြား ရင်းနှီးမှုကတစ်ဆင့်
မဟာမိတ်ဆန်လာကြသလို မိတ်ဖက်နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်လာတဲ့
သင်္ကေတအများအပြားကိုပါ တွေ့မြင်လာရတယ်။ ပူးပေါင်းဆောင်ရွက်မှုဆိုတာ နိုင်ငံတွေအကြား
နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးစည်းမျဉ်းတွေကို စုပေါင်းချမှတ်ပြီး
စုပေါင်းဦးဆောင်ကြမယ့် သဘောတရားပါပဲ။ ထိုသို့ စုပေါင်းဦးဆောင်မှုကပင် ကမ္ဘာကြီးမှာ
တစ်ဦးတည်းချုပ်ကိုင်ခွင့်၊ ထိန်းချုပ်ခွင့်၊ ခြယ်လှယ်ခွင့်များနဲ့ ဆန့်ကျင်ဘက်အသွင်ကို
ဆောင်သလို ဖြစ်သွားရပါတယ်။
GGI မှာပါဝင်နေသော စီမံကိန်းများ
ယနေ့ကမ္ဘာကြီးမှာ
ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်ရေးကို အထူးလိုအပ်နေပါတယ်။ မြန်မာနိုင်ငံအပါအဝင်
ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ လိုအပ်ချက်ကလည်း ဒီနှစ်ချက်ပါပဲ။ လက်ရှိ SCO ဦးဆောင် တရုတ်၊
ရုရှား၊ အိန္ဒိယနိုင်ငံကြီးတို့ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးတည်ဆောက်မှုနဲ့
နိုင်ငံဖွံ့ဖြိုးတိုးတက်မှုမှာ အရေးပါတဲ့ကဏ္ဍကနေ အစဉ်တစိုက်ထောက်ခံအားပေးကူညီနေတဲ့
နိုင်ငံတွေဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ SCO အဖွဲ့ဝင်ဖြစ်လာရေး၊
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေမှုတွေအပေါ် ထောက်ခံမှုပေးရေးနဲ့
ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေးမှာပိုပြီး လျင်မြန်အားကောင်းလာမယ့် သဘောတွေတွေ့မြင်လာရပါတယ်။
ဒီအချက်တွေဟာ SCO ရဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို
မြှင့်တင်ပေးဖို့ဆိုတဲ့ မူဝါဒနဲ့လည်း ကိုက်ညီပါတယ်။
သာဓကတစ်ခုအနေနဲ့ကြည့်ရင်
နိုင်ငံတော်အကြီးအကဲ တရုတ်နိုင်ငံ တီယန်ကျင်းမြို့ကို ရောက်ရှိခိုက် Tangla Hotel မှာ
မြန်မာ-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး တွေ့ဆုံပွဲမှာ
ပြောကြားချက်တွေအရ မြန်မာနိုင်ငံဟာ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေနဲ့
နယ်နိမိတ်ချင်း ထိစပ်နေတဲ့အတွက် ယင်းနိုင်ငံတွေနဲ့ ကုန်သွယ်မှုတိုးမြှင့်နိုင်မယ့်
အခွင့်အလမ်းများ၊ တရုတ်နိုင်ငံဟာ ရုရှားနဲ့ မြန်မာနိုင်ငံတို့ကြားမှာ
တည်ရှိနေတဲ့အတွက် တရုတ်-ရုရှား-မြန်မာနိုင်ငံ တို့ကြားမှာ ကုန်သွယ်ရေးကဏ္ဍ တိုးချဲ့နိုင်မယ့်အလားအလာများ၊
RECP သဘောတူညီချက်အရ တရုတ်-မြန်မာနဲ့ တရုတ်-အာဆီယံ ဒေသတွင်း
ပူးပေါင်းဆောင်ရွက်နိုင်မယ့်အလားအလာများ၊ တရုတ်နိုင်ငံက ဦးဆောင်နေတဲ့ BRI ရဲ့အစိတ်အပိုင်း တစ်ခုအနေနဲ့ ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာစီးပွားရေး
စင်္ကြံနဲ့ တရုတ်-အင်ဒိုချိုင်းနား စင်္ကြံ၊ မြန်မာ-အိန္ဒိယ-တရုတ်
ပူးပေါင်းဆောင်ရွက်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအသင်း MICA စတဲ့ SCOရဲ့အောက်က ဒေသတွင်းပူးပေါင်းဆောင်
ရွက်မှုအစီအစဉ်တွေဟာ အောင်မြင်မယ့်အလား အလာများရှိလာကြောင်း သိရှိရပါတယ်။
ပြောရမယ်ဆိုရင်
တရုတ်နိုင်ငံက ကြီးမှူး ဆောင်ရွက်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု
ဦးစီးဦးဆောင်ပြုမှုအစီအစဉ် (Global Gover-nance Initiative)မှာရှိနေတဲ့ မြန်မာနိုင်ငံရဲ့
ပူးပေါင်းဆောင်ရွက်မှုတွေကို တွေ့မြင်လိုက်ရခြင်းဖြစ်ပါတယ်။ စီမံကိန်းကနေ
လက်တွေ့အကောင်အထည်ဖော်သွားမှာဖြစ်ပြီး ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံတွေအတွက်
ပိုမိုတိုးတက်အောင်မြင်လာမယ့် အခြေအနေကောင်းတွေအဖြစ် ယခုအခါမြင်တွေ့ နေရပါပြီ။
အခြေအနေကောင်းတွေ
ဖန်တီးနိုင်ဖို့ဆိုရင် တရုတ်နိုင်ငံသမ္မတကတင်သွင်းခဲ့တဲ့ Governance ဟာ Good
Governance ကမ္ဘာလုံးဆိုင်ရာ ကောင်းမွန်တဲ့ အုပ်ချုပ်မှုဖြစ်နေဖို့လိုပါတယ်။
ကောင်းမွန်တဲ့အုပ်ချုပ်မှုဆိုရာမှာ သာတူညီမျှမှု၊ အားလုံးပါဝင်မှု၊
စုပေါင်းဦးဆောင်မှု၊ ဘက်မလိုက်မှု၊ အဂတိကင်းစင်မှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူတာဝန်ခံမှု၊
တရားဥပဒေစိုးမိုးမှု စတဲ့အချက်တွေ ပါဝင်ပါတယ်။ ယနေ့ခေတ်ကြီးမှာ အရေးတကြီးဖြေရှင်းရမယ့်
အစီအစဉ်များစွာရှိတဲ့အနက် တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးက အလွန်အရေးကြီးပါတယ်။
လုံခြုံရေးက နိုင်ငံတိုင်းအတွက်၊ ဒေသတွင်းအတွက် လက်ရှိအရေးကြီးတဲ့ အခြေအနေမှာရှိနေပါတယ်။
အဓိကရင်ဆိုင်ရတဲ့ပြဿနာက အကြမ်းဖက်၊ ခွဲထွက်အန္တရာယ်၊ နယ်စပ်ဖြတ်ကျော်မှုခင်းနဲ့
မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေပါပဲ။ ဒီအန္တရာယ်တွေကပဲ နိုင်ငံငယ်တွေရဲ့
အချုပ်အခြာနဲ့ လူမှုစီးပွားဘဝတွေကို ခြိမ်းခြောက်နိုင်စွမ်းရှိနေတာကို
အထူးသတိရှိကြရမှာ ဖြစ်ပါတယ်။
သုံးသပ်ရမယ်ဆိုရင်တော့
ယနေ့ SCO အဖွဲ့ကြီးက
တိုးတက်မှုတွေနဲ့ ရှေ့ဆက်နေပြီလို့ဆိုနိုင်ပါတယ်။ အစည်းအဝေးကနေ မြန်မာနိုင်ငံအတွက်
ရလဒ်ကောင်းများစွာလည်း ပေါ်ထွက်ခဲ့ပါတယ်။ ကမ္ဘာ့ပါဝါခေါင်းဆောင်များနဲ့ တွေ့ဆုံဆွေးနွေးမှု၊
နိုင်ငံရေးအရ အသိအမှတ်ပြုမှု၊ နိုင်ငံတကာမှာ လက်ရှိပူးပေါင်းဆောင်ရွက်နေမှုများအပေါ်
အသိအမှတ်ပြုမှု၊ SCO အမြဲတမ်းအဖွဲ့ဝင်အဖြစ် ထောက်ခံမှု၊
ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အသိအမှတ်ပြုအားပေးကူညီထောက်ခံမှု၊
မြန်မာနိုင်ငံရဲ့စီးပွားရေးအပါအဝင် ကဏ္ဍပေါင်းစုံမှာ
တိုးတက်ဖွံ့ဖြိုးရေးအစီအစဉ်များအတွက် ပူးပေါင်းဆောင်ရွက်မယ့်အစီအစဉ်များ၊
တစ်နည်းအားဖြင့် နိုင်ငံတည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာမခံချက်များ
ရရှိခဲ့ပြီလို့ ဆိုရမှာဖြစ်ပါတယ်။
ဒါပေမယ့်
အဖွဲ့ကြီးအတွက် စိန်ခေါ်မှုတွေကတော့ အမြဲရှိနေမှာပါ။ အဖွဲ့ကြီးရဲ့ စုစည်းညီညွတ်မှု
အားနည်းအောင်၊ ပြိုကွဲအောင် သပ်လျှိုသွေးခွဲမှု၊ တိုက်ခိုက်မှုတွေ ရှိလာနိုင်ပါတယ်။
နဂိုရှိပြီးသား ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေက SCO ကို ပြိုင်ဆိုင်ဖို့အတွက်
ပြုပြင်ပြောင်းလဲမှုတွေ၊ ပြန်လည်ပြင်ဆင်ဖွဲ့စည်းမှုတွေ တိုးချဲ့လာနိုင်တယ်။ SCO
အဖွဲ့ဝင်ဖြစ်ပြီး အဖွဲ့ဝင်ဖြစ်ဖို့ တာစူနေတဲ့ နိုင်ငံ
ငယ်တွေရဲ့အစိုးရတွေကို အပြောင်းအလဲဖြစ်အောင် အဖျက်အမှောင့်တွေ၊
သွေးခွဲဖျက်ဆီးမှုတွေ ရှိလာနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဖွဲ့ဝင်တွေက ဘယ်ဖိအားမဆို
ကြံ့ကြံ့ခံရပ်တည်နိုင်စွမ်း ရှိရပါမယ်။ လက်ရှိညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုစွမ်းအားအတိုင်း
ညီညီညွတ်ညွတ်နဲ့သာ ဆက်လက်ချီတက်ရင် ... ကမ္ဘာမှာ မတူကွဲပြားမှုကို လက်ခံတဲ့
နိုင်ငံတကာ စနစ်တစ်ခုကို ပီပီပြင်ပြင် အကောင်အထည် ဖော်နိုင်ခဲ့ရာကနေ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို
အရှိန်မြှင့်တင်နိုင်တော့မယ့် အရွေ့တစ်ခုဖြစ်ဖို့ ပိုလို့ သေချာသွားပါပြီ။
ဆိုလိုတာက
မတည်ငြိမ်မှုမှသည် တည်ငြိမ်မှု၊ မငြိမ်းချမ်းမှုကနေ ငြိမ်းချမ်းတဲ့
ကမ္ဘာကြီးဖြစ်လာမယ်၊ သာတူညီမျှမရှိတဲ့ အနေအထားကနေ ညီညွတ်မျှတတဲ့ အေးအတူပူအမျှ
အနေအထားတစ်ခုကို ရောက်လာမယ်၊ လုံခြုံမှုကင်းမဲ့နေတဲ့ လူ့အဖွဲ့အစည်းတွေအတွက်
လုံခြုံမှုတွေရှိလာမယ်၊ ဖိနှိပ်မှု၊ စွက်ဖက်မှု၊ အနိုင်ကျင့်မှုတွေမရှိတဲ့ ယဉ်ကျေးတဲ့
အသိုင်းအဝိုင်းတွေ ပေါ်ပေါက်လာမယ်၊ စီးပွားရေး၊ လူမှုရေးကဏ္ဍတွေမှာ
တိုးတက်ဖွံ့ဖြိုးမှုတွေ ရရှိလာမယ်။ ဒီအချက်တွေဟာ SCO ရဲ့ အသီးအပွင့်တွေအဖြစ်
ဆက်လက်မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။
SCO ရဲ့ ညီညွတ်မှုနဲ့ တိုးတက်မှုကို ပြသနိုင်စွမ်းတဲ့ ရှန်ဟိုင်းစိတ်ဓာတ်ကို
နမူနာယူပြီး မြန်မာနိုင်ငံမှာလည်း မြန်မာတို့ရဲ့မြန်မာစိတ်ဓာတ်နဲ့
စည်းလုံးညီညွတ်မှုစိတ်ဓာတ်ကို ပြသကြဖို့ ဖြစ်ပါတယ်။ လက်ရှိအခြေအနေက နိုင်ငံမှာတည်ငြိမ်အေးချမ်းမှုနဲ့
ဖွံ့ဖြိုးတိုးတက်ဖို့က အလွန်အရေးကြီးတဲ့ အချိုးအကွေ့တစ်ခုမှာ ရောက်ရှိနေပါတယ်။
နိုင်ငံတော်အကြီးအကဲနဲ့ တာဝန်ရှိသူတွေကတော့ နိုင်ငံရဲ့ဂုဏ်နဲ့
မြန်မာတို့ရဲ့သိက္ခာကို ကမ္ဘာ့လူဦးရေ ထက်ဝက်ကျော်ကို ကိုယ်စားပြုတဲ့ နိုင်ငံတွေရဲ့
အလယ်မှာထည်ထည်ဝါဝါ မြှင့်တင်ပေးခဲ့ပြီးဖြစ်ပါတယ်။ နိုင်ငံတိုးတက်ဖို့
သာယာဝပြောဖို့အခြေအနေကောင်းတွေ၊ အခွင့်အလမ်းကောင်းတွေကို ယခုလို
အရယူနိုင်ခဲ့တဲ့အပေါ် ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးမှုလိုလားတဲ့ ပြည်သူအားလုံးကလည်း
ဖော်ပြပါ SCO အစီအစဉ်များကို အလေးအနက်ထားထောက်ခံလျက်ရှိနေပါကြောင်း
ရေးသားတင်ပြလိုက်ရပါတယ်။ ။
No comments:
Post a Comment