နေပြည်တော် စက်တင်ဘာ ၂၅
အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီအစည်းအဝေး (၂/၂၀၂၅)ကို ယနေ့မွန်းလွဲ ပိုင်းတွင်ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ အရွယ်မရောက်သေးသူကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီဝင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်တပ်မတော်မှ တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီကို ၅-၁-၂၀၀၄ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကလေးသူငယ်များအား အတင်းအကျပ် တပ်သားသစ်အဖြစ်စုဆောင်းခြင်းမပြုရန်၊ ကလေးသူငယ်များ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်နှင့် ကလေးသူငယ်များ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်အတွက် ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရန် စသည့်ကော်မတီ၏ ရည်ရွယ်ချက် ၃ ရပ်ဖြင့် တပ်မတော်အတွင်း အသက် ၁၈ နှစ်မပြည့်သူများ စစ်မှုထမ်းဆောင်မှုမရှိစေရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အလားတူပင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာတွင် တပ်မတော် (ကြည်း) ပါဝင်နေခြင်းကို စာရင်းမှပယ်ဖျက်နိုင်ရန်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နှင့် Country Task Force on Monitoring and Reporting (CTFMR) တို့အကြား အရွယ်မရောက် သေးသူကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်း စီမံချက်(Plan of Action) ကို ၂၀၁၂ ခုနှစ် ဇွန် ၂၇ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီးကော်မတီနှင့် CTFMR တို့ ပူးပေါင်းဆောင်ရွက်ခဲ့ရာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ၂၇ ရက်တွင် သက်တမ်းကုန်ဆုံးခဲ့ပြီးဖြစ်ပါကြောင်း။
ထိုသို့ကော်မတီနှင့် CTFMR တို့အကြား Plan of Action သည် အသက်ဝင်ခြင်း မရှိ တော့သော်လည်း မြန်မာ့တပ်မတော်အနေဖြင့် ကလေးသူငယ်များ၏ အကျိုးစီးပွားကို ရှေးရှုလျက် မိမိတို့လုပ်ဆောင်ရန်ရှိသည့် လုပ်ငန်းများကို စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိပါကြောင်း၊ တပ်သားသစ်စုဆောင်းရေးကဏ္ဍတွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များ အား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်း ရေးကော်မတီနှင့် CTFMR တို့ သဘောတူသတ်မှတ် ပြဋ္ဌာန်းချက်များနှင့်အညီ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း များအတိုင်း အလေးထားလိုက်ပါ စုဆောင်းလျက်ရှိပါကြောင်း၊ အသိပညာပေးလုပ်ငန်းများကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကော်မတီအစည်းအဝေးများကို ပုံမှန်ကျင်းပလျက်ရှိပြီး ကော်မတီ၏ရည်မှန်းချက်အတိုင်း တပ်မတော်အတွင်း ကလေးစစ်သားအသုံးပြုမှုမရှိစေရေး တစိုက်မတ်မတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို CTFMR သို့ အသိပေး အကြောင်း ကြားလျက်ရှိပါကြောင်း။
Plan of Action လက်မှတ်ရေးထိုးခဲ့သည့် ၂၀၁၂ ခုနှစ်မှ ၂၀၂၅ ခုနှစ် ဩဂုတ်လအထိ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီနှင့် CTFMR တို့ ပူးပေါင်းပြီး အရွယ်မရောက်သေးမီ မှားယွင်းစုဆောင်းခဲ့သည့် အသက်မပြည့်စစ်သည် အမြဲတမ်းစစ်မှုထမ်း ၁၁၅၂ ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပြုကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပါကြောင်း၊ တပ်မတော်အနေဖြင့်လည်း တပ်သားသစ်စုဆောင်းရေးတပ်များတွင် စုဆောင်းရရှိသည့် တပ်သားသစ်များထဲမှ ငယ်ရုပ်မပျောက်သေးသူ၊ အသက်မပြည့်သေးသူဟု သံသယရှိသူများကို စိစစ်ရေးဘုတ်အဖွဲ့ဖြင့် စစ်ဆေးခြင်း၊ အရိုးဓာတ်မှန်ဖြင့် ရိုက်ကူး၍ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ရာ အသက်မပြည့်၍ ပြန်လည်စေလွှတ်ပေး ခဲ့သူ တပ်သားသစ်များရှိကြောင်း။
ထို့အပြင် ၂၀၁၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အကောင်အထည်ဖော်၍ ပြည်သူ့စစ်မှုထမ်းများ ဆင့်ခေါ်ခဲ့ပါကြောင်း၊ ယင်းဆင့်ခေါ်ခဲ့သူများထဲမှ အသက်ငယ်ရွယ်ကြောင်း စိစစ်တွေ့ရှိသူများကိုလည်း ပြန်လည်စေလွှတ်ပေးနိုင်ခဲ့ပါကြောင်း၊ အရွယ်မရောက်သေးသူများကို မှားယွင်းစု ဆောင်းခဲ့သူ၊ မှားယွင်းဆင့်ခေါ်ခဲ့သူများကိုလည်း အရေးယူခြင်းများ ပြုလုပ်ခဲ့ပါကြောင်း။
တပ်မတော်အတွင်း အသက်မပြည့်စစ်သည်များ မှားယွင်းစုဆောင်းမှုမရှိစေရေးအတွက် အသိပညာ ပေးမှုအနေဖြင့် စစ်ဥပဒေချုပ်ရုံး၊ တိုင်းစစ်ဌာနချုပ် များမှ ဥပဒေဘာသာရပ်ဆိုင်ရာ အရာရှိကြီး/အရာရှိ များက တပ်ရင်းတပ်ဖွဲ့များနှင့် တပ်မတော် သင်တန်းကျောင်းများရှိ တပ်မတော်သားများအား ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် ဩဂုတ်လအထိ စုစုပေါင်း အကြိမ် ၂၇၂၀ ဆွေးနွေးပို့ချနိုင်ခဲ့ပါကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြ သည့် ကော်မတီဝင်များက အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးလုပ်ငန်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်မည့်အခြေအနေများအား အကြံပြုဆွေးနွေးခဲ့ကြပြီး ကော်မတီဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့သည်။ ယင်းနောက် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက တပ်မတော်အတွင်း အရွယ်မရောက်သေးသူ ကလေးသူငယ်များစစ်မှုထမ်းရန် ဝင်ရောက်ခြင်းမရှိစေရေးနှင့် မှားယွင်း စုဆောင်းမှုမျိုးမရှိစေရေး ကဏ္ဍအလိုက်တာဝန် ရှိသူများက စဉ်ဆက်မပြတ် အလေးထားဆောင်ရွက်သွားစေလိုကြောင်းပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment