Friday, September 26, 2025

ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ပညာရေးဝန်ကြီးဌာနနှင့် ပုဂ္ဂလိကကျောင်းများအားလုံး ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်


နေပြည်တော် စက်တင်ဘာ ၂၅

ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက ကျောင်းကြီးကြပ်ရေးအဖွဲ့နှင့် ပုဂ္ဂလိကကျောင်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၁၃ ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပုဂ္ဂလိကကျောင်းများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက ကျောင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ပုဂ္ဂလိကကျောင်းဆိုင်ရာ အမိန့်များ၊ ညွှန်ကြားချက်များ၊ အသစ်ထုတ်ပြန်သည့် စည်းမျဉ်းစည်းကမ်းများကို သိရှိနားလည် သဘောပေါက်စေရန် ရည်ရွယ်ပါကြောင်း၊ ချမှတ်ထားသည့် မူဝါဒများကို သိရှိနားလည်ပြီး ပုဂ္ဂလိကကျောင်းအားလုံးက တစ်သမတ်တည်း တစ်ပြေးညီလိုက်နာဆောင်ရွက်ရန်နှင့် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပညာရေးဝန်ကြီးဌာနနှင့် ပုဂ္ဂလိကကျောင်း များအားလုံး ပူးပေါင်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း။

 စင်တာများနှင့်ပတ်သက်၍ ညွှန်ကြားချက်များ မကြာမီထုတ်ပြန်မည်ဖြစ်ပါကြောင်း၊ ဥပဒေ၊ ညွှန်ကြားချက်များတွင်ပါရှိသည့် မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေးအတွက် ကျောင်းသား ကျောင်းသူများကို တွန်းအားပေးရန် ပုဂ္ဂလိကကျောင်းများက ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုပါကြောင်း၊ သတ်မှတ်ထားသည့် စည်းကမ်းများလိုက်နာ ဆောင်ရွက်ရာတွင် ပုဂ္ဂလိကကျောင်းများအနေဖြင့် ကျောင်းသားကျောင်းသူအချင်းချင်း ခိုက်ရန်ဖြစ်ပွားခြင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းများ မဖြစ်ပေါ်စေရန် ကိုယ်ပိုင်ကျောင်းများမှ တာဝန်ရှိသူများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုပါကြောင်း။

ကိုယ်ပိုင်ကျောင်းများ မှတ်ပုံတင်ခြင်းကိစ္စဆောင်ရွက်ရာတွင် အမျိုးသားသင်ရိုးညွှန်းတမ်းသင် ပုဂ္ဂလိကကျောင်းများ၊ နိုင်ငံတကာသင်ရိုးသင် ပုဂ္ဂလိကကျောင်းများ၊ ကောလိပ်များ မှတ်ပုံတင်ခြင်းကို ယာယီနှစ်နှစ် ခွင့်ပြုပေးထားပါကြောင်း၊ လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မှတ်ပုံတင်အသစ် လျှောက်ထားရာတွင် ကိုယ်ပိုင်ကျောင်းများအနေဖြင့် သတ်မှတ်ထားသည့် စံနှုန်းများနှင့် ပြည့်မီ ရန် ဆောင်ရွက်ထားကြစေလို ပါကြောင်း။

ဝန်ကြီးဌာနအနေဖြင့် ယနေ့အချိန်ကာလအထိ ကောလိပ်အဖြစ်သာ ခွင့်ပြုထားပြီး ခွင့်ပြုချက်ရရှိသော ကောလိပ်များအနေဖြင့် သတ်မှတ်ထားသည့် ကောလိပ်အင်္ဂါရပ်များနှင့်ကိုက်ညီမှုရှိရန် လိုအပ်ပါကြောင်း၊ စင်တာဖွင့်လှစ်ထားခြင်းနှင့်ပတ်သက်၍ ပိုင်ရှင်တစ်ဦးတည်းမှ နာမည်အမျိုးမျိုးဖြင့် ဖွင့်လှစ်ခွင့်မရှိပါကြောင်းနှင့် မှတ်ပုံတင်ရာတွင် ရှင်းလင်းမှုရှိရန် လိုအပ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးဖွံ့ဖြိုးတိုးတက်ရန် ပုဂ္ဂလိကကဏ္ဍ၏ အကြံပြုချက်များနှင့်အတူပေါင်းစပ်ပြီး ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ကြီးကြပ်ရေးအဖွဲ့ဒုတိယဥက္ကဋ္ဌ (၁) ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ဒုတိယဥက္ကဋ္ဌ (၂) ဦးနေမျိုးလှိုင်နှင့်တွဲဖက်အတွင်းရေးမှူး အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်တို့က ဖြည့်စွက်ဆွေးနွေးကြသည်။

ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသည့် ပုဂ္ဂလိကကျောင်းကိုယ်စားလှယ်များက သိရှိလိုသည်များကို ဆွေးနွေးတင်ပြကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့နှင့် ပုဂ္ဂလိကကျောင်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၂၄ ရက်နှင့် စက်တင်ဘာ ၂၅ ရက်တို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment