လွိုင်ကော် သြဂုတ် ၈
လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ မှန်ကန်မြန်ဆန်စွာဖြင့် လွယ်ကူစွာအသုံးပြု၍ ဆန္ဒမဲပေးနိုင်ရန် မြန်မာအီလက်ထရောနစ်မဲပေးစက်များ အသုံးပြုသွားမည်ဖြစ်ရာ လွိုင်ကော်မြို့နယ်အတွင်းရှိ ရပ်ကွက်ပြည်သူများသို့ မဲပေးစက်များနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် စမ်းသပ်ဆန္ဒမဲပေးခြင်းကို ယမန်နေ့ နံနက်က လွိုင်ကော်မြို့၊ မြို့လယ်ဓမ္မာရုံတွင် ပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင်
နိုင်ငံတော်မှ လွတ်လပ်၍ တရားမျှတပြီး ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရန်
အဘက်ဘက်မှ ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရေးကောက်ပွဲသည်
အီလက်ထရောနစ် မဲပေးစက်များကို အသုံးပြု၍ ပထမဦးဆုံးပြုလုပ်မည့် ရွေးကောက်ပွဲဖြစ်၍ မဲဆန္ဒရှင်ပြည်သူများအနေဖြင့်
အဆိုပါမဲပေးစက်များ အသုံးပြုပုံကို ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် အမှန်တကယ်ဆန္ဒမဲပေးချိန်တွင်
အဆင်ပြေချောမွေ့လွယ်ကူစွာနှင့် မှန်ကန်မြန်ဆန်ပြီး အမှားအယွင်းကင်းစွာ မဲပေးနိုင်ရန်အတွက်
ယခုလိုသရုပ်ပြ စမ်းသပ်မဲပေးခြင်းနှင့် အသိပညာပေးခြင်းကို ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊
ပြည်သူများအနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက်များနှင့် စပ်လျဉ်း၍ လက်တွေ့ဆောင်ရွက်ပြီး
သိလိုသည်များကို မေးမြန်းဆွေးနွေးနိုင်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊
ပြည်နယ်ရွေးကောက်ပွဲအရာရှိက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံ၊ အသုံးပြုပုံအဆင့်ဆင့်အား
ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်
တာဝန်ရှိသူများသည် ရပ်ကွက်ပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် စမ်းသပ်မဲဆန္ဒပေးခြင်းအား
စိတ်ပါဝင်စားစွာ လက်တွေ့ဆန္ဒမဲပေးနေမှုများကို ကြည့်ရှုအားပေးပြီး တက်ရောက်လာသူများအား
ရင်းရင်းနှီးနှီးနှုတ်ဆက်စကားပြောကြားခဲ့သည်။ ယနေ့မဲပေးစက်စမ်းသပ်မဲပေးခြင်းနှင့် အသိပညာပေးခြင်းအား
ရှမ်းစု၊ ရွှေတောင်နှင့် ဈေးပိုင်းရပ်ကွက်နေပြည်သူများ ပါဝင်ဆောင်ရွက်ခဲ့ပြီး ပြည်နယ်အတွင်း
မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအလိုက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်
လွိုင်ကော်တက္ကသိုလ် နယ်မြေအတွင်းရှိ အဆောက်အအုံများ ပြုပြင်တည်ဆောက်ပြီးစီးမှုနှင့်
လုပ်ငန်းတိုးတက်မှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ဦးစွာ တက္ကသိုလ်ပင်မဆောင်အဆောက်အအုံ
ပြုပြင်နေမှုအခြေအနေများ၊ ပထဝီဌာန၊ ရူပဗေဒဌာန၊ ရုက္ခဗေဒဌာန၊ ဥပဒေနှင့် သမိုင်းဌာန စာသင်ဆောင်များ၊
ကျောင်းသားကျောင်းသူ နားနေဆောင်(RC)၊ ကျောင်းသူအိပ်ဆောင်၊ ဆရာများနှင့် ဆရာမများ အိပ်ဆောင်များ၊
ဝန်ထမ်းအိမ်ရာများ၊ ပါမောက္ခဌာနမှူးနေအိမ်များ ပြုပြင်တည်ဆောက်နေမှုနှင့် လုပ်ငန်းများတိုးတက်မှုအခြေအနေများအား
လှည့်လည်ကြည့်ရှုရာ ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက လုပ်ငန်းများတိုးတက်မှုအခြေအနေအား
လိုက်လံရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က အရည်အသွေးပြည့်မီသည့် လုပ်ငန်းသုံးပစ္စည်းများကို
အသုံးပြုရေး၊ အဆောင်များ ပတ်ဝန်းကျင်သန့်ရှင်းသာယာရေး၊ တည်ဆောက်ရေးလုပ်ငန်းများအားနည်းချက်၊
ချို့ယွင်းချက်များ မဖြစ်ပေါ်စေရေး အရည်အသွေးစစ်ဆေးရေးအဖွဲ့များက စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်ရန်
တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ယခု လွိုင်ကော်တက္ကသိုလ် အဆောက်အအုံများ ပြုပြင်တည်ဆောက်ပြီးစီးမှုမှာ
လုပ်ငန်းအားလုံး ၇၅ ရာခိုင်နှုန်းခန့် ပြီးစီး၍ ၂၀၂၅ ခုနှစ်၊ အဝေးသင်တက္ကသိုလ်သင်တန်းများနှင့်
၂၀၂၅−၂၀၂၆ ပညာသင်နှစ် နေ့သင်တန်းများ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)
No comments:
Post a Comment