လွိုင်ကော် ဩဂုတ် ၁၂
၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အဆင့်မြင့်ပညာ/ အခြေခံပညာ ကျောင်းပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု အေရိုးဗစ်/ Fitness Dance ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဩဂုတ် ၁၀ ရက်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားရုံအမှတ် (၃) ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားသမားများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်အားပေးကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်အတွင်း လူငယ်အမျိုးသမီးများ
အားကစားကို စိတ်ပါဝင်စားလာပြီး အမျိုးသမီးတစ်စုအားကစားမှ အမျိုးသမီးထုအားကစားလှုပ်ရှားမှုဖြစ်လာအောင်
ရည်ရွယ်ကျင်းပခြင်းဖြစ်ပါကြောင်း၊ ပြည်နယ်၏ အားကစားအဆင့်အတန်းမြင့်မားလာခြင်းသည် ပြည်နယ်၏
ဂုဏ်ဒြပ်တစ်ခုဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ အားကစားအဆင့်အတန်း
တိုးတက်မြင့်မားလာစေရေးနှင့် ထူးချွန်လူငယ်ကစားသမားများ ပေါ်ထွက်လာစေရေး အားကစားပြိုင်ပွဲများကို
စဉ်ဆက်မပြတ်ကျင်းပပေး လျက်ရှိပြီး အားကစားအခြေခံအဆောက်အအုံများကိုလည်း ဖြည့်ဆည်းပံ့ပိုးပေးလျက်ရှိပါကြောင်း၊
ပြိုင်ပွဲဝင် ကစားသမားများအနေဖြင့် ကျန်းမာကြံ့ခိုင်သည့် အမျိုးသမီးများအဖြစ် ပြည်နယ်ဂုဏ်ဆောင်ကစားသမားများ
ဖြစ်လာအောင် ကြိုးစားကြစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့ပြီး ပြိုင်ပွဲအားဖွင့်လှစ်ပေးသည်။
ထို့နောက် ပြိုင်ပွဲဝင်အသင်းကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်များ
ရွတ်ဆိုခဲ့ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများအား
ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ထို့နောက်
အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာအဖွဲ့က ဂုဏ်ပြုသီချင်းဖြင့် တီးမှုတ်ဖျော်ဖြေမှုအား
ကြည့်ရှုအားပေးပြီး လူမှုရေးရာဝန်ကြီးက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊
ပရိသတ်များက အေရိုးဗစ်သုံးဦးတွဲ လေ့ကျင့်ခန်း သရုပ်ပြမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး
အဆင့်မြင့်ပညာ/ အခြေခံပညာ ကျောင်းပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု အေရိုးဗစ်/
Fitness Dance ပြိုင်ပွဲယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
ယခု ပြိုင်ပွဲတွင် အခြေခံပညာနှင့် အဆင့်မြင့်ပညာကျောင်းများမှ
ပြိုင်ပွဲဝင်အသင်း(၁၅)သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဩဂုတ်လ ၁၀ ရက်မှ ၁၂ ရက်ထိ
(၃)ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)
No comments:
Post a Comment