ဘားအံ ဩဂုတ် ၅
ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ စိုက်ပျိုးပြီးမိုးစပါး ၁၉၁၅၃၁ ဧကအနက် ၂၉၃၄၉ ဧက ရေဖုံးလွှမ်းခဲ့ကာ ဩဂုတ် ၄ ရက်အထိ ၁၁၄၃၆ ဧက ရေပြန်ပေါ်၍ ၃၄၄၉ ဧက ထိခိုက်ပျက်စီးခဲ့ရာ အချိန်မီပြန်လည်ကုစားထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ
ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည်
ဘားအံမြို့ အမှတ် (၈) ရပ်ကွက်၊ ကွင်းအမှတ် ၁၁၈၄၊ ထောင်ဝိကွင်း၊ ဘားအံမြို့နယ် ကော့လှိုက်ကျေးရွာ
ထန်းတပင်ကွင်း၊ ကွင်းအမှတ် ၁၂၀၇-က၊ ၁၂၀၇-ခ၊ ၁၂၀၈-က နှင့် ၁၂၀၈-ခ တို့တွင်
ရေကြီးနစ်မြုပ်မိုးစပါးစိုက်ဧကများအနက် ထိခိုက်ပျက်စီးမှုကို ကြည့်ရှုစစ်ဆေးပြီး
ရေကြီးနစ်မြုပ်မိုးစပါးစိုက်ခင်းများကို သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများ အချိုးကျရောစပ်စုပေါင်းကြဲပက်ခြင်းကွင်းသရုပ်ပြပွဲကို
ကြည့်ရှုအားပေးကာ ထိခိုက်လယ်မြေများတွင် ပြန်လည်ဖာထေးစိုက်ပျိုးနိုင်ရေး၊
ပျက်စီးလယ်မြေများ အချိန်မီပြန်လည်ထွန်ယက်စိုက်ပျိုးနိုင်ရေး၊ လိုအပ်သည့် လယ်ယာသုံးစက်ကိရိယာများ
ကူညီဖြည့်ဆည်းပေးနိုင်ရေး၊ မျိုးစပါးနှင့်သွင်းအားစုများ
ကူညီဖြည့်ဆည်းပေးနိုင်ရေးမှာကြားသည်။
ထို့နောက်
ဘားအံမြို့နယ် ကော့လှိုက်ကျေးရွာ ထန်းတပင်-ကော့လှိုက် - ဝင်းကျန် - ကရင်
ဖာလင်ထုံးအိုင်လမ်းဘေးဝဲယာရှိ မိုးစပါးစိုက်ခင်းများ ရေကြီးရေလျှံမှုကြောင့် အဆိုပါလမ်းပိုင်းလမ်းပခုံးနှင့်
လမ်းသားထိခိုက်မှုများအား ကြည့်ရှုစစ်ဆေးကာ ထိခိုက်မိုးစပါးများ ပြန်လည်ကုစားပေးနိုင်ရေးနှင့်
ထိခိုက်လမ်း/တံတားများကို လိုအပ်သည့် ပြင်ဆင်မှုများ အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရေးမှာကြားသည်။
ယင်းနောက်
ဘားအံမြို့နယ် ကော့ဒါန်းမယ်ကျေးရွာအဝင်လမ်းဘေးဝဲယာ မိုးစပါးစိုက်ခင်းများ
ထိခိုက်ပျက်စီးမှုနှင့် အဆိုပါလမ်းပိုင်းထိခိုက်မှုတို့ကိုလည်းကောင်း၊
လှိုင်ရွာ-ကော့သပုတ်-ကော့ဒါန်းမယ် - ကောထမလိန်း လမ်းသဘာဝဘေးကြောင့် ထိခိုက်ပျက်စီးမှုတို့ကိုလည်းကောင်း
ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်
သဘာဝဘေးကျရောက်ပြီးချိန် အပင်ပြုစုစောင့်ရှောက်ခြင်း၊ ဖြစ်ပွားတတ်သည့် ရောဂါပိုးမွှားများ
ကာကွယ်နှိမ်နင်းခြင်း၊ ထိခိုက်ပျက်စီးမိုးစပါးစိုက်ခင်းများ ပြန်လည်ထူထောင်စိုက်ပျိုးနိုင်ရေး
ကွင်းဆင်းဆောင်ရွက်ပေးရန်နှင့် ထိခိုက်လမ်း/တံတားများအား သက်ဆိုင်ရာဌာနများက
အမြန်ဆုံးပြင်ဆင်ဆောင်ရွက်ပေးနိုင်ရေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment