အင်းစိန် ဩဂုတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှကြီးမှူး၍ ကျင်းပပြုလုပ်သော ရေပြင်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဗိုလ်ချို(၂)ရပ်ကွက်ရှိ ကန်တော်ကြီးသဘာဝရေကန်တွင် ကျင်းပသည်။
အဆိုပါအခမ်းအနားသို့
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှ
ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး
ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေးနှင့် အရာရှိတပ်ဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊
ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊
ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ
ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက
အမှာစကားပြောကြားရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း စီးဆင်းနေသည့် ပဲခူးမြစ်၊ လှိုင်မြစ်တို့၏
မြစ်များကြောင့် ရေကြီး/ရေလျှံမှုများ အချိန်မရွေးကြုံလာနိုင်ပါက ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြရန်
လိုအပ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များကို
စီမံခန့်ခွဲမှုများပြုလုပ်ရာ၌ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့်
ဆပ်ကော်မတီများကို စနစ်တကျဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များသည် ပရဟိတအခြေခံစိတ်ဓာတ်၊ ကူညီကယ်ဆယ်လိုသည့် စိတ်ဓာတ်၊ ခိုင်မာပြတ်သားရဲဝံ့စွန့်စားလိုသည့်
စိတ်ဓာတ်၊ ပြည်သူကို ကူညီကယ်ဆယ်ရန် မိမိတို့တွင် တာဝန်ရှိသည်ဟူသောခံယူချက်များနှင့်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားနိုင်သည့် သဘာဝဘေးအန္တရာယ်များကို အချိန်နှင့်တစ်ပြေးညီ
တုံ့ပြန်ဆောင်ရွက်ရမည်ဖြစ်ပြီး အခြားသောတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်
ဖြစ်ပွားပေါ်ပေါက်လာပါကလည်း သွားရောက်ကူညီကယ်ဆယ်နိုင်ရေးအတွက် မျှော်မှန်းတွက်ဆ၍
ဆောင်ရွက်သွားကြရန် စသည်တို့ကို ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးမှ ဖွဲ့စည်းထားရှိသော
တိုင်းဒေသကြီးအဆင့် ရှာဖွေကယ်ဆယ်ရေး တပ်ခွဲ(၁)ခွဲ အင်အား(၁၁၆)ဦး၊ တိုင်းဒေသကြီး
အထူးရှာဖွေကယ်ဆယ်ရေး (Light Team) အဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့ဝင်များမှ
ရှာဖွေကယ်ဆယ်ရေးသုံးအမြန်ရေယာဉ်များဖြင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား ချီတက်အလေးပြုကြသည်။
ဆက်လက်၍ စက်စွမ်းအားပြည့်မောင်းနှင်ခြင်း၊ Fire Boat ဖြင့် ရေပြင်မီးငြှိမ်းသတ်ရေးသရုပ်ပြသခြင်း၊
Intelligent Lifebouy ဖြင့် ရေနစ်သူများအား ကယ်ဆယ်ခြင်း၊ Dive Suit ဖြင့် ရေငုပ်၍ ကယ်ဆယ်သရုပ်ပြခြင်းများ
ဆောင်ရွက်ကြသည်။
၎င်းနောက် ၂၀၂၅ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ
ဝယ်ယူဖြည့်တင်းပေးထားသည့် မီးငြှိမ်းသတ်ရေးအသုံးပြုနိုင်သော မောင်းသူမဲ့အဝေးထိန်းမီးသတ်ယာဉ်ဖြစ်သော
LUF NANO (၃)စီးဖြင့် မီးငြှိမ်းသတ်သရုပ်ပြသခဲ့ပြီး နှစ်စဉ်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ
ဝယ်ယူဖြည့်တင်းပေးထားသည့် ခင်းကျင်းပြထားသော ရှာဖွေကယ်ဆယ်ရေးပစ္စည်းများကို တိုင်းဒေသကြီး
ဝန်ကြီးချုပ်နှင့်အဖွဲ့က လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)
No comments:
Post a Comment