နိုင်ငံတကာတွင် တရားမဝင်ကုန်သွယ်မှုနှင့် ပတ်သက်၍ နိုင်ငံဖြတ်ကျော် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးမဟာမိတ်အဖွဲ့၏ ဖော်ပြချက်အရ တရားမဝင်ကုန်သွယ်မှုများသည် နှစ်စဉ်အမေရိကန်ဒေါ်လာ ၄၆၀ ဘီလီယံထက်မနိမ့်ကျဘဲ ဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း နယ်စပ်ဒေသများမှ တရားမဝင်ကုန်သွယ်မှုများပြုလုပ်ခြင်း၊ ဒေသအလိုက် သယံဇာတများ တရားမဝင်ထုတ်ယူခြင်းများကြောင့် နိုင်ငံတော်အနေဖြင့် များစွာထိခိုက်နစ်နာဆုံးရှုံးနေကြောင်း သိရသည်။
တရားမဝင်ကုန်သွယ်မှုများသည်
ကမ္ဘာ့နိုင်ငံအများစုတွင် အဓိကမူဝါဒနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ စိန်ခေါ်မှုများနှင့်
ကြုံတွေ့နေရသည်။ တရားမဝင်ကုန်သွယ်မှုများသည် မြေပြင်တွင်
တရားမဝင်နည်းလမ်းများနှင့် လုပ်ကိုင်ဆောင်ရွက်နေကြသလို အွန်လိုင်းမှလည်း
ပုံစံအမျိုးမျိုးနှင့် လုပ်ကိုင်ဆောင်ရွက်နေကြသည်ကို တွေ့ရသည်။ ထို့ကြောင့်
တရားမဝင်ကုန်သွယ်မှုမရှိစေရေး တားဆီးစစ်ဆေးရာတွင် နည်းပညာအကူအညီရယူ၍ လိုအပ်သလို
ထိထိရောက်ရောက် မှန်မှန်ကန်ကန်ဆောင်ရွက်သွားရန်လိုသည်။ တရားမဝင်ကုန်ပစ္စည်းဖမ်းဆီးတိုက်ဖျက်ရာတွင်
နယ်မြေအခြေအနေအရ၊ လုံခြုံရေးအခြေအနေအရ နယ်စပ်ကုန်သွယ်ရေးစခန်းအချို့ကို
ခေတ္တပိတ်ထားရာ ထိုသို့ပိတ်ထားရသည့်အတွက် ပုံမှန်ကုန်သွယ်ရေးကို
ရေလမ်းကြောင်းမှတစ်ဆင့် ဆောင်ရွက်ရာ၌ ပုံမှန်ကုန်သွယ်ရေးတွင် ပို့ကုန်နှင့်
သွင်းကုန်စစ်ဆေးကြပ်မတ်မှုနှင့် စာရင်းမှန်ကန်မှုတို့တွင် ယိုပေါက်များရှိလာသည်။
အလားတူ
နယ်စပ်ကုန်သွယ်ရေးတွင် ပိတ်ဆို့တားဆီးစစ်ဆေးနေသော်လည်း နည်းလမ်းမျိုးစုံဖြင့်
တရားမဝင်တင်ပို့ခြင်း၊ တင်သွင်းခြင်း စသည့်လစ်ဟာမှုများ၊ ယိုပေါက်များရှိနေသည်ကို
တွေ့ရသည်။ သာဓကအားဖြင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီသို့
ဇူလိုင်လအတွင်း သတင်းပေးတိုင်ကြားမှုအရ မြဝတီနယ်စပ်မှ တရားမဝင်ကုန်စည်များ
တင်ဆောင်လာသည့် မော်တော်ယာဉ် ၁၄၄ စီးသည် ဘားအံမြို့မှဖြတ်၍ ရန်ကုန်ဘက်သို့ ညအချိန်တရားမဝင်ဖြတ်သန်းသွားမှုအခြေအနေကို
သိရှိရသဖြင့် သက်ဆိုင်ရာအထူးအဖွဲ့များနှင့် OSS ဝန်ထမ်းများမှတစ်ဆင့်
ချက်ချင်းပိတ်ဆို့ဖမ်းဆီးခဲ့ရာ မော်တော်ယာဉ် ၁၃၂ စီးကို ကရင်ပြည်နယ်နှင့်
မွန်ပြည်နယ်အတွင်း၌ ပြန်လည်ဖမ်းဆီးနိုင်ခဲ့သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍
သက်ဆိုင်ရာတာဝန်ကျ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့ဝင်များသည်
တရားမဝင်တင်သွင်းလာသည့် ကုန်ပစ္စည်းများကို သိလျက်နှင့်
ဖမ်းဆီးခြင်းမပြုလုပ်ခဲ့သလို မော်တော်ယာဉ်အလိုက် တင်ဆောင်လာသည့်
တရားမဝင်ကုန်ပစ္စည်းစာရင်းများကိုလည်း မှန်မှန်ကန်ကန်စစ်ဆေးဆောင်ရွက်ခြင်းမရှိဘဲ
မသမာမှု၊ အဂတိလိုက်စားမှုပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ ဦးဆောင်ကော်မတီအနေဖြင့်
အဆိုပါဖြစ်စဉ်ကြောင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့်အခွန်အခများ
အပြည့်အဝမရရှိသည့် မသမာသောလုပ်ဆောင်ချက်များနှင့် ဝန်ထမ်းတစ်ဦးချင်းအပါအဝင်
အဖွဲ့အစည်း၏ ကိုယ်ကျိုးစီးပွားအတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း
နောက်ဆက်တွဲဖော်ထုတ်သိရှိရသဖြင့် ယင်းအတွက် ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု
သိရသည်။
တရားမဝင်ကုန်သွယ်မှုနှင့်
ပတ်သက်၍ ဝန်ထမ်းများအနေဖြင့် တရားမဝင်ကုန်သွယ်မှုလုပ်ကိုင်နေကြသူများ၏
အသုံးချခံမဖြစ်စေရန် အထူးသတိထားကြရမည်ဖြစ်သည်။ ဝန်ထမ်းကျင့်ဝတ်၊ ပြဋ္ဌာန်းထားသည့်ဥပဒေတို့နှင့်အညီ
မှန်မှန်ကန်ကန် ဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းတစ်ဦးချင်း၏ လုပ်ငန်းအပေါ်
ထားရှိသည့်သစ္စာ၊ ဝန်ထမ်းဂုဏ်သိက္ခာနှင့် ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများကို
လိုက်နာမှုမရှိခဲ့သည့်အတွက် ပါဝင်ပတ်သက်သူများအနေဖြင့် အရေးယူခြင်းခံရမည်ဖြစ်သည်။
ဝန်ထမ်းများအနေဖြင့် တစ်ဦးချင်းအရေးကိစ္စနှင့် အဖွဲ့အစည်းနှင့် ယှဉ်လျှင်အဖွဲ့အစည်းကို
ဦးစားပေးရမည်ဖြစ်ပြီး အဖွဲ့အစည်းနှင့် နိုင်ငံတော်ယှဉ်လျှင် နိုင်ငံတော်အရေးကိစ္စ၊
နိုင်ငံတော်အကျိုးစီးပွားကိုသာ ဦးစားပေးရမည်ဖြစ်သည်။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့်
ပတ်သက်၍ နှစ်အလိုက် ဖမ်းဆီးရမိမှုများ တိုးတက်ဆောင်ရွက်နိုင်ခဲ့သည့်အတွက်
တာဝန်ရှိသူများအားလုံး၏ ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြုရမည်ဖြစ်သည်။
တရားမဝင်ကုန်ပစ္စည်းများကို ဖမ်းဆီးရမိခြင်းသည် တာဝန်ကျေပွန်စွာဖြင့်
သစ္စာရှိရှိဆောင်ရွက်နေသည့် ဝန်ထမ်းများ ကြိုးပမ်းမှုကြောင့်ဖြစ်သလို တစ်ဖက်တွင်
မိမိကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်၍ မသမာသောလုပ်ရပ်များဖြင့် ပါဝင်ပတ်သက်နေသည့်
သစ္စာမဲ့ဝန်ထမ်းများကိုလည်း စိစစ်ဖော်ထုတ် အရေးယူသွားရမည်ဖြစ်သည်။
အဖွဲ့အစည်းအကျိုး၊ နိုင်ငံတော်အကျိုးကို သစ္စာရှိရှိတာဝန်ထမ်းဆောင်ကြရမည်ဖြစ်ပြီး
အထူးသတိပြုရန်အနေဖြင့် လုံခြုံရေးပိုင်းသည် အရေးကြီးသဖြင့် စစ်ဆေးရေးဂိတ်အသီးသီးတွင်
တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းတစ်ဦးချင်းအနေဖြင့် လုံခြုံရေးအသိ၊
လုံခြုံရေးသတိရှိရန်လိုအပ်သလိုအဖွဲ့အစည်း၏ လုံခြုံရေးကို နယ်မြေဒေသအတွင်းရှိ
လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စနစ်တကျပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း။
။

No comments:
Post a Comment