ပဲခူး ဩဂုတ် ၁၂
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၄/၂၀၂၅) ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ရပ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
၎င်းနောက် ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများအနေဖြင့်
မိမိတို့၏ မြို့နယ်အလိုက် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာကိစ္စရပ်များကို
အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်ပြီး ဒေသတွင်းစိုက်ပျိုးရေး၊မွေးမြူရေးနှင့်
MSME လုပ်ငန်းများ နှစ်အလိုက် ချမှတ်ထားသည့် စီမံချက်များအပေါ် သတ်မှတ်ရာခိုင်နှုန်းအတိုင်း
တိုးတက်မှုရရှိရေး ကြိုးစားဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မြို့နယ်အလိုက် အခြေခံစားသုံးကုန်များဖြစ်သည့်
ဆန်၊ ဆီ၊ အသား၊ ငါး၊ ဥ၊ နို့ ဖူလုံမှုရှိစေရေး ဦးစားပေးဆောင်ရွက်သွားရမှာဖြစ်ပြီး ဒေသတွင်း
ကုန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးကိုလည်း အလေးထားဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ယခုနှစ်သည်
မိုးဦးကောင်းပြီး အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် မိုးသီးနှံများ ထိခိုက်ပျက်စီးမှုအပေါ်
ပြန်လည်ကုစားနိုင်ရေး ကြိုတင်ပြင်ဆင်ထားရန်နှင့် မိုးသီးနှံစိုက်ပျိုးထုတ်လုပ်မှု လျော့နည်းမှုမရှိစေရေး
ကွင်းဆင်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ရေကြီးရေနက်ကွင်းများအတွင်း ရေဖောက်ထုတ်နိုင်ပါက
ရေတော်မိုးတော်ဧကများ တိုးတက်လာမှာဖြစ်၍ ရေဖောက်ထုတ်မည့် လုပ်ငန်းစီမံချက်တင်ပြပေးရမှာဖြစ်ကြောင်း၊
စက်မှုလယ်ယာသို့ပြောင်းလဲနိုင်ရေးအတွက် တောင်သူတစ်ပိုင်တစ်နိုင် လယ်ယာသုံးစက်ကိရိယာများ
ဝယ်ယူအသုံးပြုနိုင်ရေးနှင့် မြို့နယ်အလိုက်လယ်ယာသုံးစက်ကိရိယာများ လွှမ်းခြုံမှုရရှိရေး
ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ အခြေခံပညာကျောင်းများအလိုက် ဆရာ/ဆရာမလိုအပ်ချက်မရှိစေရေးနှင့်
တန်းစဉ်ကူးပြောင်းမှုတိုးတက်စေရေး အလေးထားဆောင်ရွက်သွားရမှာဖြစ်ကြောင်းနှင့် မြို့ရွာသန့်ရှင်းသာယာလှပ
စိမ်းလန်းစိုပြည်စေရေးနှင့် MSME ထုတ်ကုန်များအား ပြည်ပပို့ကုန်အဆင့်ထိ တင်ပို့နိုင်ရေး
ထုတ်ပိုးမှုစနစ်မှစ၍ ဈေးကွက်ရှာဖွေရရှိမှုအဆင့်ထိ ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း
ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက
မြို့နယ်အလိုက် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာအချက်အလက်များအား Power
Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြရာ တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက
သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အစိုးရအဖွဲ့အတွင်းရေးမှူးတို့က
သက်ဆိုင်ရာဦးစီးဌာနအလိုက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME ကဏ္ဍ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေး
ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြို့နယ်တစ်ခုချင်းအလိုက်
စားရေရိက္ခာဖူလုံစေရေးနှင့် ဒေသဖွံ့ဖြိုးရေးကဏ္ဍများအပေါ် အသေးစိတ်ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်း
သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)

No comments:
Post a Comment