နေပြည်တော် ဩဂုတ် ၅
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၅) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများအတွက် ရန်ပုံငွေလွှဲပြောင်းလက်ခံလွှာ လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ PARKROYAL Hotel ၌ ကျင်းပသည်။
အခမ်းအနားသို့
ပြည်ထောင်စုဝန်ကြီး ဦးမြထွန်း ဦး၊ ဦးသန်းဆွေ၊ ဒေါက်တာသီတာဦး၊ ဦးတင်ဦးလွင်၊
ဦးမင်းနောင်၊ ဦးခင်မောင်ရီ၊ ဒေါက်တာချာလီသန်း၊ ဒေါက်တာချောချောစိန်၊
ဒေါက်တာမျိုးသိန်းကျော်နှင့် ဒေါက်တာစိုးဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ
သံအမတ်ကြီး မစ္စမာကျား၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် ဦးနိုင်မင်းကျော်၊
သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင်
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုသည်
အခြားသော မဲခေါင်နှင့်ဆက်စပ်သော ပူးပေါင်းဆောင်ရွက်မှုယန္တရားများအနက်
အအောင်မြင်ဆုံးယန္တရားတစ်ခုဖြစ်ကြောင်းနှင့် မဲခေါင်မြစ်ဝှမ်းတစ်လျှောက်ရှိ
ပြည်သူများအတွက် တိုက်ရိုက်အကျိုးဖြစ်ထွန်းစေရန် ကိုးနှစ်တာကာလအတွင်း အဖွဲ့ဝင်နိုင်ငံများမှ
စီမံကိန်းပေါင်း ၉၈၄ ခုကို ပံ့ပိုးကူညီခဲ့ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ၂၀၁၇
ခုနှစ်မှစတင်၍ မြန်မာနိုင်ငံသို့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု
ယန္တရားအောက်မှ အမေရိကန်ဒေါ်လာ ၃၈ ဒသမ ၃ သန်း ထောက်ပံ့ပေးအပ်ခဲ့ပြီး ယနေ့အခမ်းအနားတွင်
မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၃ ဒသမ ၃ သန်း ခန့်ကို တရားဝင်လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း
ပြောကြားသည်။
ဆက်လက်၍
ပြည်ထောင်စုဝန်ကြီးက မန္တလေးငလျင်လှုပ်ခတ်ခဲ့သည့် ဒေသများနှင့် ပြန်လည်ထူထောင်ရေးအစီအစဉ်များအတွက်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အရေးပေါ်ကူညီမှုယွမ် ၁ ဒသမ ၁ ဘီလီယံအပါအဝင်
လူသားချင်းစာနာထောက်ထားမှုအကူအညီများ ထောက်ပံ့ပေးမှုအပေါ်ကိုလည်း
ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ယင်းနောက်
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စမာကျားက
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် အိမ်နီးချင်းကောင်းများနှင့်
ယုံကြည်အားထားရသော မိတ်ဖက်များကို ထိန်းသိမ်းထားရေးဟူသည့် အဖွဲ့ဝင်နိုင်ငံအားလုံး၏
ဘုံရည်မှန်းချက်ကို ဖော်ပြလျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစပျိုးသည့်
နေရာဖြစ်ပြီး ၂၀၁၈ ခုနှစ်မှစတင်၍ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့်
စီမံကိန်းစုစုပေါင်း ၁၃၂ ခုရရှိခဲ့ရာ မဲခေါင်နိုင်ငံများအားလုံးတွင် အရေအတွက်
အများဆုံးရရှိခြင်းဖြစ်ကြောင်း၊ ယနေ့လက်မှတ်ရေးထိုးခဲ့သော စီမံကိန်း ၁၄ ခုသည်
မြန်မာနိုင်ငံရှိ ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်၍ အထောက်အပံ့ပြုသွားမည်ဖြစ်ကြောင်း။
တရုတ်-မြန်မာ
သံတမန်ဆက်ဆံရေးတည်ထောင်ခြင်း (၇၅) နှစ်မြောက် အထိမ်းအမှတ်အနေဖြင့် တရုတ်နိုင်ငံသည်
ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအစဉ်နှင့်
ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအစီအစဉ်တို့ကို အတူတကွအကောင်အထည်ဖော်ရန်
ဆန္ဒရှိကြောင်း၊ မြန်မာနိုင်ငံနှင့် လက်တွဲ၍ နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုကောင်းမွန်သော
အကျိုးကျေးဇူးများရရှိစေမည့် မျှဝေသော အနာဂတ်နှင့်အတူ တရုတ်-မြန်မာ
အသိုက်အဝန်းတည်ဆောက်ရေးကို မြှင့်တင်ရန် ဆန္ဒရှိကြောင်း ပြောကြားသည်။
ထို့နောက်
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၅) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့်
စီမံကိန်းများအတွက် ရန်ပုံငွေလွှဲပြောင်းမှုဆိုင်ရာ သဘောတူညီချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စမာကျားတို့က
လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြသည်။
အဆိုပါသဘောတူညီချက်အရ
စီမံကိန်း ၁၄ ခုကို စိုက်ပျိုးရေးနည်းပညာ၊ သိပ္ပံနှင့်နည်းပညာ၊ ယဉ်ကျေးမှုဖလှယ်မှု၊
ဥပဒေဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၊ ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် ကုန်သွယ်ရေကြောင်းသွားလာမှု
စသည့်နယ်ပယ်များ၌ မြန်မာနိုင်ငံမှ ဝန်ကြီးဌာနကိုးခုက အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။
မဲခေါင်-လန်ချန်း
ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်သည် ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင်
ကျင်းပပြုလုပ်ခဲ့သော (၁၇) ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးတွင်
တရုတ်ဝန်ကြီးချုပ် Mr. Li
Keqiang ၏ စတင်အဆိုပြုချက်အရ မဲခေါင်ဒေသအတွင်း ဖွံ့ဖြိုးမှုကွာဟချက်လျှော့ချရန်နှင့်
စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်လျက်
ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ဖြင့် ၂၀၁၆
ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment