နေပြည်တော် ဇူလိုင် ၁၆
အင်အားပြင်း မန္တလေးငလျင်ကြီးဒဏ်ခံခဲ့ရသည့် နယ်မြေဒေသများ ပြန်လည်ထူထောင်ရေးရန်ပုံငွေ ကြီးကြပ်မှုဗဟိုကော်မတီ ပထမအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲ ၃ နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်၌ ကျင်းပရာ ရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် ရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့မှ ဝန်ကြီးချုပ်များနှင့် စီးပွားရေးရာဝန်ကြီးများ၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင်
ရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက
ဇူလိုင် ၇ ရက်တွင် ရန်ပုံငွေကြီးကြပ်မှု ဗဟိုကော်မတီကိုလည်းကောင်း၊ ဇူလိုင် ၁၁
ရက်တွင် ရန်ပုံငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ကိုလည်းကောင်း ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊
ရန်ပုံငွေထူထောင်ရခြင်း၏ ရည်ရွယ်ချက်မှာ ငလျင်ကြောင့်
ထိခိုက်ပျက်စီးခဲ့ရသောစီးပွားရေး လုပ်ငန်းများ အမြန်ဆုံးပြန်လည် လည်ပတ်နိုင်ရန်၊ ပြည်သူများ၏
အိုးအိမ်များ ပြန်လည်ထူထောင်ရန်နှင့် နေထိုင်မှုအဆင်ပြေစေရန် သက်သာသောအတိုးနှုန်းဖြင့်
တစ်ဖက်တစ်လမ်းမှ ချေးငွေပံ့ပိုးပေးနိုင်ရန်၊ ငလျင်ဒဏ်ပြန်လည်ထူထောင်ရေးကိစ္စရပ်များအတွက်
အထူးချေးငွေအစီအစဉ်တွင် ပါဝင်သည့် ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများမှတစ်ဆင့်
နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ ပံ့ပိုးမှုတို့ဖြင့် ရန်ပုံငွေအား
စုစုပေါင်းငွေကျပ်ဘီလီယံ ၇၀၀ ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
အဆောက်အအုံနှင့် နေအိမ်များ ပြန်လည်တည်ဆောက်မွမ်းမံရေးအတွက် အတိုးနှုန်း ၃
ရာခိုင်နှုန်း၊ MSME များ၏ လုပ်ငန်းလည်ပတ်ရင်းနှီးငွေ (Working Capital) နှင့်
စက်မှုလက်မှုလုပ်ငန်းရှင်များအတွက် အတိုးနှုန်း ၅ ရာခိုင်နှုန်း၊ စက်ရုံလုပ်ငန်းကြီးများ၏
စက်ယန္တရားများနှင့် ရင်းနှီးမြှုပ်နှံမှုစရိတ်အတွက် အတိုးနှုန်း ၇ ရာခိုင်နှုန်း၊
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအတွက် ယာယီချေးငွေ (Bridging Loan) အတွက် အတိုးနှုန်း ၇ ရာခိုင်နှုန်းတို့ဖြင့် ထုတ်ချေးသွားမည်ဖြစ်ပါကြောင်း၊
နိုင်ငံတော်ရန်ပုံငွေဖြင့် ထုတ်ချေးသည့်အတွက် ဆုံးရှုံးနိုင်ခြေမရှိအောင်
ဝိုင်းဝန်းကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍
အစည်းအဝေးတက်ရောက်လာသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့
ဝန်ကြီးချုပ်များနှင့် ဝန်ကြီးများ၊ ရန်ပုံငွေကြီးကြပ်မှု
ဗဟိုကော်မတီအဖွဲ့ဝင်များက နိုင်ငံတော်က လက်ရှိပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသည့်
အခြေအနေများကို ဆွေးနွေးပြီး ယခုဆောင်ရွက်ပေးမည့် ချေးငွေအစီအစဉ်တွင်
ဦးစားပေးထုတ်ချေးလိုသည့်ကဏ္ဍများနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေးခဲ့ကြကာ မြန်မာနိုင်ငံဘဏ်များအသင်း၊
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ
အသင်းချုပ်၊ ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများကလည်း နိုင်ငံတော်က ချမှတ်ထားသော
မူဝါဒ၊ စံသတ်မှတ်ချက်များနှင့်အညီ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးကြသည်။
ယင်းနောက်
ရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌက တက်ရောက်လာသူများ၏ ဆွေးနွေးအကြံပြုချက်များအရ
ဦးစားပေးကဏ္ဍများအနေဖြင့် MSME
လုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ စက်မှုလက်မှုလုပ်ငန်းများ၊
ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ၊ ပုဂ္ဂလိကဆေးရုံများနှင့်
ပုဂ္ဂလိကစာသင်ကျောင်းများ၊ နိုင်ငံ့ဝန်ထမ်းများအပါအဝင် ပြည်သူများ၏ ပျက်စီးသွားသော
လူနေအိမ်များအား ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများသို့
သက်သာသောအတိုးနှုန်းဖြင့် ချေးငွေများ အမြန်ဆုံးထုတ်ချေးသွားနိုင်ရန်
ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment