သီသီသောင်း (အမျိုးသားပြတိုက် - ရန်ကုန်)
အထိမ်းအမှတ်ပြတိုက်ဟူသည် လူ့ဘောင်အတွင်း မျှဝေခံစားရသော ဝမ်းနည်းမှုများ၊ အောင်မြင်မှုများနှင့် ဆုံးရှုံးမှုများကို နှောင်းလူတို့သိရှိနိုင်စေရန် ခင်းကျင်းပြသခြင်းဖြင့် လူသားများ အကြား နားလည်မှု၊ စာနာမှု၊ လွမ်းဆွတ်သတိရမှုစသည့် စိတ်ပိုင်းဆိုင်ရာ ခံစားမှုများကိုလည်း ပေးစွမ်းနိုင်စေသကဲ့သို့ သမိုင်းတစ်လျှောက် နိုင်ငံ၏အရေးကြီးသည့်အဖြစ်အပျက်များ၊ နိုင်ငံအတွက် လေးစားဂုဏ်ယူရသည့်ပုဂ္ဂိုလ်တို့၏ မှတ်တမ်းအထောက်အထားများကို မျိုးဆက်သစ်များအတွက် သင်ခန်းစာယူရမည့် လေ့လာမှတ်သားသင်ယူရန် အရင်းအမြစ်နေရာတစ်ခုလည်း ဖြစ်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၌ မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုများ အသုံးပြုခဲ့သည့်ပစ္စည်းများ၊ မှတ်တမ်းများ၊ ဓာတ်ပုံများကိုပြသထားပြီး ဗိုလ်ချုပ်၏ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် မိသားစုဘဝခံစားမှုများကို သတိရအောက်မေ့စေကာ အထူးသဖြင့် တိုင်းပြည်အတွက် ဗိုလ်ချုပ်၏အသက်သွေးဖြင့် ဆောင်ရွက်ခဲ့မှုများကို မျိုးဆက်သစ်များ သိရှိနိုင်စေရန် ခင်းကျင်း ပြသထားပါသည်။
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)သည် အမှတ်(၂၅) ဗိုလ်ချုပ်ပြတိုက်လမ်း (ယခင်တာဝါ လိန်းလမ်း) ဗိုလ်ချို(၁)ရပ်ကွက် ဗဟန်းမြို့နယ်တွင် တည်ရှိပြီး ဗိုလ်ချုပ်အောင်ဆန်းအိမ် ထိပ်ပိုင်းရှိ တာဝါ (Tower) ကိုအစွဲပြု၍ လမ်းအမည်မှာ “တာဝါလိန်းလမ်း” ဟု ခေါ်ဝေါ်ခဲ့ရာမှ ဗိုလ်ချုပ်ပြတိုက်လမ်းသို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ခြင်းဖြစ်ပါသည်။ ခြံအကျယ်အဝန်းမှာ ၂ ဒသမ ၄၂၃ ဧကရှိပြီး ဘဲဥပုံသဏ္ဌာန် မြေကွက်တွင် ၁၉၂၀ ပြည့်နှစ်က ဥရောပပုံစံဖြင့် ဆောက်လုပ်ထားသော ၁၈ ပေမြင့် တောင်ကုန်း ပေါ်ရှိ အဆောက်အအုံပင်ဖြစ်ပါသည်။
ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ
အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးအတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်မှုများ၊ အာဇာနည်စိတ်၊ တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်တို့ကို မျိုးဆက်သစ် လူငယ်များသိရှိစေရန်၊ လွတ်လပ်ရေး၏တန်ဖိုးကို သိမြင်နိုင်စေရန် ရည်ရွယ်ပြီး ပြတိုက်အဖြစ် ဖွင့်လှစ်ထားခြင်းဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ဤအိမ်တွင် မိသားစုနှင့်အတူ ၁၉၄၅ ခုနှစ်မှ ၁၉၄၇ ခုနှစ် ဇူလိုင်လအထိ နေထိုင်ခဲ့ပါသည်။ ဗိုလ်ချုပ်ကျဆုံးပြီးနောက် မိသားစုဝင်များ ဆက်လက်နေထိုင်ခဲ့သော်လည်း ၁၉၅၃ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် သားလတ်အောင်ဆန်းလင်းမှာ အိမ်ရှေ့ရှိရေကန်တွင် ရေနစ် သေဆုံးပြီးနောက် မည်သူမျှ ဆက်လက်နေထိုင်ခြင်းမရှိတော့ပါ။
၁၉၅၅ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် ယဉ်ကျေးမှု ဗိမာန် ညွှန်ကြားရေးဝန် ဦးသာမြတ်၊ ယဉ်ကျေးမှုဝန်ကြီးဌာန အကြံပေးအရာရှိ Dr. Nibarran Rays ၊ အမျိုးသားပြတိုက်မှူး ဒေါ်ညွန့်ဟန်နှင့်ဌာနဆိုင်ရာအဖွဲ့ဝင်များက ရန်ကုန်မြို့တာဝါလိန်းလမ်းအမှတ် (၂၅) ရှိ ဗိုလ်ချုပ်နေထိုင်ခဲ့သောနေအိမ်ကို သွားရောက်လေ့လာခဲ့ကာ အများပြည်သူ ကြည့်ရှုနိုင်ရေးအတွက် အထိမ်းအမှတ်ပြတိုက် (Memorial Museum) အဖြစ် ဖွင့်လှစ်နိုင်ရန် ကြိုးစားစီစဉ် ဆောင်ရွက်ခဲ့ကြပါသည်။
၁၉၅၇ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် နိုင်ငံတော်အစိုးရက ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် ထံမှ အထိမ်းအမှတ်ပြတိုက် ဖွင့်လှစ်ပြသနိုင်ရန်အတွက် ပရိဘောဂပစ္စည်း ၅၃ မျိုး၊ အသုံးအဆောင် ပစ္စည်း ၉၁ မျိုးကို ပြတိုက်ပစ္စည်းများအဖြစ် ဝယ်ယူစုဆောင်းရရှိခဲ့ပါသည်။ ၎င်းတို့ထဲတွင် ဗိုလ်ချုပ်အောင်ဆန်း အသုံးပြုခဲ့သည့် အင်္ဂလန်နိုင်ငံထုတ် ကားနံပါတ် RG- 2874 Wolseley အမျိုးအစားကားကို တန်ဖိုးငွေကျပ် ၁၀၀၀၀ ၊ ဗိုလ်ချုပ်အသုံးပြု ခဲ့သည့် အင်္ဂလန်နိုင်ငံထုတ် Phillip Radio ကို တန်ဖိုးငွေကျပ် ၇၀၀ အပါအဝင် ဝယ်ယူစုဆောင်းရရှိ သောပစ္စည်းများ၏ တန်ဖိုးမှာ ၂၂၈၂၂ ကျပ်ဖြစ်ပြီး ၎င်းပြသပစ္စည်းများကို ဗိုလ်ချုပ်ကတော်ကိုယ်တိုင်လာရောက်ကာ မိသားစုနှင့်အတူ နေထိုင်ခဲ့စဉ်ကအတိုင်း ပုံစံမပျက်နေရာချထား ခင်းကျင်းပေးခဲ့ကြောင်း သိရှိရပါသည်။ ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီး ဦးချစ်သောင်း တာဝန်ယူစဉ်ကာလဖြစ်သော ၁၉၆၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို အများပြည်သူအား စတင် ဖွင့်လှစ်ပြသခဲ့ခြင်းဖြစ်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တွင် ၁၉၄၅ ခုနှစ် မှ ၁၉၄၇ ခုနှစ် ဗိုလ်ချုပ်ကျဆုံးသည်အထိ အသုံးပြု သွားခဲ့သည့် အင်္ဂလန်နိုင်ငံထုတ် Wolseley အမျိုးအစားကားနံပါတ် RG- 2874 မော်တော်ကားပြကွက်၊ ဗိုလ်ချုပ်ထမင်းစားခန်း၊ ဗိုလ်ချုပ်နေအိမ်၏ဧည့်ခန်း၊ ဗိုလ်ချုပ်ဇနီးမောင်နှံအိပ်ခန်း၊ ဘုရားဆောင်၊ စာကြည့်ခန်း၊ ကလေးများအိပ်ခန်း၊ မီးဖိုခန်း၊ ဗိုလ်ချုပ်၏ ဒုတိယသားအောင်ဆန်းလင်း ရေနစ်သောရေကန်၊ ဗိုလ်ချုပ်အောင်ဆန်း စိုက်ပျိုးရေးလုပ်နေဟန် စိုက်ခင်းပြကွက်များကို စိတ်ဝင်စားဖွယ်ပြသထားပါသည်။ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၏ သက်တမ်းမှာ နှစ် ၁၀၀ ကျော်ပြီဖြစ်သောကြောင့် ဘုရားခန်း၏ ရေရှည်ကြံ့ခိုင်မှုကို ထိန်းသိမ်းသည့်အနေဖြင့် ဧည့်သည် များအား တက်ရောက်လေ့လာခွင့်မပြုတော့ပါ။
ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းကြောင်းကို အကြမ်းဖျင်းဖော်ပြရသော်-
ဗိုလ်ချုပ်အောင်ဆန်းကို ၁၉၁၅ ခုနှစ် ဖေဖော် ဝါရီလ ၁၃ ရက် (မြန်မာသက္ကရာဇ် ၁၂၇၆ ခု တပေါင်း လဆန်း ၁ ရက်) စနေနေ့ နံနက် ၃ ချက်တီးအချိန်တွင် မကွေးတိုင်းနတ်မောက်မြို့ မြို့သူကြီးအိမ်၌ သန့်စင်ဖွားမြင်၍ ဇာတာတွင် ထိန်လင်းဟု အမည်ရေးသော်လည်း အစ်ကိုဖြစ်သူ အောင်သန်းနှင့် လိုက်ဖက်အောင်အောင်ဆန်းဟု ခေါ်တွင်ခဲ့သည်။
၁၉၂၂ ခုနှစ် အသက်ခုနစ်နှစ်အရွယ်တွင် နတ်မောက်မြို့ ဆရာတော်ဦးသောဘိတထံမှ မူလတန်းပညာ စတင်သင်ကြားခဲ့ကာ ၁၉၃၂ ခုနှစ်တွင် ရေနံချောင်း အမျိုးသားအထက်တန်းကျောင်းမှ အထက်တန်းအောင်ကာ ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။
၁၉၃၇ ခုနှစ်တွင် အင်္ဂလိပ်စာပေ၊ ခေတ်သစ်အနောက်တိုင်းရာဇဝင်ဘာသာရပ်၊ နိုင်ငံရေးသိပ္ပံ ဘာသာရပ်များဖြင့် တက္ကသိုလ်မှ ဝိဇ္ဇာတန်းအောင်မြင်ကာ ၁၉၃၇-၁၉၃၈ ခုနှစ်တွင် ကိုအောင်ဆန်းက ဥပဒေပညာကို ဆည်းပူးလိုသောကြောင့် ဘီအယ်လ်တန်း ပထမနှစ်ကို တက်ရောက်သင်ကြားသည်။
၁၉၃၈-၁၉၃၉ ခုနှစ်တွင် ဘီအယ်လ်တန်း နောက်ဆုံးနှစ်ကို တက်ရောက်သင်ကြားစဉ် နိုင်ငံရေးလောကသို့ ခြေစုံပစ်ဝင်ရန်အားယူနေပြီ ဖြစ်ပါသည်။
၁၉၃၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် သမဂ္ဂဥက္ကဋ္ဌအဖြစ်မှ လည်းကောင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌအဖြစ်မှ လည်းကောင်းနုတ်ထွက်၍ ကိုအောင်ဆန်းသည် တို့ဗမာအစည်းအရုံးဝင် သခင်တစ်ယောက်အဖြစ် နိုင်ငံရေးလောကသို့ ခြေစုံပစ်၍ ဝင်ခဲ့လေတော့သည်။
၁၉၄၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့မွန်းလွဲ ၂ နာရီတွင် ဘီအိုင်အေဆေးရုံကြီး အရှေ့မြောက် အစွန်ဆုံးရှိ ခန်းမဆောင်၌ ဒေါ်ခင်ကြည်နှင့် လက်ထပ်မင်္ဂလာပွဲကျင်းပကာ ၁၉၄၂ ခုနှစ် စက်တင်ဘာလ ၇ ရက် တနင်္လာနေ့ (၁၃၀၄ ခု ဝါခေါင်လပြည့်ကျော် ၁၂ ရက် တနင်္လာနေ့) ညနေ ၅ နာရီတွင် ရန်ကုန်မြို့မင်တိုမင်ရှင်ဟိုတယ် (Nippon Military Club) တွင် မင်္ဂလာညစာစားပွဲ ပြုလုပ်ခဲ့ပါသည်။
၁၉၄၃ ခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင် သားဦးလေး အောင်ဆန်းဦး၊ ၁၉၄၄ ခုနှစ် မေလ ၁၀ ရက်နေ့တွင် ဒုတိယသား အောင်ဆန်းလင်း၊ ၁၉၄၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် တတိယသမီးအောင်ဆန်းစုကြည်တို့ကို မွေးဖွားခဲ့ပါသည်။ ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် သမီးထွေးလေး မွေးဖွားသော် လည်း ၅ ရက် သမီးဘဝဖြင့် ကွယ်လွန်ခဲ့ပါသည်။
၁၉၃၉ ခုနှစ် ဇန်နဝါရီလ ၉ ရက် ညနေ ၁၅:၃၀ နာရီတွင် ရွှေတိဂုံစေတီ အလယ်ပစ္စယံ၌ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားထုအစည်း အဝေးကိုကျင်းပရာ သပိတ်မှောက်အလုပ်သမား ပေါင်း ၅၀၀ ကျော် တက်ရောက်သည်။ ၁၉၃၉ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ဗြိတိသျှအစိုးရက ရန်ကုန်အရေးတကြီး လုံခြုံရေးအက်ဥပဒေအရ သခင်အောင်ဆန်းမှာ ဖမ်းဆီးခြင်းခံရပြီး ထောင် ၁၅ ရက်ကျခဲ့သည်။
၁၉၄၀ ပြည့်နှစ် ဩဂုတ်လ ၈ ရက်နေ့ ညနေ ၅ နာရီတွင် သခင်အောင်ဆန်းနှင့် သခင်လှမြိုင် တို့သည် တရုတ်ကွန်မြူနစ်ပါတီနှင့် ဆက်သွယ်ရန် နော်ဝေပိုင် ဟိုင်လီ(Hai Lee) သင်္ဘောဖြင့် တရုတ် နိုင်ငံ အမွိုင်မြို့သို့ ထွက်ခွာခဲ့သည်။
၁၉၄၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် သခင်အောင်ဆန်းနှင့် မစ္စတာစုအိငိ (Mr.Sugii) တို့သည် ရွှန်းတင်းမာရူး(Shunten Maru) ကုန်တင် သင်္ဘောဖြင့် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ထွက်ခွာလာကာ ၁၉၄၁ ခုနှစ် မတ်လ ၁ ရက်နေ့တွင် ပုသိမ်ဆိပ်ကမ်း၌ ဆိုက်ကပ်သည်။
၁၉၄၁ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် သခင် အောင်ဆန်း (ဗိုလ်တေဇ)၊ သခင်လှဖေ (ဗိုလ်လကျ်ာ)၊ သခင်ဘဂျမ်း(ဗိုလ်လရောင်)၊ သခင်အေးမောင် (ဗိုလ်မိုး)နှင့် ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်)တို့ ပါဝင်သော ရဲဘော်သုံးကျိပ် ပထမအသုတ်ပါဝင်သည့် ရွှန်းတင်းမာရူး ကုန်သင်္ဘောသည် မြန်မာနိုင်ငံမှ ထွက်ခွာသည်။
၁၉၄၁ ခုနှစ် မတ်လ ၁၂ ရက်နေ့မှ ဇူလိုင်လ ၈ ရက်နေ့အထိ ရဲဘော်များကို လေးသုတ်ခွဲကာ ရွှန်းတင်းမာရူး၊ ကိုရှိုမာရူး၊ ကိုဆိုင်မာရူး (Kosei- maru)၊ ကိုရိယုမာရူး (Korimaru) သင်္ဘောတို့ဖြင့် သယ်ဆောင်သွားခဲ့သည်။ ၁၉၄၁ ခုနှစ် ဧပြီလတွင် ဟိုင်နန်ကျွန်း၌ စစ်ပညာသင်တန်း စတင်သည်။ ၁၉၄၅ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းက စစ်သေနာပတိအဖြစ်ဦးစီး၍ ပြည်သူ့ရဲဘော်အဖွဲ့ (People’s Volunteer Organization)ကို ဖွဲ့စည်းတည်ထောင်သည်။
၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် အောင်ဆန်း - အက်တလီစာချုပ်ကို လက်မှတ်ရေးထိုးသည်။
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ရန်ကုန် မြို့အတွင်းဝန်များရုံး၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ အစည်းအဝေးပြုလုပ်နေစဉ် ဂဠုန်ဦးစော၏ နောက်လိုက်တို့လက်ချက်ကြောင့် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးဘဝင်း၊ မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း၊ မန်းဘခိုင်၊ ဦးရာဇတ်၊ ဦးအုန်းမောင်နှင့် ရဲဘော် ကိုထွေးတို့ ကျဆုံးသည်။
ယခုနှစ် ၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)၌ အထူးပြပွဲခင်းကျင်းပြသသွားမည် ဖြစ်ပါသည်။
ပြကွက်(၁)အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်(ရန်ကုန်) အတက်လမ်းတွင် ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းကြောင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် အတွင်းဝန်ရုံးတွင် ကျန်ခဲ့သောပစ္စည်းများကို ခင်းကျင်းပြသမည်ဖြစ်ပါသည်။
ပြကွက်(၂)အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်) အထွက်လမ်းတွင် ဗိုလ်ချုပ် အောင်ဆန်း၏
သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများနှင့် ပြတိုက်အတွင်း ပြသထားသော ဗိုလ်ချုပ်အသုံးပြုခဲ့သည့်ပစ္စည်းများမှ
Hidden Object အချို့အား ခင်းကျင်းပြသမည်ဖြစ်ပါသည်။
Hidden Object ဆိုသည်မှာ လာရောက်ကြည့်ရှုသူပရိသတ် အလွယ်တကူမသိရှိနိုင်သည့် ပြသပစ္စည်းများကို ဆိုလိုပါသည်။ နမူနာပြရသော် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)၊ ထမင်းစားခန်း၊ ပန်းကန်ဗီရိုအတွင်းမှ ဗိုလ်ချုပ်မိသားစုအသုံးပြုခဲ့သည့် ဗြိတိသျှစစ်တပ်မှ ထုတ်ပေးသော ဇွန်းနှင့် ခက်ရင်း(British Military Fork and Spoon) လက်ကိုင်တွင် တွေ့ရှိသော အထင်ကရအချက်များမှာ-
က။ Broad Arrow လက္ခဏာ (↑) ခ။ EPNS (Electro-Plated Nickel Silver) ဂ။ ထုတ်လုပ်သူ အမည် သို့မဟုတ် တပ်ပိုင်းဆိုင်ရာကုတ်များ ပါဝင်ပါသည်။
က။ Broad Arrow လက္ခဏာ (↑)
၎င်းဇွန်းနှင့် ခက်ရင်းမှာ ၁၉၃၀ – ၁၉၄၀ ပြည့်နှစ်များတွင် ဗြိတိသျှတပ်မတော်မှ
စံသတ်မှတ်ထုတ်ပေးသည့် British military-issued တစ်ခု ဖြစ်၍ လက်ကိုင်တွင် British
War Department ၏ ပိုင်ဆိုင်မှုအမှတ်အသားဖြစ်သည့် မြားပုံ၊ Broad Arrow Symbol (↑)ပါရှိပါသည်။ ဤသင်္ကေတသည် အရေးကြီးသည့်
အထောက်အထားတစ်ခုဖြစ်ပြီး ခက်ရင်း၊ ဇွန်း၊ ဓားများတွင် Broad Arrow လက္ခဏာပါဝင်ပါက ဗြိတိသျှစစ်ရေးဌာန၏
တပ်ပိုင်ပစ္စည်း အမှတ်အသားဖြစ်သည်။
ခ။ EPNS (Electro-Plated Nickel Silver)
ဤစာလုံး EPNS သည် ကြေးဝါ၊ နီကယ်နှင့် သွပ်တို့ဖြင့် ပြုလုပ်ထားသော သတ္တုပေါ်သို့ ငွေချ ထားသည့်ပစ္စည်းဖြစ်ပြီး တာရှည်ခံရန် ပြုလုပ်ထားသည်။ ဗြိတိသျှတပ်မတော်မှ ထုတ်ပေးသောပစ္စည်းများဖြစ်ပြီး ဗြိတိသျှစစ်သားများက မြန်မာနိုင်ငံ၌ နေထိုင်စဉ် ဗြိတိသျှအုပ်ချုပ်ချိန် သို့မဟုတ် ဒုတိယ ကမ္ဘာစစ်အတွင်း သုံးစွဲခဲ့သည်ဟု တွေးဆနိုင်ပါ သည်။ ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့သည့်အိမ်တွင် ရှိနေသော ဗိုလ်ချုပ်အောင်ဆန်းမိသားစု အသုံးပြုခဲ့ သည့် ပစ္စည်းတစ်ခုအဖြစ် ထိုအချိန်က လူနေမှုဘဝနှင့် အိမ်သုံးပစ္စည်း အသုံးအဆောင်အခြေအနေများကို ထင်ဟပ်စွာ ဖော်ပြပါမည်။
ဂ။ ထုတ်လုပ်သူအမည် သို့မဟုတ် တပ်ပိုင်းဆိုင်ရာ ကုတ်များ
“MAJ”၊ “TRADE” ကဲ့သို့သော အတိုကောက်များ၊ ထုတ်လုပ်သူအမည် သို့မဟုတ် တပ်မတော် အဖွဲ့အစည်းအမှတ်အသားများ ပါဝင်သလို တစ်ခါတစ်ရံတွင် ထုတ်လုပ်သည့်နှစ် (ဥပမာ 1943 ၊ 1944) ပါဝင်သည်။ ဗြိတိသျှအင်ပါယာအုပ်ချုပ်မှု အချိန်ကာလအတွင်း ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှုအတွက် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဤကဲ့သို့သော စစ်သုံး ပစ္စည်းများကို ဗြိတိသျှအုပ်ချုပ်မှုနှင့် ဒုတိယကမ္ဘာစစ်ကြားကာလတွင် ဗြိတိသျှအရာရှိများ၊ စစ်အုပ်ချုပ်ရေးရုံးများ၊ အစိုးရအရာရှိအိမ်များတွင် အိမ်သုံးပစ္စည်းအဖြစ် သုံးခဲ့ပါသည်။
ဤဇွန်းနှင့် ခက်ရင်းတို့သည် ဗိုလ်ချုပ် အောင်ဆန်းမိသားစု နေအိမ်အသုံးအဆောင်ပစ္စည်းများထဲမှ တစ်ခုအဖြစ်၊ တိုင်းပြည်၏ သမိုင်းတစ်စိတ် တစ်ပိုင်းအဖြစ်၊ လွတ်လပ်ရေးလှုပ်ရှားမှုနှင့် ဆက်စပ်သော သက်သေအဖြစ် လွတ်လပ်ရေးမရမီက မြန်မာ့လူနေမှုဘဝအပေါ် ဗြိတိသျှအင်ပါယာ၏ ရနံ့လွှမ်းမိုးမှုနှင့် တပ်မတော်အဖွဲ့အစည်းသက်တမ်းတို့ကို ထင်ဟပ်စွာဖော်ပြနေပါသည်။ ဤပစ္စည်းများသည် နိုင်ငံရေးပြောင်းလဲမှုကာလအတွင်း လူထု၏နေထိုင်မှု၊ ယဉ်ကျေးမှုနှင့် စစ်ရေးအခြေအနေများကို တိတိကျကျ လေ့လာသိရှိနိုင်သည့် သက်သေအဖြစ် စုဆောင်းပြသထားခြင်း ဖြစ်ပါသည်။
ဤကဲ့သို့ ဗြိတိသျှတပ်မတော်က ထုတ်ပေးသည့် စစ်သုံးပစ္စည်းများသည် ဗြိတိသျှအုပ်ချုပ်မှုနှင့် ထိုကာလအတွင်း လူထုဘဝနှင့် ယဉ်ကျေးမှုအခြေအနေများကို ထင်ဟပ်ပါသည်။ Broad Arrow လက္ခဏာပါဝင်သောပစ္စည်းများကို စစ်ရေးသမိုင်းပစ္စည်း(militaria)အဖြစ် စုဆောင်းသူများက တန်ဖိုးထားပြသကြရာ ဤပစ္စည်းသည် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တွင် တန်ဖိုးရှိသည့် သမိုင်းမှတ်တမ်းတစ်ခု အဖြစ်လည်း ထိန်းသိမ်းပြသထားပါသည်။
နောက်တစ်ခုမှာ ထမင်းစားခန်း၊ ပန်းကန်ဗီရို အတွင်းမှ ဗိုလ်ချုပ်မိသားစု အသုံးပြုခဲ့သည့်ပန်းကန် များ တစ်ချပ်နှင့်တစ်ချပ်ကြားတွင် မကွဲစေရန်ကြားခံထည့်ထားသည့် ၁၉၅၈- ၅၉ ခုနှစ်ထုတ် သတင်းစာများကိုလည်း ပြသထား၍ ထိုခေတ်ကာလ၏ နိုင်ငံရေးအခြေအနေပုံရိပ်များကို မြင်တွေ့ ရမည်ဖြစ်ပါသည်။
ထိုကဲ့သို့ ဗိုလ်ချုပ်အသုံးပြုခဲ့သော ပစ္စည်းများမှ Hidden Object အချို့ကို ထုတ်နုတ်ပြသထား ပါသည်။
ပြကွက်(၃) နည်းပညာပြကွက်အနေဖြင့် New Innovative Technology နည်းပညာအသုံးပြု၍ ပေါ့ပါးပြီး ဖောက်ထွင်းမြင်ရသော ကြည်လင် ပြတ်သားသည့်ရုပ်ပုံများကို Invisible Screen အသုံးပြု၍ ပြသရသောနည်းပညာဖြစ်သည့် Holographic ဖြင့် မြန်မာ့တပ်မတော် (ရေ) ၏ သမိုင်းဝင် မေယုစစ်သင်္ဘော၏ မှတ်တမ်းပုံများ၊ ဗိုလ်ချုပ်၏ ဈာပနအခမ်းအနား၊ အတွင်းဝန်များရုံးရှိ ဗိုလ်ချုပ်ကျဆုံးချိန် ကျန်ရှိပစ္စည်းများနှင့် အစည်းအဝေးခန်း မှတ်တမ်းပုံများနှင့် ဗိုလ်ချုပ်၏အသုံးအဆောင်ပစ္စည်းများမှ Hidden Object အချို့အား 360 view တို့ကို Video Clip လေးခုဖြင့် ပြသသွား မည်ဖြစ်ပါသည်။ 3D Holographic Fan ဖြင့် ဗိုလ်ချုပ်၏ သမိုင်းဝင်ပုံရိပ်များ ပြကွက်ကိုလည်း ထည့်သွင်းပြသသွားမည်ဖြစ်သလို Touch screen များဖြင့်လည်း ဗိုလ်ချုပ်သမိုင်းကြောင်းများကို ထည့်သွင်းပြသသွားမည်ဖြစ်ပါသည်။
ထို့ပြင် အာဇာနည်နေ့အထူးပြပွဲသို့ လာရောက်သည့် အများပြည်သူတို့က ဗိုလ်ချုပ် အောင်ဆန်းပြတိုက်လေ့လာပြီး အထွက်လမ်းတွင် ဉာဏ်စမ်းပဟေဠိ (Quiz)မေးခွန်းများ ဖြေဆိုပြီး ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)အမှတ်တရ လက်ဆောင်များပေးအပ်မည့် အစီအစဉ်ကိုလည်း ထည့်သွင်းထားပါသည်။
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)ကို (၇၈)နှစ်မြောက် အာဇာနည်နေ့အထူးပြပွဲ ခင်းကျင်းပြသခြင်းသာမက ပြန်တမ်းဝင်ရုံးပိတ်ရက်နှင့် တနင်္လာနေ့မှလွဲ၍ နံနက် ၉:၃၀ နာရီမှ ညနေ ၄:၃၀ နာရီအထိ နေ့စဉ်ဖွင့်လှစ်ပြသထားပါသည်။ ပြတိုက် ဝင်ကြေးမှာ ပြည်ပငွေကျပ် ၅၀၀၀၊ ပြည်တွင်းအခမဲ့ဖြစ်၍ မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းမိသားစု နေထိုင်ခဲ့စဉ် ပုံရိပ်များကို လွမ်းဆွတ်မှန်းဆရင်း လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းမှတ်တမ်းများကို လာရောက် လေ့လာကြပါရန် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)မှ ဖိတ်ခေါ်အပ်ပါသည်။
ကိုးကား
၁။ သမိုင်းသုတေသနဦးစီးဌာန။ မြန်မာ့ရက်စဉ် သမိုင်း(အကြိုသမိုင်းကာလမှ
၁၉၄၅ အထိ)၊ ပထမတွဲ။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန။
၂။ သမိုင်းသုတေသနဦးစီးဌာန။ မြန်မာ့ရက်စဉ် သမိုင်း (၁၉၄၅–၁၉၄၈)၊ ဒုတိယတွဲ။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန။
၃။ သီသီသောင်း။ (၂၀၁၆-၂၀၁၇)။ ဗိုလ်ချုပ် အောင်ဆန်းပြတိုက်၊ ပြတိုက်မှူးဘဝလေ့လာချက်များ။
၄။ သီသီသောင်း။ (၂၀၂၂–၂၀၂၄)။ အာဇာနည်နေ့ ဂုဏ်ပြုဆောင်းပါးများ။ မြန်မာ့အလင်း၊
ကြေးမုံသတင်းစာ။
၅။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊
သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန။ (၂၀၂၀)။ မြန်မာ့လွတ်လပ်ရေး ဗိသုကာ
ဗိုလ်ချုပ်အောင်ဆန်း။
No comments:
Post a Comment