အင်းစိန် ဇူလိုင် ၁
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ကြီးကြပ်မှုဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်အခြေအနေတုံ့ပြန်ခြင်း အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (Center for Tourism Development – CTD)တွင် ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားရာ
ကမ္ဘာပေါ်ရှိ လူသားများ၏ လူနေမှုပုံစံပြောင်းလဲခြင်းနှင့် နည်းပညာအသစ်များ
စမ်းသပ်တီထွင်လာမှုတို့ကြောင့် ရာသီဥတုပြောင်းလဲခြင်း၊ အချိန်အခါမဟုတ်
မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊
လေဆင်နှာမောင်းတိုက်ခတ်ခြင်းနှင့် ငလျင်ဘေးဒဏ်များခံရခြင်းစသည့်
မမျှော်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ်များကို မကြာခဏဖြစ်ပွားလာသည်ကို တွေ့ရှိရပါကြောင်း၊ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက အများပြည်သူများနှင့် ခရီးသွားများ၏
အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်ပြီး ဌာနဆိုင်ရာ အသီးသီး၏
အဆောက်အအုံ များ၊ ပစ္စည်းများနှင့် အရေးကြီးစာရွက်စာတမ်းများကို
ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားလာနိုင်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး
ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီမှ ခွင့်ပြုပေးထားသော ဟိုတယ်နှင့်တည်ခိုရိပ်သာများ၏
တာဝန်ရှိသူများနှင့် ဝန်ထမ်းများအတွက် သဘာဝဘေးအန္တရာယ် အရေးပေါ်ဖြစ်ပွားလာပါက
ပြန်လည်တုံ့ပြန်နိုင်ရေးအတွက် အရေးပေါ်အခြေအနေတုံ့ပြန်ခြင်း အသိပညာပေးသင်တန်းကို
သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့၏
နည်းပြများမှ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ပါကြောင်း၊ ဟိုတယ်နှင့်
တည်းခိုရိပ်သာလုပ်ငန်းရှင်များ၊ မန်နေဂျာများအနေဖြင့်လည်း ယခုသင်တန်းမှ
ပို့ချချက်များအား ဝန်ထမ်းများအားလုံး သိရှိနားလည် လိုက်ပါဆောင်ရွက်နိုင်စေရေး
မိမိတို့ဟိုတယ်အတွင်း ဆင့်ပွားအသိပညာပေးခြင်းများကို ဆက်လက်လုပ်ဆောင်သွားရန်
တိုက်တွန်းပြောကြားသည်။
ဆက်လက်၍
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က
ဟိုတယ်များအား ငလျင်အန္တရာယ်ဆိုင်ရာ အသိပညာပေး ပိုစတာများအားပေးအပ်ပြီး စုပေါင်း
မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး
ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနရုံးနှင့် တိုင်းဒေသကြီး
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်
ငလျင်ဆိုင်ရာ အသိပညာပေး ပိုစတာများကို ရန်ကုန်မြို့ရှိ ဟိုတယ်များတွင်
စိုက်ထူဆောင်ရွက်သွားမည်ဖြစ်ပြီး ယနေ့ဖွင့်လှစ်သည့် သင်တန်းသို့
မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များအသင်းနှင့်
မြန်မာနိုင်ငံခရီးသွားလုပ်ငန်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး
တိုးတက်ရေးအသင်းတို့မှ ဆရာ/ ဆရာများ၊ ဟိုတယ်နှင့်တည်းခိုရိပ်သာများမှ
မန်နေဂျာနှင့် ကြီးကြပ်သူအဆင့် ဝန်ထမ်း စုစုပေါင်း (၁၄၀)ဦး တက်ရောက်မည်ဖြစ်ပြီး
သင်တန်းကာလမှာ (၃၀-၆-၂၀၂၅) ရက်နေ့မှ (၄-၇-၂၀၂၅) ရက်နေ့ထိ (၅)ရက်
ကြာမြင့်မည်ဖြစ်သည်။
ယင်းနောက်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ခရီးသွားလုပ်ငန်း
ဖွံ့ဖြိုး တိုးတက်ရေးဗဟိုဌာနရှိ သင်တန်းပို့ချသည့် သင်တန်းခန်းများ၊
မုန့်ဖုတ်သင်တန်း၊ အစားအစာနှင့် အဖျော်ယမကာထုတ်လုပ်ရေး သင်တန်းခန်းမများနှင့် Mock-up
Room များအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို
(ပြန်/ဆက်)
No comments:
Post a Comment