ကျွန်းစု ဇူလိုင် ၂၆
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကျွန်းစုမြို့နှင့် မြိတ်မြို့သို့ ပြေးဆွဲနေသော အမြန်ရေယာဉ်များနှင့် ကုန်တင်စက်လှေများသည် ဇူလိုင် ၂၃ ရက်မှစ၍ ရာသီဥတုအခြေအနေကြောင့် ခေတ္တရပ်နားထားရှိရာမှ ယနေ့နံနက်ပိုင်းတွင် အမြန်ရေယာဉ်များ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက တစ်နာရီလျှင် လေတိုက်နှုန်း ၃၅ မိုင်မှ မိုင်
၄၀ နှင့် ပင်လယ်ပြင်အခြေအနေမှာ လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်ဖြစ်သဖြင့်
မြိတ် - ကျွန်းစု - မြိတ်ခရီးစဉ် ပြေးဆွဲနေသော သစ်သားခွံကုန်တင်စက်လှေများ၊
အပျော်စီးရေယာဉ်များနှင့် ကမ်းရိုးတန်းသွားခရီးသည်တင် အမြန်ရေယာဉ်များအားလုံး ထွက်ခွာခွင့်
လုံးဝ (လုံးဝ) မပြုကြောင်း၊ ရေယာဉ်ထွက်ခွာခဲ့ပါက ဖြစ်ပေါ်လာနိုင်မည့် နောက်ဆက်တွဲပြဿနာများအတွက်
ရေယာဉ်ပိုင်ရှင်၏ တာဝန်သာဖြစ်ကြောင်း၊ မြိတ် - ကျွန်းစု - မြိတ်ခရီးစဉ်ပြေးဆွဲမည့်
ခရီးသည်တင်အမြန်ရေယာဉ်များအနေဖြင့် ပင်လယ်ပြင်တွင် လှိုင်းကြီးမည်ဖြစ်ပါ၍
ခရီးသည်အားလုံးကို ရေယာဉ်အတွင်း၌သာ စီးနင်းကြရန်တို့ကို ဇူလိုင် ၂၂ ရက်က
ထုတ်ပြန်ထားကြောင်း သိရသည်။
ကျွန်းစုမြို့တွင်
နေ့စဉ်အမြန်ရေယာဉ်အတက်၊ အဆင်းနှစ်ခေါက်နှင့် သစ်သားခွံကုန်တင်စက်လှေအတက်၊ အဆင်းတစ်ခေါက်ပြေးဆွဲလျက်ရှိရာ
ယခုအချိန်တွင် ရာသီဥတုအခြေအနေကြောင့် ခေတ္တရပ်နားထားရှိသော အမြန်ရေယာဉ်များသည် တိုင်းဒေသကြီး
မိုး/ဇလမှ ရာသီဥတုကောင်းမွန်၍ ရေယာဉ်များ ထွက်ခွာခွင့်ရရှိကာ ပုံမှန်အတိုင်း
ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။
ထက်မြင့်
(ကျွန်းစု)
No comments:
Post a Comment