Monday, July 28, 2025

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မိုး၊ ဆောင်း၊ နွေရာသီပြည့်သီးနှံစိုက်ပျိုးနိုင်ရေး တောင်သူများနှင့်တွေ့ဆုံ၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် ငလျင်ဘေးပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

 


နေပြည်တော် ဇူလိုင် ၂၈

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ရာဇသင်္ဂဟလမ်းမကြီးနှင့် သပြေကုန်းအဝိုင်းသို့သွားရောက်ပြီး ငလျင်ဘေးကြောင့်ထိခိုက်ပျက်စီးခဲ့သည့် လမ်းပိုင်းများနှင့်မြေထိန်းနံရံများပြန်လည်ပြုပြင်ဆောင်ရွက်နေမှု၊  နိုင်လွန်ကတ္တရာလမ်း (AC) ခင်းကျင်းဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းများအပိုင်းလိုက်အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ ရာသီဥတုကောင်းမွန်ချိန်တွင်စက်ယန္တရား၊ လူအင်အားတိုးမြှင့်ပြီး အင်တိုက်အားတိုက်ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင်စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။



ထို့နောက်  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇေယျာသီရိမြို့နယ်၊ ကြို့ပင်ဆိပ်ကျေးရွာသို့သွားရောက်ပြီး ဆင်သေချောင်းဘေး သီးနှံများစိုက်ပျိုး‌နေသည့် တောင်သူများနှင့်တွေ့ဆုံ၍ မျိုး၊ မြေ၊ ရေ၊ နည်း  နည်းလမ်းများနှင့်အညီ စနစ်တကျစိုက်ပျိုးရေး၊ မိုး၊ ဆောင်း၊ နွေ ရာသီပြည့်သီးနှံများစိုက်ပျိုးနိုင်ရေး၊ သီနှံများပန်းတိုင်အထွက်နှုန်းရရှိရေး၊ သဘာဝမြေသြဇာကို တောင်သူများကိုယ်တိုင်ပြုလုပ်သုံးစွဲစေရေး၊ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေးနှင့် သီးထပ်စွမ်းအားမြှင့်တင်နိုင်ရေး၊ စိုက်ပျိုးရေရရှိရေးအတွက် နည်းလမ်းမျိုးစုံအသုံးပြုဆောင်ရွက်ရေးတို့ကို မှာကြားသည်။



ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အောင်နိုင်တိုး စပါးမျိုးအားလည်း‌ကောင်း၊  နေပြည်တော်ကောင်စီဝင်များမှ နေကြာ၊ ပဲတီစိမ်းမျိုးစေ့များ၊ သွင်းအားစုများနှင့် မျိုးစေ့ချကိရိယာ(Seeder)များကိုလည်းကောင်း တောင်သူများအားပေးအပ်ကြပြီး ဆင်သေချောင်းဘေး သီးနှံများစိုက်ပျိုးထားမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီးသို့သွားရောက်ပြီး ပင်လောင်းလမ်းဆုံနှင့် အိုင်စောက်ကျေးရွာအကြား လမ်းဘေးရေမြောင်းများနှင့် မပိုက်ကယ်ရိုး ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လမ်းဘေးရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် အမှိုက်များရှင်းလင်းဆောင်ရွက်ထားရှိရေး၊ ရေမြောင်းတူးဖော်နေမှုအား သတ်မှတ်အတိုင်းအတာအတိုင်း စနစ်တကျတူးဖော်ရေး၊ Box Culvert များ စနစ်တကျဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)

No comments:

Post a Comment