Sunday, July 27, 2025

ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေး ဗလငါးတန်နှင့် ပြည့်စုံသော နည်းပညာရှင် လူငယ်ကောင်းများအဖြစ် ပါဝင်ဆောင်ရွက်



နေပြည်တော် ဇူလိုင် ၂၆

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ဇူလိုင် ၂၂ ရက် မွန်းလွဲပိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ (ရွှေပြည်သာ) ကို သွားရောက်စစ်ဆေးရာ ကျောင်းအုပ်ကြီးက ကျောင်းလုပ်ငန်းဆိုင်ရာ တင်ပြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက် ဆောင်ရွက်ပေးကာ ကျောင်းစာကြည့်တိုက်ကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဒုတိယဝန်ကြီး သည် အင်ဂျင်နီယာဌာနများရှိ လက်တွေ့ခန်းများနှင့် အလုပ်ရုံများတွင် လက်တွေ့လုပ်ငန်းများကို စိတ်ဝင်စားစွာ လေ့ကျင့်လျက်ရှိကြသော ကျောင်းသား ကျောင်းသူများကို နှုတ်ဆက်အားပေးကာ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ တည်ဆောက်ရာတွင် ဗလငါးတန်နှင့် ပြည့်စုံသော နည်းပညာရှင်လူငယ်ကောင်းများအဖြစ် ပါဝင်ဆောင်ရွက်နိုင်ရေး အဓိကရည်မှန်းကြိုးပမ်းကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်ချက်တင်ပြချက်များအပေါ် ဖြည့်ဆည်းပေးပြီး နိုင်ငံ့အကျိုးပြုလုပ်ငန်းများ၌ အထောက်အကူပြုပါဝင်ဆောင်ရွက်နိုင်သော မျိုးဆက်သစ်နည်းပညာရှင်များ ဆက်လက်ပျိုးထောင်ပေးရန်၊ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်မြှင့်တင်ရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်သို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများနှင့် တွေ့ဆုံ၍ နိုင်ငံတကာ အဆင့်မီ IT ပညာရှင်များမွေးထုတ်ပေးရန်နှင့် ဒေသအကျိုးပြုနိုင်ငံ အကျိုးပြုလုပ်ငန်းများကို ဆရာ ဆရာမများက ဝိုင်းဝန်းဆောင်ရွက်ရန်နှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောင်းသား ကျောင်းသူများ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းနှင့် Academic Plan အတိုင်း ဆက်လက်ဆောင်ရွက်ရန် မှာကြားသည်။

ယင်းနောက် စာသင်ခန်းများတွင် ကျောင်းသား ကျောင်းသူများ၏ သင်ကြားသင်ယူဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးစကားပြောကြားပြီး ကွန်ပျူတာခန်း၊ ETRI Lab နှင့် တက္ကသိုလ်ဥပဓိရုပ်တင့်တယ်ရေးနှင့် သန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment