ရန်ကုန် ဇူလိုင် ၁၅
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် နော်ဝေနိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းပြုလုပ်သည့် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်၌ ကျင်းပသည်။
ဦးစွာ မြန်မာနိုင်ငံကြက်ခြေနီ အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်က ယခုအလုပ်ရုံဆွေးနွေး ပွဲသည် မြန်မာနိုင်ငံကြက်ခြေနီ အသင်း၏အမြူတေလုပ်ငန်းဖြစ်သော ရှေးဦးပြုစုခြင်းနှင့် အရေးပေါ်လူနာတင်ယာဉ် လုပ်ငန်းများမှသည် နိုင်ငံတစ်ဝန်းသဘာဝဘေးအန္တရာယ်များ ကျရောက်ချိန် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးနှင့် ချိတ်ဆက်ကာ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန် ဆောင်ရွက်ရာတွင် ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းအပိုင်းကို တိုးမြှင့်ဆောင်ရွက်မည့် ကနဦးခြေလှမ်းဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ကူညီကယ်ဆယ်ရေးအပိုင်းကို ပိုမိုလုပ်ဆောင်ရန် အားပေးနေချိန်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း အနေဖြင့်လည်း ယခင်ကတည်းကပင် ကူညီကယ်ဆယ်ရေး ကဏ္ဍများတွင် ပါဝင်ရာမှ ယခုပိုမိုတိုးမြှင့် ပါဝင်လုပ်ဆောင်နိုင်ရန် ရည်ရွယ်ကာ လိုအပ်မည့်ကိရိယာပစ္စည်းများကို မိတ်ဆက်ခြင်းနှင့် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းများကို ဆွေးနွေးမည့်အလုပ်ရုံဆွေးနွေးပွဲဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ Deputy Head of Delegation & Head of Program and Prevention Mr. Xavier Collard De Macquerh၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ Head of delegation Ms. Nardia နှင့် နော်ဝေနိုင်ငံကြက်ခြေနီအသင်းမှ Deputy Regional Representative for Asia မှ Mrs.Marian Frances Steven တို့က နှုတ်ခွန်းဆက်စကားများပြောကြားကြသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်တင်တင်လေး၊ အလုပ်အမှုဆောင်များ၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် မွန်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီများမှ ဥက္ကဋ္ဌများ၊ ကြက်ခြေနီတပ်ဖွဲ့မှူးများနှင့် တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ အသင်း၏ ဒုတိယအထွေထွေ အတွင်းရေးမှူးနှင့် လက်ထောက်အထွေထွေ အတွင်းရေးမှူးများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီနှင့် မိတ်ဖက်ကြက်ခြေနီအသင်းများမှ တာဝန်ရှိသူများ၊ အသင်းဌာနချုပ်ရုံးမှ တာဝန်ရှိသူ တက်ရောက်ကြသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ အဆင့်မြင့်နိုင်ငံတကာသုံးပစ္စည်းများ အသုံးပြုပုံနှင့် အသင်း၏ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များအတွက် ကိုက်ညီမည့် စွမ်းဆောင်ရည်မြှင့် အစီအစဉ်များအကြောင်းကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment