၂၀၂၄ ခုနှစ်အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာအစီရင်ခံစာကို ၁၇-၆-၂၀၂၅ ရက်တွင် စာရွက်စာတမ်းအမှတ် A/ 79/ 878-S/ 2025/ 247 ဖြင့် ထုတ်ပြန်ခဲ့ပြီး ယင်းအစီရင်ခံစာအား ဇွန်လ ၂၅ နှင့် ၂၆ ရက် တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးဖွင့်အစည်းအဝေး၌ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံသည်
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အလျောက် ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ
အပြည်ပြည်ဆိုင်ရာစံချိန်စံနှုန်းများကို လေးစားလိုက်နာ ဆောင်ရွက်ထားရှိမှု အခြေအနေများကို
အသိပေးလိုသည်။
အရွယ်မရောက်သေးသူများ
စစ်မှုထမ်းခြင်းမှ ကာကွယ်ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာနမှ ဦးဆောင်သည့်
အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးကော်မတီနှင့်
ကုလသမဂ္ဂစောင့်ကြည့်လေ့လာ အစီရင်ခံစာတင်ပြရေးလုပ်ငန်းအဖွဲ့(UN CTFMR)တို့ နှစ်ဖက်တွေ့ဆုံပူးပေါင်း၍
တိုက်ဆိုင်စိစစ်မှုများကို နီးကပ်စွာပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ၂၀၂၄ ခုနှစ်အတွင်း
နှစ်ဖက်အကြား အစည်းအဝေး ၄ ကြိမ်တိုင်ကျင်းပခဲ့ပြီး စိစစ်တွေ့ရှိသည့် အသက်မပြည့်သေးသည့်
စစ်သည် ၉၃ ဦး တပ်မတော်မှ နုတ်ထွက်ခွင့်ပေးကာ မိဘများထံ ကောင်းမွန်စွာ ပြန်လည်အပ်နှံခဲ့ပါသည်။
နုတ်ထွက်ခွင့်ရသည့် စစ်သည်တစ်ဦးချင်းအလိုက် ထောက်ပံ့ကြေးငွေများ ပံ့ပိုးခဲ့ပြီးဖြစ်သည်။
၂၀၂၅ ခုနှစ်တွင် နှစ်ဖက်ပူးတွဲတိုက်ဆိုင်စိစစ်မှုပြုလုပ်ခဲ့ရာ အသက်မပြည့်ဟု သံသယရှိသူစစ်သည်
၁၈ ဦးသာ ကျန်ရှိသည်။
ကလေးသူငယ်များကို
အကာအကွယ်ပေးရန်နှင့် ကောင်းကျိုးချမ်းသာရရှိစေရေး ဆောင်ရွက်ရန်အတွက် လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဦးဆောင်သည့် ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ
ကာကွယ် တားဆီးရေး အမျိုးသားအဆင့်ကော်မတီကို ၂၀၁၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ လက်နက်ကိုင်ပဋိပက္ခအတွင်း
ကလေးသူငယ်များ ထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ကျူးလွန်မှုများမှ
တားဆီးနိုင်ရေးအတွက် အမျိုးသားအဆင့် တိုင်ကြားမှုယန္တရားအဖြစ် 4 Digits (1566)
Helpline ဝန်ဆောင်မှုကို ၂၅-၁၀- ၂၀၂၂ ရက်တွင် စတင်ဆောင်ရွက်ခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအထိ
တိုင်ကြားမှုဖြစ်စဉ် ၉၈ ခုကို ဆောင်ရွက်ပေးခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ်
သေကျေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်မှုများနှင့် သက်ဆိုင်ခြင်းမရှိသည့်
ဖြစ်စဉ်များသာ တွေ့ရှိသည်။
ထို့အပြင် တပ်မတော်သားများနှင့်
သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများအား ကလေးသူငယ်များ အကာအကွယ်ပေးရေးနှင့် လက်နက်ကိုင်ပဋိပက္ခအတွင်း
ကလေးသူငယ်များအပေါ် ကြီးလေး သောကျူးလွန်မှု ၆ ရပ် နှင့်ဆက်စပ်သည့် သင်ခန်းစာများကို
ပို့ချပေး လျက်ရှိသည်။
အထက်ဖော်ပြပါအချက်များသည်
မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်များနှင့်ပတ်သက်၍ နိုင်ငံတကာစံချိန်စံနှုန်းများနှင့်အညီ
ဆောင်ရွက်နေခြင်းဖြစ်သည်။
သို့ရာတွင် ကုလသမဂ္ဂ၏
ယခုနှစ်အစီရင်ခံစာတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ
စွပ်စွဲချက်များသည် စနစ်တကျစိစစ်ထားခြင်းမရှိသည့် ကိန်းဂဏန်း အချက်အလက်များလွဲမှားစွာဖော်ပြထားကြောင်း
တွေ့ရှိရပါသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ
အထူးကိုယ်စားလှယ်၏ မေတ္တာရပ်ခံချက်အရ မြန်မာနိုင်ငံက တရားဝင်ပေးပို့ထားသည့် သက်သေအထောက်အထားအချက်အလက်အမှန်များနှင့်
တိုက်ဆိုင်စစ်ဆေး အတည်ပြုထားခြင်းမျိုးလည်းမရှိကြောင်း တွေ့ရှိရသည်။
ဥပမာပြရမည်ဆိုရပါက
မြန်မာ့တပ်မတော်သည် အသက်မပြည့်သေးသူ ကလေးသူငယ် ၄၈၂ ဦးကို စစ်သည်အဖြစ် စုဆောင်းအသုံးပြုခဲ့ကြောင်း
စွပ်စွဲထားသော်လည်း ၂၀၂၄ ခုနှစ်တွင်း ကုလသမဂ္ဂက မြန်မာနိုင်ငံအစိုးရဘက်သို့ ပေးပို့လာသည့်
အမှုတွဲမှာ ၈ မှုသာဖြစ်၍ အစီရင်ခံစာပါ စွပ်စွဲထားသည့် ကိန်းဂဏန်းများသည် လုံးဝလွဲမှားစွာ
ဖော်ပြနေခြင်းဖြစ်သည်မှာ ထင်ရှားနေပါသည်။ ထို့အပြင် ၂၀၂၁-၂၀၂၄ ကာလအတွင်း NUG နှင့်
ယင်းလက်ဝေခံ PDF အကြမ်းဖက်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့၏ တိုက်ခိုက်မှုများကြောင့်
ကလေးသူငယ် ၃၁၈ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၈,၅၈၈ ဦး သေဆုံးခဲ့ပြီး ကလေးသူငယ် ၁,၂၁၉ ဦး
ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ သို့သော် အစီရင်ခံစာတွင် ဤအချက်များကို လုံးဝဖော်ပြထားခြင်းမရှိဘဲ
တပ်မတော်အပေါ် စွပ်စွဲချက်များကိုသာ အလေးပေးဖော်ပြထားသည်။
ကုလသမဂ္ဂသည် မြန်မာနိုင်ငံအပေါ် မျှတမှုမရှိသော အစီရင်ခံစာများကို ထုတ်ပြန်ကာ အကြမ်းဖက်အဖွဲ့များ၏
ရာဇဝတ်မှုများကို "အမည်မသိကျူးလွန်သူများ" ဟု ရှင်းလင်းပြတ်သားမှုမရှိဘဲ
ဖော်ပြထားသည်ကို တွေ့ရှိရသည်။
ကုလသမဂ္ဂအနေဖြင့်
တစ်နိုင်ငံတည်းအပေါ် ပစ်မှတ်ထားသည့် ဘက်လိုက်သော အစီရင်ခံစာများပြုစုခြင်းနှင့် နိုင်ငံရေးအရ
ဖိအားပေးမှုများ ပြုလုပ်နေခြင်းသည် အဖွဲ့ဝင်နိုင်ငံကို ကူညီရာမရောက်ဘဲ ကုလသမဂ္ဂ၏ သမာသမတ်ကျမှုနှင့်
အချက်အလက်စုဆောင်းသည့်ပုံစံ (methodology) အပေါ် မေးခွန်းထုတ်စရာဖြစ်ကြောင်း တွေ့ရှိရသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံက
အစီရင်ခံစာတွင်ပါဝင်သည့် အခြေအမြစ်မရှိသော စွပ်စွဲချက်များနှင့် မြေပြင်အခြေအနေမှန်များကို
ထင်ဟပ်မှုမရှိသည့် မှားယွင်းသော ကိန်းဂဏန်းအရေအတွက် ဖော်ပြချက်ကို ကန့်ကွက်ပယ်ချသည်။
မြန်မာနိုင်ငံသည် ကလေးသူငယ်များ၏ လုံခြုံရေးနှင့် အခွင့်အရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။
ကုလသမဂ္ဂအနေဖြင့် အဖွဲ့ဝင်နိုင်ငံများအပေါ် အပြုသဘောဆောင်သော ချဉ်းကပ်မှုဖြင့် မျှတမှုရှိပြီး
ယုံကြည် လက်ခံနိုင်သော အစီရင်ခံစာများကို ထုတ်ပြန်ရန် ပြင်းထန်စွာ တောင်းဆိုသည်။
လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော
ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ
၂၀၂၅ ခုနှစ်၊
ဇူလိုင်လ ၃ ရက်
No comments:
Post a Comment