ရန်ကုန် ဇူလိုင် ၂၃
မြန်မာ့ဘောလုံးအားကစားအဆင့်အတန်း ပြန်လည်ဦးမော့ပြီး ပိုမိုတိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများစွာ ပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူး၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကွာတားဖိုင်နယ် ပွဲစဉ်များကို ဇူလိုင် ၂၁ ရက်နေ့ မွန်းလွဲ(၃)နာရီမှ စတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် ပဒုမ္မာအားကစားကွင်း၊ တောင်ဒဂုံမြို့နယ်တောင်ဒဂုံအားကစားကွင်း၊ သန်လျင်မြို့နယ် သန်လျင်အားကစားကွင်းနှင့် သင်္ဃန်းကျွန်းမြို့နယ် YTC လေ့ကျင့်ရေးကွင်း(၁)ရှိ (စက်ဘီးကွင်း)တို့တွင် ကျင်းပခဲ့ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ပြိုင်ပွဲကျင်းပရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဘောလုံးအားကစားဝါသနာရှင် ပွဲကြည့်ပရိသတ်များက တစ်ခဲနက် လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ယနေ့(အမျိုးသား)ဘောလုံးပြိုင်ပွဲ
ကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် ပဒုမ္မာအားကစားကွင်းတွင်
မန္တလေးတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မန္တလေးတိုင်းဒေသကြီးအသင်းက
မွန်ပြည်နယ်အသင်းကို ခြောက်ဂိုးတစ်ဂိုးဖြင့်လည်းကောင်း၊ တောင်ဒဂုံမြို့နယ် တောင်ဒဂုံအားကစားကွင်းတွင်
ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ
ကချင်ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို တစ်ဂိုးဂိုးမရှိဖြင့်လည်းကောင်း၊
သန်လျင်မြို့နယ်သန်လျင်အားကစားကွင်းတွင် ကရင်ပြည်နယ်အသင်းနှင့် ကယားပြည်နယ်အသင်းတို့
ယှဉ်ပြိုင်ကစားခဲ့ရာ ကရင်ပြည်နယ်အသင်းက ကယားပြည်နယ်အသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊
သင်္ဃန်းကျွန်းမြို့နယ် YTC လေ့ကျင့်ရေး ကွင်း(၁) (စက်ဘီးကွင်း)
တွင် ရှမ်းပြည်နယ်အသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းတို့
ယှဉ်ပြိုင်ကစားခဲ့ရာ ရှမ်းပြည်နယ်အသင်းက ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းကို သုံးဂိုးဂိုးမရှိဖြင့်လည်းကောင်း
အသီးသီးအကြိတ်အနယ် ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။
၂၀၂၅
ခုနှစ် ဇူလိုင်လ(၂၂)ရက်နေ့တွင် ပြိုင်ပွဲ(၁)ရက်နားမည်ဖြစ်ပြီး ဇူလိုင်လ(၂၃)ရက်နေ့ မွန်းလွဲ(၃)နာရီမှ
စတင်၍ အမျိုးသားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲပွဲစဉ်များအဖြစ် ရန်ကုန်တိုင်းဒေသကြီး၊
စမ်းချောင်းမြို့နယ် ပဒုမ္မာအားကစားကွင်းတွင် မန္တလေးတိုင်းဒေသကြီးအသင်းနှင့်
ကချင်ပြည်နယ်အသင်း၊ သင်္ဃန်းကျွန်းမြို့နယ် YTC လေ့ကျင့်ရေးကွင်း(၁)
(စက်ဘီးကွင်း)တွင် ကရင်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့
ဆက်လက်ယှဉ်ပြိုင်သွားကြမည်ဖြစ်၍ ဘောလုံးအားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့်
မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
အောင်မြင့်
(ပြန်/ဆက်)
No comments:
Post a Comment