နိုင်ငံတကာသတင်းစာမျက်နှာများတွင် ရာသီဥတုဖောက်ပြန်ဆိုးရွားမှုသတင်းများကလည်း လူအများစိတ်ဝင်စားကြသည့်သတင်းများဖြစ်သည်။ ကမ္ဘာ့နံပါတ် (၁) နိုင်ငံကြီးဖြစ်သော အမေရိကန်နိုင်ငံ၌ပင်လျှင် ရုတ်တရက်ရေလွှမ်းမိုးမှုကြောင့် လူ အများအပြားသေဆုံးရသည့်သတင်းမှာ အံ့ဩဖွယ်ရာပင်ဖြစ်သည်။
အမေရိကန်ပြည်ထောင်စု
တက္ကဆက်ပြည်နယ် ရေလွှမ်းမိုးမှုတွင် သေဆုံးသူဦးရေ ၁၀၀ ကျော်ပြီဖြစ်ကြောင်း အတည်ပြုထားသည့်အနက်
ကဲရ်ကောင်တီတစ်ခုတည်းမှပင် ၈၄ ဦးထက်မနည်း ပါဝင်နေသည်ဟုဆိုသည်။ ဒါဇင်နှင့်ချီသော လူများပျောက်ဆုံးနေဆဲဖြစ်ပြီး
ရှာဖွေကယ်ဆယ်ရန် ကြိုးပမ်းမှုများမှာလည်း လေးရက်မြောက်ပြီဖြစ်ကြောင်း အာဏာပိုင်များက
ပြောကြားသည်။ အဆိုပါကောင်တီအတွင်းရှိ မစ်စ်တစ်အမည်ရှိ မိန်းကလေးများ၊ နွေရာသီစခန်းမှ
မိန်းကလေးများနှင့် ဝန်ထမ်း ၂၇ ဦးထက်မနည်း သေဆုံးခဲ့ပြီး ကလေး ၁၀ ဦးနှင့် အကြံပေးတစ်ဦးတို့
ပျောက်ဆုံးနေဆဲဖြစ်ကြောင်း၊ ယင်းဒေသတွင် မိုးရွာသွန်းမှုနှင့် မိုးကြိုးမုန်တိုင်းများ
ထပ်မံဖြစ်ပေါ်ဦးမည့်အခြေအနေရှိပြီး နောက်ထပ်ရေကြီးရေလျှံမှုများလည်း ဖြစ်ပွားဖွယ်ရှိနေသည်ဟု
ဆိုသည်။
အာရှတွင်လည်း
တရုတ်နှင့် နီပေါနယ်စပ်တွင် ရုတ်တရက် ရေလွှမ်းမိုးမှုဖြစ်ပွားပြီး တံတားတစ်စင်း ရေထဲမျောပါသွားရာ
လူ ၁၈ ဦးပျောက်ဆုံးနေကြောင်း၊ တိဗက်ဒေသတွင် မိုးသည်းထန် စွာရွာသွန်းမှုကြောင့် ဖြစ်ဖွယ်ရှိသည့်
အဆိုပါရေကြီးရေလျှံမှုတွင် ကားများလည်း ရေထဲမျောပါသွားခဲ့ကြောင်းနှင့် ပျောက်ဆုံးနေသူများတွင်
နီပေါလူမျိုး ၁၂ ဦးနှင့် တရုတ်လူမျိုး ခြောက်ဦးတို့ပါဝင်ကြောင်း သတင်းများတွင် တွေ့ရသည်။
ထရီရှူလီမြစ်အနီး နေထိုင်သူများအား အာဏာပိုင်များက ရေဘေးအန္တရာယ်သတိပေးချက်များ ထုတ်ပြန်ထားသည်ဟုလည်း
သိရသည်။
မိမိတို့နိုင်ငံတွင်လည်း
မြစ်ကမ်းများအနီးနေသူများနှင့် အနိမ့်ပိုင်းများတွင် နေသူများအား ရေကြီးရေလျှံအန္တရာယ်မှ
အချိန်မီရှောင်ရှားနိုင်ရန် သက်ဆိုင်ရာက မီဒီယာများမှတစ်ဆင့် သတိပေး နှိုးဆော်လျက်ရှိရာ
အလေးဂရုပြု၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြရန်လိုသည်။ ပြီးခဲ့သည့်နှစ်များအတွင်း
ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများမှာ ဘင်္ဂလားပင်လယ်အော်နှင့် တောင်တရုတ်ပင်လယ်တို့တွင်
မုန်တိုင်းများဖြစ်ပေါ်ခြင်း၊ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ခြင်းတို့ကြောင့် မိုးသည်းထန်မှု၊
အဆက်မပြတ်ရွာသွန်းမှုများ ဖြစ်ပေါ်၍ ရေဘေးအန္တရာယ် ကြုံတွေ့ခဲ့ကြရခြင်းဖြစ်သည်။ မိမိနေထိုင်သည့်
နေရာသည် မြစ်ချောင်းများအနီး၊ မြေနိမ့်ပိုင်းစသည်တို့တွင် ကျရောက်နေပါက နေ့ညအချိန်မရွေး
ကျရောက်လာနိုင်သည့် ရေဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားကြရန်လိုသည်။ အထူးသဖြင့် ဇူလိုင်လနှင့်
ဩဂုတ်လတို့တွင် နှစ်စဉ်ရေဘေးအန္တရာယ်ဖြစ်ပေါ်လေ့ရှိရာ နေ့စဉ်အချိန်နှင့်အမျှ မိုးလေဝသသတင်းကို
သတိပြုနေကြရမည်ဖြစ်သည်။
ကြိုတင်ပြင်ဆင်မှုများအနေဖြင့်
မိမိအိမ်၏ကြံ့ခိုင်မှုကို စစ်ဆေးပြုပြင်ရန်နှင့် အိမ်ပတ်ဝန်းကျင်ရှိ အန္တရာယ်ဖြစ်နိုင်ခြေများကို
ကြည့်ရှုစစ်ဆေးရန်၊ အရေးပေါ်ရွှေ့ပြောင်းရန်နေရာနှင့် လမ်းကြောင်းများကို ကြိုတင်သတ်မှတ်ရန်၊
ရေစိုပျက်စီးနိုင်သည့်ပစ္စည်းများကို ရေလွတ်ရာနှင့် ခြောက်သွေ့ရာအမြင့်နေရာ၌ ထားရှိရန်၊
မိမိနေထိုင်ရာအနီးရှိ မြစ်ချောင်းများ၏ အန္တရာယ်ရှိနိုင် သောရေကြီးမှုအမြင့်ပေများကို
မှတ်သားထားရန်၊ သောက်သုံးရေ၊ အရေးပေါ်သုံးပစ္စည်း၊ အသက်ကယ်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားရန်၊
ချိုင့်များ၊ ကျင်းများ၊ မြောင်းများကို ရေလွှမ်းမိုး ပါက အန္တရာယ်ဖြစ်နိုင်သည့်အတွက်
မှတ်သားထားရန်တို့ကို ဝါယမစိုက်ထုတ်ကာ ပြုလုပ်ထားခြင်းအားဖြင့် အန္တရာယ်ကျရောက်လာသည့်အခါ
ရင်ဆိုင်ကျော်လွှားနိုင်ကြမည်ဖြစ်သည်။
မိမိတို့၏ ဉာဏ်ပညာ၊
လုံ့လ၊ ဝီရိယတို့ဖြင့် ဖြစ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်ကို ကြိုတင်မြော်တွေး၍ ပြင်ဆင်ခြင်း၊
ဘေးအန္တရာယ်ကျရောက်လာသည့်အချိန်တွင် မိမိတို့ကြိုတင် ပြုလုပ်ထားသည့် အစီအမံများနှင့်အညီ
ဘေးအန္တရာယ်မှ ရှောင်ရှားခြင်းနှင့် ရင်ဆိုင်ကျော်လွှားခြင်းတို့ကို ဆောင်ရွက်ခြင်းအားဖြင့်
တစ်စုံတစ်ရာသောပျက်စီးဆုံးရှုံးမှုတို့မှ ရှောင်ရှားနိုင်ကြမည်ဖြစ်ကြောင်း။ ။

No comments:
Post a Comment