နေပြည်တော် ဇူလိုင် ၂၃
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်း ဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃ နှစ်က ဆင်ဖြူတော် (အထီး) ကလေးတစ်စီးကို ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက် နံနက် မင်္ဂလာအချိန် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါဆင်ဖြူတော်လေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန်ပေါင် ၁၈၀ခန့် ရှိသည်။
ဆင်ဖြူတော်ကလေး၏
ဘွဲ့နာမံတော်မှာ “ရနန္ဒက” ဖြစ်ပြီး အဆိုပါဆင်ဖြူတော်လေး သည် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ
၈ ချက်အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဌာန်ဖြစ်ခြင်း၊
အမွေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ သြဇာကွက်ဖြစ်ခြင်း၊
အသားအရေ ပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေသည်း ၄ ခုစီပါရှိခြင်း၊
နားကြီးခြင်းစသည့် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၇ ချက် ကိုက်ညီသော ဆင်ဖြူတော်လေး
ဖြစ်သည်။
အထက်ပါ ဆင်ဖြူတော်လေး
“ရနန္ဒက” မှာ ယခုအသက် ၃ နှစ်သားအရွယ်တွင် အရပ်အမြင့် ၅ ပေ ၃ လက်မ ၊ ကိုယ်လုံး လုံးပတ်
၈ ပေ၊ ကိုယ်အလေးချိန် ၁၅၇၃ ပေါင်ရှိလာပြီး ရတနာဆင်ဖြူတော် ထိန်းသိမ်းစောင့် ရှောက်ရေးဥယျာဉ်
နေပြည်တော်ရှိ ရတနာဆင်ဖြူတော်ဆောင်တွင် မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိကြောင်းနှင့်
ဆင်ဖြူတော်လေး “ရနန္ဒက” မှာ ငယ်စဉ်ကတည်းကပင် လူနှင့်ယဉ်ပါးသည့် ဆင်ဖြူတော်လေးဖြစ်ပြီး
ပိုမိုယဉ်ပါးလာစေရန် ဆင်နှင့် လူသားတို့အကြား ကောင်းမွန်စွာ ဆက်ဆံတတ်စေရန် လေ့ကျင့်သင်ကြားခြင်းစနစ်
“Peace Human and Elephant Interaction Training” ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း
သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment