၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။
၂။ ကော်မရှင်အနေဖြင့်
သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများ၏ ကြီးကြပ်မှုအောက်ရှိ
အများပြည်သူနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော ရုံး/ဌာနများတွင် ဝန်ဆောင်မှုရယူခဲ့ကြသော
ပြည်သူများ၏ တယ်လီဖုန်းများသို့ Short Code နံပါတ် “1111” အသုံးပြု၍ SMS
မှတစ်ဆင့် မေးခွန်းများ မေးမြန်းခြင်းနှင့် တုံ့ပြန်မှုရယူခြင်း
အစီအစဉ် (Public Feedback Programme – PFP) ကို
အသုံးပြုဆောင်ရွက်လျက်ရှိပါသည်။
၃။ အများပြည်သူထံမှ
တုံ့ပြန်မှုရယူခြင်း အစီအစဉ်အရ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်နှင့်
ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများထံမှ Short Code နံပါတ် “1111” ဖြင့်
ဝန်ဆောင်မှုရယူစဉ်က ကြုံတွေ့ခဲ့ရသည့်အခြေအနေများနှင့် စပ်လျဉ်း၍
ပေးပို့မေးမြန်းလိုက်သော SMS များကို မှန်ကန်စွာ
ပြန်လည်ဖြေကြားပေးခြင်းဖြင့် သက်ဆိုင်ရာဌာနအသီးသီး၏ ဝန်ဆောင်မှုလုပ်ငန်းအရည်အသွေးကို
သိရှိနိုင်မည်ဖြစ်ပြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက် လိုအပ်ချက်များကို
ပြုပြင်နိုင်မည်ဖြစ်ပါသည်။
၄။ သို့ဖြစ်ပါ၍
ပြည်သူလူထုအနေဖြင့် ကော်မရှင်နှင့် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများရှိ
အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များက Short Code “1111” ဖြင့် SMS ပေးပို့မေးမြန်းလိုက်သော မေးခွန်းများကို ပြန်လည်ဖြေကြားပေးခြင်းသည်
အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်ခြင်းဖြစ်သဖြင့်
အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်ကို အတူတကွပူးပေါင်းပါဝင်ဆောင်ရွက်စေလိုပါကြောင်း
အသိပေးနှိုးဆော်တင်ပြအပ်ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်
No comments:
Post a Comment