နေပြည်တော် ဇွန် ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ညနေပိုင်းတွင် ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့ရှိ Minsk International Exhibition Center BELEXPO ၌ ကျင်းပသည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF 2025) ၏ မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်သည်။
အဆိုပါ
စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF 2025) ကို “ဥရောပ-အာရှ
စီးပွားရေးပေါင်းစည်းညီညွတ်ရေး မဟာဗျူဟာ-ရလဒ်များနှင့် အလားအလာများ” (Strategy
of the Eurasian Economic Integration: outcomes and prospects) ခေါင်းစဉ်ဖြင့်
ကျင်းပခြင်းဖြစ်ပြီး ဖိုရမ်သို့ EAEU ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့်
ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတနှင့်အတူ ဥရောပ-အာရှစီးပွားရေးသမဂ္ဂ (EAEU) အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၊
ကာဇက်စတန်နိုင်ငံသမ္မတ၊ ကာဂျစ်စတန်နိုင်ငံသမ္မတ၊ EAEU Observers နိုင်ငံဖြစ်သည့် ကျူးဘားနိုင်ငံသမ္မတ၊ ဖိတ်ကြားထားသည့်
နိုင်ငံများဖြစ်ကြသည့် မွန်ဂိုလီးယားနိုင်ငံ၊ ယူအေအီးနိုင်ငံတို့မှ ကိုယ်စားလှယ်များ၊
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်
နီကွာရာဂွာသမ္မတ၏ အထူးကိုယ်စားလှယ်တို့ တက်ရောက်ကြပြီး ဥရောပ-အာရှစီးပွားရေး
ပူးပေါင်းဆောင်ရွက်မှုကို စိတ်ပါဝင်စားသည့် မိတ်ဖက်နိုင်ငံများမှ
အစိုးရကိုယ်စားလှယ်များ၊ အကြီးစား၊ အလတ်စားနှင့် အသေးစားစီးပွားရေးလုပ်ငန်းရှင်များ၊
နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်
နိုင်ငံအသီးသီးမှ တက်ရောက်လာကြသည့် နိုင်ငံ့အကြီးအကဲများသည် Minsk International Exhibition Center
BELEXPO သို့ ရောက်ရှိကြရာ ဘယ်လာရုစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်
Mrs. Petkcvich N. V. က ခရီးဦးကြိုဆိုနှုတ်ဆက်သည်။
ရင်းနှီးနွေးထွေးစွာ
ကြိုဆိုနှုတ်ဆက်
ယင်းနောက်
စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF 2025) ၏ မျက်နှာစုံညီအစည်းအဝေးကို ပါဝင်တက်ရောက်ကြရာ
ဘယ်လာရုစ်နိုင်ငံသမ္မတ H.E. Mr. Alexander Grigoryevich Lukashenko က တက်ရောက်လာကြသည့် နိုင်ငံ့အကြီးအကဲများကို ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်သည်။
ထို့နောက်
အခမ်းအနားတက်ရောက်လာကြသူများသည် Plenary Session Hall ၌ နေရာယူကြပြီး “ဥရောပ-အာရှ စီးပွားရေးပေါင်းစည်းညီညွတ်ရေး
မဟာဗျူဟာ-ရလဒ်များနှင့် အလားအလာများ” (Strategy of the Eurasian Economic
Integration: outcomes and prospects) ခေါင်းစဉ်ဖြင့်
ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ EAEU ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့်
ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတက မိန့်ခွန်းပြောကြားသည်။ ယင်းနောက် EAEU အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် အာမေးနီးယားနိုင်ငံ၊ ကာဇက်စတန်နိုင်ငံ၊
ကာဂျစ်စတန်နိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့မှ နိုင်ငံ့ခေါင်းဆောင်ကြီးများ၊
မိတ်ဖက်နိုင်ငံဖြစ်သည့် ကျူးဘားနိုင်ငံသမ္မတ၊ ဥရောပ-အာရှ စီးပွားရေးကော်မရှင် (EEC)
ဘုတ်အဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်နှင့် နီကွာရာဂွာသမ္မတ၏ အထူးကိုယ်စားလှယ်တို့က
မိန့်ခွန်းများ အသီးသီးပြောကြားကြသည်။
မိန့်ခွန်းပြောကြား
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားရာတွင် ဥရောပ-အာရှစီးပွားရေးသမဂ္ဂ (EAEU) သည်
စတင်ဖွဲ့စည်းထူထောင်ခဲ့သည့် ၂၀၁၅ ခုနှစ်ကတည်းက အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု
တိုးမြှင့်ဆောင်ရွက်နိုင်စေရန်နှင့် လူနေမှုအဆင့်အတန်းမြှင့်တင်နိုင်စေရန်ရည်ရွယ်ပြီး
ဖွဲ့စည်းထူထောင်ခဲ့ကြောင်း၊ အဆိုပါရည်ရွယ်ချက်များနှင့်အညီ အဖွဲ့ဝင်နိုင်ငံများ၊
လေ့လာသူနိုင်ငံများ၊ ဖိတ်ကြားခြင်းခံရသည့်နိုင်ငံများအပါအဝင်
နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်များပါဝင်သည့် ဥရောပ-အာရှစီးပွားရေးဖိုရမ် (EEF)
ကို ကျင်းပခဲ့သည်မှာ ယခုအကြိမ်နှင့်ဆိုပါက စတုတ္ထအကြိမ်
မြောက်ရှိပြီဖြစ်ကြောင်း၊ ယခုဖိုရမ်များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊
နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (EAEU)
အနေဖြင့် ပြောင်းလဲနေသည့် ကမ္ဘာ့ပတ်ဝန်းကျင်နှင့်အညီ
နိုင်ငံတကာအခန်းကဏ္ဍမြှင့်တင်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် စွမ်းအင်ကဏ္ဍပလက်ဖောင်းတစ်ခုပေါ်ထွက်ရေး၊
အပြည်ပြည်ဆိုင်ရာ ငွေပေးချေမှုစနစ်မြှင့်တင်ရေး၊ လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်
(FTA) များ ပေါ်ထွက်လာရေး၊ ဖွံ့ဖြိုးမှုကဏ္ဍအသီးသီးတွင်
ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့စေရေး၊ ငွေကြေးဆိုင်ရာ အထောက်အကူပြုနည်းလမ်းများ
တိုးတက်လာရေးတို့ကို တိုးတက်အကောင်အထည်ဖော်နိုင်ခဲ့သည်ကို တွေ့ရကြောင်း၊
မိမိတို့အနေဖြင့် ဖွံ့ဖြိုးတိုးတက်သည့် လူ့အဖွဲ့အစည်းတစ်ရပ်တည်ဆောက်ရာတွင်
ပေါင်းစည်းညီညွတ်မှုရှိသည့် ဒေသတွင်းအဖွဲ့အစည်းတစ်ခုကို အပြန်အလှန်လေးစားမှုဖြင့်
တည်ဆောက်သွားရန်လိုအပ်ကြောင်း။
ဥရောပ-အာရှစီးပွားရေးသမဂ္ဂ
(EAEU) ၏
အခြေခံမူများတွင် အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာတူညီမှုနှင့် နယ်နိမိတ်တည်တံ့မှုအပါအဝင်
အပြည်ပြည်ဆိုင်ရာဥပဒေများကို လေးစားလိုက်နာခြင်း၊
အမျိုးသားအကျိုးစီးပွားကိုလေးစားခြင်းတို့သည် ကမ္ဘာတွင် လက်တွေ့လိုအပ်နေသည့် အရာများပင်ဖြစ်ကြောင်း၊
ယနေ့ကမ္ဘာတွင် အင်အားကြီးနိုင်ငံများက နိုင်ငံငယ်များအပေါ် နိုင်ငံရေး၊
စီးပွားရေးအရ ဖိအားပေးမှုများ၊ ပိတ်ဆို့မှုများသည် ကမ္ဘာ့နိုင်ငံများ၏အခြေခံမူများကို
ချိုးဖောက်နေခြင်းပင်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံ့အသီးသီးတွင် ရှိသင့်ရှိထိုက်သည့်
ကောင်းမွန်သည့်အခြေခံမူများကို အလေးထားပြီး ကမ္ဘာ့နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုကို
အကောင်အထည်ဖော်နေသည့် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (EAEU) ၏ လုပ်ဆောင်ချက်များ၊
အောင်မြင်မှုများအတွက် မြန်မာနိုင်ငံအနေဖြင့် ဂုဏ်ယူဝမ်းမြောက်ထောက်ခံကြောင်းကို ပြောကြားလိုကြောင်း၊
မြန်မာနိုင်ငံအနေဖြင့် EAEU ၏ လုပ်ဆောင်ချက်များ၊
အောင်မြင်မှုများကို အလေးထားစိတ်ဝင်စားသကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း
တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရေးအတွက်လည်း အဆွေတော်သဘာပတိကြီးနှင့်
အဖွဲ့ဝင်နိုင်ငံများ၊ ဥရောပ-အာရှစီးပွားရေးကောင်စီရုံးချုပ်တို့က
ဆောင်ရွက်ပေးမည်ဟုလည်း မျှော်လင့်ပါကြောင်း။
နိုင်ငံများအချင်းချင်း
အပြန်အလှန်ယုံကြည်မှု
ယခုစတုတ္ထအကြိမ်မြောက်ဖိုရမ်တွင်
ဖိုရမ်၏ ခေါင်းစဉ်ဖြစ်သည့် “ဥရောပ-အာရှ စီးပွားရေးပေါင်းစည်းညီညွတ်ရေးမဟာဗျူဟာ -
ရလဒ်များနှင့် အလားအလာများ” သည် အချိန်အခါနှင့်ကိုက်ညီသည့် ခေါင်းစဉ်ဖြစ်ကြောင်းကို
ပြောကြားလိုကြောင်း၊ အဆွေတော်ဘယ်လာရုစ်သမ္မတကြီး၏ ခေါင်းဆောင်မှုအောက်တွင်
စတုတ္ထအကြိမ်မြောက် ဥရောပ-အာရှစီးပွားရေးဖိုရမ်သည် နိုင်ငံများအချင်းချင်းအပြန်အလှန်ယုံကြည်မှု၊
ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုစသည့် ရလဒ်ကောင်းများ ရရှိစေမည်ကို
အပြည့်အဝယုံကြည်ပါကြောင်း။
မြန်မာနိုင်ငံနှင့်
ဥရောပ-အာရှစီးပွားရေးသမဂ္ဂတို့အကြား ထိတွေ့ဆက်ဆံမှုသည် ၂၀၂၂ ခုနှစ်က
စတင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ ဖိတ်ကြားချက်အရ EAEU နှင့် ဥရောပ -
အာရှစီးပွားရေးကော်မရှင် (EEC) ၏
ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်
လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ
စသည့်ကဏ္ဍပေါင်းစုံကို ကျယ်ပြန့်စွာဆွေးနွေးနိုင်ခဲ့ကြောင်း၊ ထိတွေ့ဆက်ဆံမှုသည် ၂၀၂၃
ခုနှစ်ကစပြီး အရှိန်အဟုန်မြင့်တက်လာခဲ့ကြောင်း၊ ထိုစဉ်က ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင်
ကျင်းပခဲ့သည့် (၂၆) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်တွင်
မြန်မာနိုင်ငံနှင့် ဥရောပ-အာရှ စီးပွားရေးကော်မရှင်တို့အကြား
ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို
လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း။
ပူးပေါင်းဆောင်ရွက်နိုင်မည့်
အလားအလာများကို ရှာဖွေ
ထို့အပြင်
၂၀၂၄ ခုနှစ်တွင်လည်း ဥရောပ-အာရှစီးပွားရေးကော်မရှင် (EEC) ကိုယ်စားလှယ်အဖွဲ့သည်
မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုကို
အရှိန်မြှင့်တင်နိုင်ခဲ့ကြောင်း၊ မြန်မာနှင့် ဥရောပ-အာရှစီးပွားရေးကော်မရှင်အကြား
ပူးပေါင်းဆောင်ရွက်မှုစာချွန် လွှာအကောင်အထည်ဖော်ရေးပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးများကို
မြန်မာနိုင်ငံ နေပြည်တော်တွင် တစ်ကြိမ်၊ ရုရှားနိုင်ငံစိန့်ပီတာစဘတ်မြို့တွင် တစ်ကြိမ်ပြုလုပ်ပြီး
ပူးပေါင်းဆောင်ရွက်မှု၊ ဆက်သွယ်ဆက်ဆံမှုတို့ကို မြှင့်တင်နိုင်ခဲ့ကြောင်း၊ ယင်းသည်
အပြန်အလှန်ဆက်ဆံရေးမြှင့်တင်ရန်အတွက် အခြေခံအုတ်မြစ်ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊
မိမိတို့အနေဖြင့် ဥရောပ-အာရှစီးပွားရေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် စီးပွားရေး၊
ကုန်သွယ်ရေး စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ရှာဖွေဖော်ထုတ်ပြီး
တိုးမြှင့်ဆောင်ရွက်သွားလိုကြောင်း။
အရေးပါသောအောင်မြင်မှုများကို
ပြသနိုင်ခဲ့
စိန်ခေါ်မှုများစွာနှင့်ရင်ဆိုင်နေရသည့်
ယနေ့နိုင်ငံတကာ အခင်းအကျင်းတွင် ခြိမ်းခြောက်မှုများကို ကျော်လွှားနိုင်ရန်အတွက်
မိမိတို့အနေဖြင့် စုပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့သော
အခြေအနေများကို ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက် စုပေါင်းဆောင်ရွက်သည့် နေရာတွင်
ဥရောပ-အာရှစီးပွားရေးသမဂ္ဂအဖွဲ့ကြီး၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း၊
ဥရောပ-အာရှစီးပွားရေးသမဂ္ဂသည် ပြင်ပစီးပွားရေးစိန်ခေါ်မှုများနှင့်
ပိတ်ဆို့ဒဏ်ခတ်မှုများကြားတွင် မကြာသေးမီနှစ်များအတွင်း တည်ငြိမ်သောတိုးတက်မှုများနှင့်
အရေးပါသောအောင်မြင်မှုများကို ပြသနိုင်ခဲ့သည်ကို ဝမ်းမြောက်စွာတွေ့ရှိရကြောင်း။
မြန်မာနိုင်ငံအနေဖြင့်လည်း
ဥရောပ - အာရှစီးပွားရေးသမဂ္ဂ၏ မိသားစုအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ရန်
များစွာစိတ်အားထက်သန်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံကို
ဥရောပ-အာရှစီးပွားရေးသမဂ္ဂ၏ လေ့လာသူနိုင်ငံအဖြစ် ဆောလျင်စွာပါဝင်နိုင်ရေးအတွက် အဆွေတော်တို့အနေဖြင့်
ထောက်ခံဆောင်ရွက်ပေးပါရန် မိမိအနေဖြင့် အလေးအနက်ထားမေတ္တာရပ်ခံလိုပါကြောင်း။
မိမိတို့နိုင်ငံနှင့်
ဥရောပ - အာရှစီးပွားရေးသမဂ္ဂတို့အကြား တည်ရှိပြီးဖြစ်သည့်
ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်လေးစားမှု၊ အပြန်အလှန်အကျိုးပြုသည့်
ပူးပေါင်းဆောင်ရွက်မှုနှင့် တန်းတူညီမျှမှုတို့အပေါ် အခြေခံပြီး တက်ကြွစွာ
ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကတိပြုပြောကြားလိုကြောင်း၊ အဆွေတော်တို့၏
ပြည်သူပြည်သားများအားလုံး ကျန်းမာချမ်းသာပြီး တိုင်းပြည်သာယာဝပြောတိုးတက်ပါစေရန်
ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။
စုပေါင်းမှတ်တမ်းတင်
ဓာတ်ပုံရိုက်
ဆွေးနွေးပွဲအပြီးတွင်
EAEU ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့်
ဘယ်လာရုစ်နိုင်ငံသမ္မတ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်နှင့် နိုင်ငံအသီးသီးမှတက်ရောက်လာကြသည့်
နိုင်ငံ့အကြီးအကဲများသည် Minsk International Exhibition Center BELEXPO ရှေ့၌ ခင်းကျင်းပြသထားသည့် ဘယ်လာရုစ်နိုင်ငံမှ ထုတ်လုပ်ထားသည့် ကမ္ဘာ့အကြီးဆုံးနှင့်
အလေးချိန်အများဆုံးသယ်ဆောင်နိုင်သော မိုင်းတွင်းသုံးထရပ်ကားကြီးရှေ့၌ အမှတ်တရ
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
အဆိုပါ
ဥရောပ-အာရှ စီးပွားရေးဖိုရမ်ကို ၂၀၂၂ ခုနှစ်မှစ၍ နှစ်စဉ် ကျင်းပလျက်ရှိပြီး
ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ၏ အလှည့်ကျဥက္ကဋ္ဌ အဖြစ်တာဝန်ယူသည့် အဖွဲ့ဝင်နိုင်ငံက
ကြီးမှူး၍ ဥရောပ-အာရှဒေသတွင်း စီးပွားရေးပေါင်းစည်းမှုနှင့်
ပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်မြှင့်တင်ရန်ရည်ရွယ်၍ ဖိုရမ်တွင်ဆွေးနွေးမည့်
ခေါင်းစဉ်များသတ်မှတ်ကာ ကျင်းပခြင်းဖြစ်ကြောင်း၊ ဖိုရမ်ပထမအကြိမ်ကို ကာဂျစ်စတန်နိုင်ငံဘစ်ရှ်ခက်မြို့တွင်
၂၀၂၂ ခုနှစ်ကလည်းကောင်း၊ ဒုတိယအကြိမ်ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တွင်
၂၀၂၃ ခုနှစ်ကလည်းကောင်း၊ တတိယအကြိမ်ကို အာမေးနီးယားနိုင်ငံ ယဲရဗန်မြို့တွင် ၂၀၂၄
ခုနှစ်ကလည်းကောင်း အသီးသီးကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ ယခုဘယ်လာရုစ်သမ္မတနိုင်ငံ
မင့်စ်မြို့တွင် ကျင်းပပြုလုပ်သည့် စတုတ္ထအကြိမ် ဥရောပ - အာရှ စီးပွားရေးဖိုရမ် (EEF 2025) တွင်
နိုင်ငံပေါင်း ၃၃ နိုင်ငံမှ လူပေါင်း ၂၇၀၀ ကျော်ပါဝင်တက်ရောက်၍ မျက်နှာစုံညီအစည်းအဝေးများ၊
စကားဝိုင်းဆွေးနွေးပွဲများ၊ စီးပွားရေးဆွေးနွေးပွဲများဖြင့်
ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ယခုနှစ်တွင်ကျင်းပပြုလုပ်သည့်
စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF 2025) တွင် မြန်မာနိုင်ငံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် မျက်နှာစုံညီအစည်းအဝေးတွင် ပါဝင်ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တွင်
အဖွဲ့ဝင်အဖြစ်လိုက်ပါလာသည့် ရင်းနှီးမြှုပ်နှံမှုနှင့်
နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည်
ယနေ့နံနက်ပိုင်းတွင် ပြုလုပ်သည့် ဥရောပ-အာရှဒေသတွင် ရေရှည်တည်တံ့သော သယ်ယူပို့ဆောင်ရေးစနစ်ဖြစ်ပေါ်လာစေရေးအတွက်
ရွှေ့ပြောင်းသွားလာခြင်း၊ ဘက်စုံသယ်ယူပို့ဆောင်ရေးနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်း
နည်းလမ်းများဆိုင်ရာဆွေးနွေးမှုအစီအစဉ်တွင်လည်းကောင်း၊ စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ယနေ့မွန်းလွဲပိုင်းတွင်ပြုလုပ်သည့်
စိုက်ပျိုးရေးကဏ္ဍထိရောက်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥရောပ-အာရှစီးပွားရေးသမဂ္ဂတွင်
ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုအစီအစဉ်တွင်လည်းကောင်း
အသီးသီးပါဝင်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက်
ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်
စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF 2025) သို့ တက်ရောက်လာကြသည့် နိုင်ငံအသီးသီးမှ
နိုင်ငံ့အကြီးအကဲများသည် ဘယ်လာရုစ်နိုင်ငံသမ္မတ H.E. Mr. Alexander
Grigoryevich Lukashenko က တည်ခင်းဧည့်ခံသည့် ညစာကို
အတူတကွသုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment