Sunday, June 29, 2025

အခြေခံပညာကျောင်းများ၊ ပြည်သူ့ဆေးရုံများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် သတ်မှတ်နေရာများ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်



နေပြည်တော် ဇွန် ၂၈

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင် ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး အတွက် နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက စုပေါင်း သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် အပါအဝင် မြို့နယ် ၁၇ မြို့နယ်၌ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက အခြေခံ ပညာကျောင်းများအတွင်း/ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်း မွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း၊ ရေကန်များတွင် အဘိတ်ဆေးများ ခတ်ပေးခြင်း၊ ခြင်ခိုအောင်းနိုင်သည့်နေရာများကို ခြင်ဆေးဖျန်းခြင်းနှင့် ကျန်းမာရေးအသိပညာပေး လက် ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို စုပေါင်းဆောင်ရွက်ပေးကြသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးဗိုလ်တထောင်မြို့နယ်ရှိ ရန်ကုန်အရှေ့ပိုင်းဆေးရုံ (ဂန္ဓီဆေးရုံ) ၌ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံ ပြည်သူများ ပူးပေါင်း၍ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အမှိုက်များ ရှင်းလင်းခြင်းများ စုပေါင်းဆောင်ရွက်ပေးကြသည်။

ယင်းသို့ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာတပ်နယ်အသီးသီးမှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment