နေပြည်တော် ဇွန် ၂၈
ငလျင်အပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌ ငလျင်ဒဏ်ခံနိုင်သော ဆောက်လုပ်ရေးလုပ်ငန်းသုံး သံမဏိများ၏ အရေးပါမှုနှင့်အသုံးပြုနိုင်မှု” အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီရုံး၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊
မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနာယက၊
ဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ အသိအမှတ်ပြုလက်မှတ်ရအင်ဂျင်နီယာများ၊
မြန်မာနိုင်ငံသံနှင့် သံမဏိအသင်းနှင့် မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်းတို့မှ
ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ သံ၊ သံမဏိထုတ်လုပ်သည့် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက
ပြည်တွင်းမှ ထုတ်လုပ်သည့် သံ၊ သံမဏိများနှင့်ပတ်သက်၍ စံချိန်စံညွှန်းသုံးခုကို မဖြစ်မနေလိုက်နာရမည့်
စံချိန်စံညွှန်းများအဖြစ် သတ်မှတ်နိုင်ရေးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်း၊
မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံး သံနှင့် သံမဏိများကို တစ်နှစ်လျှင် ပျမ်းမျှတန်ချိန်
တစ်သန်းခန့် နှစ်စဉ်သုံးစွဲလျက်ရှိသည်ကို စိစစ်တွေ့ရှိရကြောင်း၊ ပြည်တွင်းမှ သံနှင့်
သံမဏိများကို တစ်နှစ်လျှင် ပျမ်းမျှတန်ချိန် နှစ်သိန်းကျော်သာ ထုတ်လုပ်နိုင်သဖြင့်
ပြည်ပမှ တန်ချိန်ရှစ်သိန်းခန့် တင်သွင်း နေရကြောင်း၊ ထို့ကြောင့် ပြည်တွင်း၌ တိုးမြှင့်
ထုတ်လုပ်လာနိုင်သည့် သံ၊ သံမဏိများနှင့် ပြည်ပ မှ တင်သွင်းလာသည့် သံ၊ သံမဏိများကို
အရည်အသွေး၊ စံချိန်စံညွှန်းထိန်းသိမ်းနိုင်ရေး ကြပ်မတ် စစ်ဆေးဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း၊
စံချိန်စံညွှန်းနှင့်ကိုက်ညီပြီး အရည်အသွေးကောင်းမွန်သည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး
သံ၊ သံမဏိများ ထုတ်လုပ်သွားကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌက
ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံသံနှင့်သံမဏိအသင်းဥက္ကဋ္ဌ မှော်ဘီနည်းပညာတက္ကသိုလ်
ပါမောက္ခချုပ်က သံနှင့် သံမဏိစံချိန်စံညွှန်းဆိုင်ရာအသိပညာများခေါင်းစဉ်ဖြင့်လည်းကောင်း၊
သိပ္ပံနည်းပညာအင်ဂျင်နီယာ (ထွန်း)က ဆောက်လုပ်ရေးလုပ်ငန်းသုံး သိကောင်းစရာများခေါင်းစဉ်ဖြင့်လည်းကောင်း၊
မြန်မာနိုင်ငံ သံမဏိလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌက “ငလျင်အပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌
ငလျင်ဒဏ်ခံနိုင်သော ဆောက်လုပ်ရေးလုပ်ငန်းသုံး သံမဏိများ၏ အရေးပါမှုနှင့် အသုံးပြုနိုင်မှု”
၊ ပိုမို စိတ်ချရသော သံမဏိဆီသို့ ဦးတည်နိုင်မည့် လမ်းကြောင်းများ၊ ငလျင်ဒဏ်ခံနိုင်သည့်
ဆောက်လုပ် ရေးလုပ်ငန်းများဖြစ်စေရန် ပြည်တွင်းစက်ရုံများအား အဆင့်မြှင့်တင်ခြင်း ခေါင်းစဉ်များဖြင့်လည်း
ကောင်း၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က “ဥပဒေအရ သံချောင်း
များ အရည်အသွေးပြည့်ဝစွာထုတ်လုပ်ရေး” ခေါင်းစဉ်များဖြင့်လည်းကောင်း၊ အမှတ် (၁) အကြီး
စားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက “သံကူကွန်ကရစ်အတွက် အစင်းပါကာဗွန်သံမဏိ
ချောင်းနှင့် ဗြောင်ကာဗွန်သံမဏိချောင်းများ၏ မြန်မာစံချိန်စံညွှန်း (MM ASTM A615/
A615M – 18) အတွက် အသေးစိတ်စံနှုန်းများဆိုင်ရာ စံချိန်စံညွှန်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊
စစ်ကိုင်းနည်းပညာ တက္ကသိုလ် မြို့ပြအင်ဂျင်နီယာဌာန ပါမောက္ခ၊ ဌာနမှူးက “တည်ဆောက်ရေးလုပ်ငန်းများအတွက်
သံချောင်းများ၏ အရေးပါပုံ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု
ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက “ငလျင်ဒဏ်ခံ သံမဏိ၏ အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊
အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း ဒုတိယ အထွေထွေမန်နေဂျာများက သံရည်ကျိုစက်ရုံများ
စစ်ဆေးခဲ့မှုနှင့်ထုတ်လုပ်သည့် သံ၊ သံမဏိများ အား အရည်အသွေးစစ်ဆေးခဲ့မှုကိုလည်းကောင်း
ဆွေးနွေးကြပြီး တက်ရောက်လာသူများက သိရှိလို သည်များကို မေးမြန်းကြရာ ကဏ္ဍအလိုက် တာဝန်ရှိသူများက
ပြန်လည်ရှင်းလင်းဖြေကြားပြီး မြန်မာ နိုင်ငံအင်ဂျင်နီယာကောင်စီနာယကက နိဂုံးချုပ် အမှာစကားပြောကြားကာ
အခမ်းအနားကို ရုပ်သိမ်း သည်။
မွန်လွဲပိုင်းတွင်
ပြည်ထောင်စုဝန်ကြီးသည် အင်းစိန်မြို့နယ်ရှိ သုတေသနဌာနဝင်းအတွင်း၌ တည်ဆောက်လျက်ရှိသည့်
မူလဓာတုဗေဒဓာတ်ခွဲခန်းကို ကြည့်ရှုစစ်ဆေးပြီး ဓာတုဗေဒပစ္စည်းများ ကို အမြန်ဆုံးစမ်းသပ်စစ်ဆေးနိုင်ရေး
စီမံဆောင်ရွက်ရန်၊ ဓာတုဗေဒပစ္စည်းများကို စမ်းသပ်စစ်ဆေးမည့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များကိုလည်း
မြှင့်တင်ပေးရန်၊ မူလဓာတုဗေဒဓာတ်ခွဲခန်း၌ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအမံများကိုလည်း
စနစ်တကျ ရေးဆွဲဆောင်ရွက်သွားရန်မှာကြားပြီး မူလဓာတုဗေဒဓာတ်ခွဲခန်းအတွင်း ဓာတုပစ္စည်းများ၊
အဏုဇီဝပိုးမွှားများအား စစ်ဆေးနိုင်မည့် စက်ပစ္စည်းကိရိယာများ တပ်ဆင်ထားရှိမှုကို လှည့်လည်ကြည့်ရှု
စစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်
ဆေးဝါးစက်ရုံ (အင်းစိန်) ၌ အစိုးရ - ပုဂ္ဂလိက ပူးပေါင်း၍ ဆေးဘူးခွံများ ထုတ်လုပ်နေမှုကို
လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment