မုဒုံ မေ ၁၂
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မုဒုံ)တွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဥ်(၁၀)နှင့် မွန်ရိုးရာလက်ရက်ကန်းသင်တန်း အမှတ်စဥ်(၂၆) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက သင်တန်းကျောင်းခန်းမ၌ ဖွင့်လှစ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
အခမ်းအနားတွင်
ပြည်နယ်ဝန်ကြီးချုပ်က တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊
ကုန်ထုတ်လုပ်မှုအထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက်
လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေးအတွက်
ဘက်စုံပညာရေးကဏ္ဍများကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသလို
အသက်မွေးဝမ်းကျောင်းပညာရေးကဏ္ဍ တိုးတက်မြင့်မားရေးအတွက် အမျိုးသမီးအိမ်တွင်းမှု
သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများဖွင့်လှစ်ပြီး အမျိုးသမီးငယ်များအတွက်
အိမ်တွင်းမှုသင်တန်းများ စဥ်ဆက်မပြတ်သင်ကြားပေးလျက်ရှိကြောင်း၊
တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အမျိုးသမီးအိမ်တွင်းမှု
သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းပေါင်း ၄၇ ကျောင်းအထိ ဖွင့်လှစ်နိုင်ခဲ့ပြီး
အမျိုးသမီးငယ်များကို အိမ်တွင်းမှု သက်မွေးပညာရပ်များ
လေ့ကျင့်သင်ကြားပေးလျက်ရှိသည့်အပြင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ
ထူထောင်နိုင်သည်အထိ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း အမှာစကားပြောကြားသည်။
ထို့နောက်
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းသူများမှ ရက်လုပ်ပြသထားသည့်
အဝတ်အထည်များနှင့် လူသုံးကုန်ပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးပြီး
သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။ အဆိုပါသင်တန်းကို (၂၂)ပတ်ကြာ
ဖွင့်လှစ်သွားမည်ဖြစ်ပြီး အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းသူ(၂၅)ဦး၊
မွန်ရိုးရာလက်ရက်ကန်းသင်တန်းသူ (၅)ဦး စုစုပေါင်း သင်တန်းသူ (၃၀)ဦး
တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရာမည (ပြန်/ဆက်)
No comments:
Post a Comment