ဟို ဥရောပသမဂ္ဂကလူတွေလေ၊ အဲဒီမဟာ့မဟာဉာဏ်ကြီးရှင်ဆိုတဲ့သူတွေ ကြေညာလိုက်တာက ပိတ်ဆို့အရေးယူတာကို နောက်တစ်နှစ်တိုးလိုက်တာတဲ့ဗျ။ အံ့စရာကြီးပါလား။ နောင်ဆိုရင် နှစ်တိုင်းပြန်သုံးသပ်တာမျိုး သူတို့မလုပ်တော့ရင် ကောင်းမယ်ဗျ။ လုပ်နေစရာကို မလိုတော့တာလေ။ သူတို့ အရေးယူထားတဲ့အတိုင်းပဲ အပြီးထားလိုက်တော့။ အဲဒီနည်းနဲ့ သူတို့ကို ခေါက်ထားလိုက်။ ဟိုအဝေးကနေပဲ အော်နေပလေ့စေ။ အဲဒီလိုပဲ ကြာနိုင်သလောက်ကြာကြာထားလိုက်၊ ဟိုအဝေးက အော်နေရတော့ ဝင်မရှုပ်နိုင်တော့ဘူးပေါ့။ အခုလိုကမ္ဘာကြီးအနေအထားတွေ ပြောင်းလဲသွားတဲ့အချိန်မှာ စီးပွားရေးအရပဲဖြစ်ဖြစ်၊ ပထဝီနိုင်ငံရေးအရပဲဖြစ်ဖြစ်၊ အခြားအကြောင်းအရာအရပဲဖြစ်ဖြစ် သူတို့လက်ထဲမှာ အရင်လိုတန်ခိုးအာဏာကြာကြာမရှိတော့ပါဘူး။
မြန်မာနိုင်ငံမှာ
အရင် နှစ် ၂၀၊ ၃၀ တုန်းက မရနိုင်ခဲ့တဲ့ ရွေးစရာတွေ အများကြီးရှိလာပြီ။ ဟိုဥရောပသမဂ္ဂကလူတွေနဲ့
ဂျီနီဗာတို့၊ နယူးယောက်တို့မှာရှိတဲ့ ဆင်စွယ်နန်းတော်ထက်က သူတို့ရဲ့
လက်ပါးစေတွေဟာ ကမ္ဘာကြီးရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးမယ့်သူတွေမဟုတ်တော့ဘူး။
သူတို့ထက် ပိုကြီးတဲ့သူတွေက ဆုံးဖြတ်ပါတော့မယ်။
နိုင်ငံခြားက
ဝင်ရောက်စွက်ဖက်နေတယ်ဆိုတဲ့ အကြောင်းတွေ ဟိုမှာ၊ ဒီမှာ အမျိုးမျိုးပြောနေကြတာပဲ။
သူတို့ဖြစ်စေချင်တဲ့အတိုင်း ဖြစ်နေသရွေ့တော့ နိုင်ငံခြားက ဝင်စွက်ဖက်တာလည်း
ဘောင်ဝင်နေတာပါပဲ။ ဟိုကမ္ဘာ့အရေးလုပ်နေတယ်ဆိုတဲ့ လူတွေတောင်းဆိုသမျှကို အချုပ်အခြာအာဏာပိုင်တဲ့
နိုင်ငံတွေက ဒူးထောက်လိုက်လုပ်နေသရွေ့ပေါ့။ ဟန်ဂေရီ၊ ဆားဘီးယား၊ ဆလိုဗက်ကီးယား၊
ရိုမေးနီးယားက သတ္တိရှိတဲ့ခေါင်းဆောင်တွေကိုတော့ ချီးကျူးပါတယ်။
ဟိုဆလိုဗက်ကီးယားက
ခေါင်းဆောင်ဆိုရင် သေနတ်နဲ့တောင် အပစ်ခံလိုက်ရသေးတယ်။ ဒါပေမယ့် ဘုရားသခင်က
သူ့ဘက်မှာရှိနေလို့ တော်သေးတာ။ ဆားဘီးယားဆိုတဲ့ အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံကို
မကြာသေးခင်က မော်စကိုမှာလုပ်တဲ့ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲနေ့
စစ်ရေးပြအခမ်းအနားကို တက်ဖို့ဆုံးဖြတ်တာနဲ့ပတ်သက်ပြီး ခြိမ်းခြောက်ခံနေရတယ်။
အောင်ပွဲနေ့ဆိုတာ
နာဇီတွေကို နိုင်ခဲ့တာရယ်၊ နာဇီတွေက လူသားတွေကို ဘယ်လောက်တောင်
ကြောက်စရာကောင်းအောင် ဒုက္ခပေးခဲ့လဲဆိုတာကို အမှတ်ရစေတဲ့နေ့လေ။ ဥရောပသမဂ္ဂရဲ့ မဟာဉာဏ်ကြီးရှင်တွေက
အဲဒီလိုနာဇီတွေရှုံးတာကို မကျင်းပချင်တော့ဘူးတဲ့လား။ အံ့ပါရဲ့၊ ဒီလိုကြောင်သူတော်တွေ
မြန်မာနိုင်ငံထဲ မဝင်လာစေနဲ့၊ အပြင်မှာပဲနေပလေ့စေ။
မြန်မာနိုင်ငံဟာ
ပြည်ပက ဝင်ရောက်စွက်ဖက်တာကို တော်တော်လေး အသားကျနေတဲ့နိုင်ငံပါ။ အထူးသဖြင့်
နိုင်ငံခြားတိုင်းပြည်တစ်ခုဆိုရင် မြန်မာ့အရေးမှာ လွတ်လပ်ရေးရတဲ့အချိန်ကတည်းက
ဝင်ပါနေတာ။ အဲ- နေဦး။ အဲဒါအတိအကျမဟုတ်သေးဘူး၊ လွတ်လပ်ရေးမရခင်ကတည်းက ဝင်ပါနေတာ။
သူတို့ မြန်မာနိုင်ငံကို တစ်စစီခွဲဖို့စိတ်ဖို့
ကြိုးစားနေတာကြာပြီ။ “သွေးခွဲအုပ်ချုပ်တယ်” ဆိုတာ ဘယ်သူစတီထွင်ခဲ့တာလဲ။ အဲဒါကြောင့်
‘‘ဖက်ဒရယ်’’
ဆိုတာကို ကျယ်ကျယ်လောင်လောင် ပြောနေကြတာ။ အရူးလုပ်ခံမနေနဲ့။ ဖက်ဒရယ်ဆိုတာ နောက်ဆုံးတိုင်းပြည်ပြိုကွဲသွားဖို့
လှည့်စားထားတဲ့ အပေါ်ယံမျက်နှာဖုံးပဲ။
ဟိုနိုင်ငံက
ခေါင်းဆောင်တစ်ယောက်ဆိုရင် ရွှေတိဂုံဘုရားလို အမြင့်မြတ်ဆုံးနေရာကို လာတုန်းတောင် နယ်ချဲ့ဝါဒီစာဆို
ကစ်ပလင်ရဲ့စာတွေကို အာချောင်သွားသေးတယ်။ တကယ်လို့ တိုင်းပြည်ခေါင်းဆောင်တစ်ယောက်ယောက်က
ဗာတီကန်နန်းတော်ထဲမှာရှိတဲ့ စစ်စတင်းချယ်ပယ်လ်တို့၊ ဂျေရုဆလင်မြို့ဟောင်းက
အနောက်ဘက်တံတိုင်းတို့လို နေရာမျိုးကိုသွားပြီး အဲဒီလိုမောက်မာတဲ့ စကားမျိုးအာချောင်ကြည့်စမ်းပါလား။
မြန်မာနိုင်ငံမှာမို့လို့သာ သူလစ်သွားနိုင်ခဲ့တာ။ သူတို့အတွက်တော့
မြန်မာလူမျိုးတွေက အမြဲတမ်းဇာတ်နိမ့်တဲ့ လူမျိုးတွေပဲ။
အာရှနိုင်ငံငယ်လေးက
ဒီလိုအသားညိုတဲ့ လူတွေကို သူတို့တကယ်အရေးမလုပ်ပါဘူး။ လွန်ခဲ့တဲ့ နှစ် ၈၀ က
သူတို့မပြီးပြတ်ခဲ့တဲ့ကိစ္စကို အခုထိမဆုတ်မနစ်လိုက်လုပ်နေတာ။ သူတို့စိတ်ထဲမှာတော့
နေမဝင်အင်ပါယာကြီးက အခုထိရှိတုန်းပဲ၊ သူတို့ကို အပြင်မှာပဲခေါက်သာထား။
ဟိုဂျီနီဗာတို့
နယူးယောက်တို့က အထက်တန်းလွှာထဲမှာ တစ်ကိုယ်ကောင်းဆန်ပြီး အတ္တကြီးသူတွေက
မြန်မာ့သမိုင်းအကြောင်း ဘာမှနားမလည်ဘူး၊ တော်တော်လည်း အတွေးအမြင်နည်းကြတယ်။
သမိုင်းဝင်မြေငလျင်ကြီး ဖြစ်သွားပြီးတဲ့နောက်မှာတော့ ဟိုအထူးသံတမန်ကြီးလည်း
ရှောင်မနေနိုင်တော့ဘူးထင်တယ်။
ဒီလိုအခွင့်အရေးမျိုးက
နောက်အနှစ် ၁၀၀ လောက်မှ တစ်ခါတောင်ပြန်ရဖို့မလွယ်ဘူး မဟုတ်လား။ အပျက်အစီးတွေကို
နောက်ခံထားပြီး ဓာတ်ပုံလှလှလေးတွေ၊ ဗီဒီယိုမှတ်တမ်းကောင်းကောင်းလေးတွေ
ရိုက်ထားလိုက်ရတာ။ နောင်အလုပ်လျှောက်တဲ့အခါ ထည့်ပြဖို့လည်း အရမ်းကောင်းတာပဲပေါ့။
LinkedInမှာ တင်ဖို့ ဒီထက်ကောင်းတာမရှိ၊ ကွက်တိ။ ကရုဏာတဲ့လား၊ ဝေးသေး၊ စိတ်ရင်းစေတနာနဲ့
လုပ်တာမဟုတ်ဘူး၊ အိုတကယ့်ကို စိတ်ရင်းစေတနာအစစ်နဲ့ အဝေးကြီးဆိုတာကို မမေ့
ကြနဲ့ဗျို့။
ဟိုအကြီးအကဲဆိုတဲ့လူကြီး
သူ့လုပ်သက်ကိုးနှစ်မြောက်မှ ကော့စ်ဘဇားကို ရောက်လာခဲ့တာလေ။ လူတွေက အဲဒီလိုစေတနာပြစားတာကို
မြင်ပြီးမျက်ရည်တွေဝိုင်းကြရမှာ။ မကြာသေးခင် ရက်သတ္တပတ်တွေကတော့ ကက်ရှ်မီးယားမှာ
တင်းမာမှုတွေဖြစ်နေတယ်။
ပြည်သူတွေကို
ပြန်သတိပေးရအောင်၊ ဟိုတစ်ကိုယ်ကောင်းဆန်ပြီး အတ္တကြီးတဲ့လူတွေက ၁၉၄၈ ခုနှစ်ကတည်းက
ကက်ရှ်မီးယားမှာ ရှိနေတာလေ။
ဘယ်နေရာမှာမှ
အဲဒီလောက်အကြာကြီး မနေဖူးဘူး။ သူတို့က သံတမန်တစ်ယောက်ပြီး တစ်ယောက်
ပြောင်းနေတာကလွဲလို့ ဘာများလုပ်ခဲ့လို့လဲ။ အခုတော့ ကက်ရှ်မီးယားမှာ တကယ့်ကို
စစ်ဖြစ်တော့ မယ့်အခြေအနေကို ရောက်နေပြီ။
ဒါကြောင့်
သူတို့ရဲ့ ဦးလေးကြီးက ငွေကြေးထောက်ပံ့တာကို ရုပ်သိမ်းဖို့ စဉ်းစားနေတာ မဆန်းပါဘူး။
သူတို့တွေ ဆူဒန်မှာရော၊ တောင်ဆူဒန်မှာရော၊ ကွန်ဂိုမှာရော ဆယ်စုနှစ်ပေါင်းများစွာ ဘာတွေလုပ်ခဲ့လို့လဲ။
မကြာသေးခင်က ဟေတီသတင်းတွေမှာဆို ‘‘လူဆိုးဂိုဏ်းတွေက
ဖျက်ဆီးနေတဲ့ ဟေတီမပြန်လမ်းကို မြန်းဖို့နီးပြီ’’ လို့တောင် ရေးနေကြပြီ။
ဟေတီကကလေးတစ်သန်းလောက်
စားစရာပြတ်လပ်မှုနဲ့ရင်ဆိုင်နေရတယ်။ ဆူဒန်အကြောင်း ပြောရရင်လည်း ‘‘ဆူဒန်ဒုက္ခသည်တွေ
ဥရောပအထိ ထွက်ပြေးနေရတယ်’’တဲ့။ ထပ်ပြီး ရိုးရိုးလေးမေးချင်တာက သူတို့
ဒီနိုင်ငံတွေမှာ နှစ်ပေါင်းများစွာ ဘာတွေလုပ်ခဲ့သလဲဆိုတာကိုပဲ။ သူတို့ကို အပြင်မှာပဲ
ခေါက်သာထား။
သူတို့ရဲ့ရည်ရွယ်ချက်က
ပဋိပက္ခတွေကို ပြေလည်စေဖို့မဟုတ်ဘူး၊ ပိုကြာအောင် ဆွဲဆန့်နေဖို့။
ပဋိပက္ခတွေပြေလည်သွားရင် သူတို့လစာရပ်သွားမှာလေ။ သူတို့ သက်တမ်းကုန်သွားရင်တောင်
ပဋိပက္ခတွေပျောက်သွားလို့မဖြစ်ဘူး။ နောင်ခန့်အပ်ခံရဖို့အတွက် သူတို့နာမည်ကို
လူတွေသိနေအောင် လုပ်ထားရတယ်။
ဒီကိုယ့်ကိုယ်ကိုယ်
အရမ်းအထင်ကြီးတဲ့ လူတွေက မျက်စိတွေကွယ်နေတာ၊ သူတို့ရဲ့ အတိုကောက်နာမည်ထဲမှာ “SAC” (ဟုတ်တယ် SAC
!!!) ဆိုတာ ပါနေတာတောင် သတိမထားမိဘူး။ တချို့က ဒုက္ခသည်စခန်းတွေနဲ့
လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့တွေဆီကိုသွားတုန်း စစ်ဝတ်စုံတွေတောင် ဝတ်ထားသေးတယ်။
အဲဒီလောက်စရိုက်ကြမ်းတာ ဘယ်ကောင်လဲ။ ဒီကိုယ့်ကိုယ်ကိုယ် အထင်ကြီးတဲ့ လူတွေကို
အပြင်မှာပဲထား။
နောက်ဆုံးတစ်ခုအနေနဲ့
ဒါပေမယ့်လည်း အရေးမပါဘူးလို့တော့ မထင်နဲ့နော်။ အပြည်ပြည်ဆိုင်ရာတရားရုံးက
ကမ္ဘာ့အဆင့် လိင်ပိုင်းဆိုင်ရာ စော်ကားသူကြီးကို အော်ပြောလိုက်ဦးမယ်။ မင်းရော ဘယ်လိုလဲ၊ အေးဆေးလား။
(ဤဆောင်းပါး၌ ဖော်ပြထားသော အမြင်များသည် ဆောင်းပါးရှင်၏အမြင်များသာ ဖြစ်ပါသည်။)
(၉-၅-၂၀၂၅ ရက်နေ့ထုတ် The Global New Light of Myanmar သတင်းစာပါ ဆောင်းပါးရှင် ကျော်မြင့်ထွန်း(ပါရီ)၏ Keep Them Out ဆောင်းပါးအား ဆီလျော်အောင် ဘာသာပြန်ဆို ထားပါသည်။)
No comments:
Post a Comment