နေပြည်တော် မေ ၁၄
အင်အားအလွန်ပြင်းထန်သည့် မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ခဲ့သည့် ရေလှောင် တမံနှင့် ရေအားအဆောက်အအုံများအား မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီနှင့် ဆည်မြောင်းဝန်ထမ်းဟောင်းများအသင်းတို့မှ အင်ဂျင်နီယာပညာရှင်များက ပူးပေါင်းကွင်းဆင်းပြီး လေ့လာတွေ့ရှိချက်များနှင့်ပတ်သက်၍ ပြန်လည်ပြုပြင်တည်ဆောက်ရန် နည်းပညာဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးသို့
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊
ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ တမံကြီးများဆိုင်ရာ အမျိုးသား
ကော်မတီဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ ဆည်မြောင်းဝန်ထမ်းဟောင်းများအသင်းမှ အင်ဂျင်နီ
ယာပညာရှင်များ တက်ရောက်ဆွေးနွေးကြသည်။
အစည်းအဝေးတွင်
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ထိန်းသိမ်းစီမံလျက်ရှိသည့် ရန်အောင်မြင် ရေလှောင်တမံ၊
ချောင်းမကြီးရေလှောင်တမံနှင့် ရေငန်းရေလှောင်တမံတို့တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့မှုများအပေါ်
ပြန်လည်ပြုပြင်တည်ဆောက်မည့် အစီအမံများ၊ ဆည် မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ
ထိန်းသိမ်းစီမံလျက်ရှိသည့်ရေလှောင်တမံများ ထိခိုက်ခဲ့မှုအပေါ် ပြန်လည်ပြုပြင်တည်ဆောက်မည့်
အစီအမံများကို သုံးသပ်ဆွေးနွေးခဲ့ကြ သည်။
ထို့ပြင် မန္တလေးတိုင်းဒေသကြီး
ဝမ်းတွင်းမြို့နယ်ရှိ အသစ်ပြန်လည်တည်ဆောက်ဆဲဖြစ်သော စမုံရေငုပ်ပြွန်၏ အောက်ခံမြေသားနှင့်
အုတ်မြစ်ပိုင်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ဆောင်ရွက်ဆဲ စမုံရေငုပ်ပြွန်အား
နေရာပြောင်းရွှေ့ တည်ဆောက်ရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။
အလားတူ အနာဂတ်တွင်
ဖြစ်ပေါ်လာနိုင်သည့် အင်အားပြင်းထန်သော ငလျင်ဒဏ်နှင့် ကြီးမား သော ရေကြီးရေလျှံမှုဒဏ်ခံနိုင်မည့်
ဒီဇိုင်းပုံစံကို ရေးဆွဲဆောင်ရွက်သွားမည့်အခြေအနေများနှင့် ဆောင်ရွက်ပြီး ရေလှောင်တမံနှင့်
ရေအားအဆောက်အအုံများကိုလည်း ပိုမိုခိုင်ခံ့စေရေး အားဖြည့် ပြုပြင်သွားရန် လိုအပ်မှုအခြေအနေများကို
အလေးအနက်ထားဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment