နေပြည်တော် မေ ၁၂
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာတာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် (၃) ရပ်ကွက် ရန်ကင်းလမ်းမကြီး၊ အမှတ် (၂၀၆/၂) ရှိ Dual Tech Vocational Institute တွင် သက်မွေးသင်တန်းများ ဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှုအားပေးသည်။
ကြည့်ရှုအားပေးစဉ်
ဒုတိယဝန်ကြီးက Dual Tech
Vocational Institute မှ သင်ကြားပို့ချပေးနေသည့် သင်တန်းများသည်
ဈေးကွက်လိုအပ်ချက်များသော သင်တန်းများဖြစ်သည့်အတွက် သင်တန်းဆင်းများအတွက်
များစွာအကျိုးဖြစ်ထွန်းစေကြောင်း၊ သင်တန်းသားများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းနှင့်
လူမှုဘဝတိုးတက်ရေးအတွက် များစွာအထောက်အကူဖြစ်စေသည့် သင်တန်းဖြစ်ကြောင်းနှင့် သင်တန်းသားများအနေဖြင့်
သင်ကြားပို့ချနေမှုများကို စိတ်အား၊ ဉာဏ်အား၊ ကိုယ်ကာယအားစိုက်ထုတ်၍ သေချာစွာ
လေ့လာမှတ်သားရန်လိုကြောင်း၊ နိုင်ငံ့သားကောင်းပီသစွာ အမိနိုင်ငံချစ်စိတ်ဖြင့် နိုင်ငံ့ကောင်းကျိုးဆတက်ထမ်းပိုးဆောင်ရွက်ရန်
လိုအပ်ကြောင်း မှာကြားသည်။
မွန်းလွဲပိုင်းတွင်
ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် (၁၀) ရပ်ကွက်
လယ်ယာ (၂) လမ်း အမှတ် ၁/ခ (A) ရှိ Golden Plant Training Center တွင်
ဂဟေနည်းပညာသင်တန်းများ ဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှုအားပေးပြီး ဒုတိယဝန်ကြီးက
Golden Plant Training Center တွင် သင်ကြားပို့ချနေသည့်
ဂဟေသင်တန်းသည် လုပ်သားဈေးကွက်အတွင်း ကျွမ်းကျင်လုပ်သား အမှန်တကယ်လိုအပ်နေသည့် သင်တန်းဖြစ်ကြောင်း၊
သင်တန်းဆင်းများအတွက် ပြည်တွင်း ပြည်ပ အလုပ်အကိုင်အခွင့်အလမ်းများစွာ ရရှိသည့်သင်တန်းဖြစ်ကြောင်း၊
သင်တန်းကျောင်းအနေဖြင့်လည်း သင်ကြားပို့ချသည့် သင်တန်းများကို အရည်အသွေးပြည့်ဝသည့်
သင်တန်းများဖြစ်စေရေးနှင့် မိမိတို့ သင်တန်းဆင်းများအား သင့်တော်ကောင်းမွန်သည့်
အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေး အလုပ်ရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊
မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) အသိအမှတ်ပြုအမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ
ရယူနိုင်ရေးအတွက် စစ်ဆေးအကဲဖြတ်မှုခံယူနိုင်ရန် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာနများနှင့်
ချိတ်ဆက်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment