နေပြည်တော် မေ ၁၂
တိရစ္ဆာန်ဆေးကုသိပ္ပံဒီပလိုမာတစ်နှစ်သင်တန်း အမှတ်စဉ် (၁) ၏ ဒီပလိုမာလက်မှတ်၊ ထူးချွန်ဆုနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ရာပြည့်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးမင်းနောင်က နိုင်ငံတော်၏ အသားကဏ္ဍပိုမိုဖွံ့ဖြိုးရေးအတွက်
မွေးမြူထုတ်လုပ်ရေးနှင့် တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ
လူ့စွမ်းအားအရင်းအမြစ် တိုးမြှင့်ပေးနိုင်စေရန် ယခုသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး
သင်တန်းပြီးမြောက် အောင်မြင်ခဲ့ကြသည့် သင်တန်းသား သင်တန်းသူအားလုံးကို အလုပ်ခန့်အပ်လွှာများ
တစ်ပါတည်းပေးအပ်၍ နိုင်ငံ့တာဝန်များကို ထမ်းဆောင်နိုင်ကြစေရန် စီမံဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း။
သင်တန်းအမှတ်စဉ်
(၁) ဖြစ်၍ ဆက်လက်ဖွင့်လှစ်မည့် သင်တန်းများမှ ပြီးမြောက်အောင်မြင်ပြီး
လုပ်ငန်းခွင်ဝင်လာကြမည့်သူများအတွက် စံနမူနာကောင်းပေးနိုင်သူများ ဖြစ်စေရန်နှင့်
စဉ်ဆက်မပြတ် လေ့လာမှုမှထူးချွန်ထက်မြက်သူများအဖြစ် အဆင့်ဆင့်သော
လုပ်ငန်းတာဝန်များကို တိုးတက်တာဝန်ယူနိုင်ကြစေရေး ကြိုးပမ်းသွားကြစေလိုကြောင်း၊
အလားတူ နိုင်ငံတော်၏ တည်ဆဲဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ
ကျင့်ဝတ်သိက္ခာပြည့်စုံကောင်းမွန်သော နိုင်ငံ့ဝန်ထမ်းကောင်းအဖြစ်
တာဝန်ကျရာဒေသများတွင် မိမိတို့ တတ်မြောက်ထားသော တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှု
အတတ်ပညာများဖြင့် မွေးမြူသူများအကျိုး၊ နိုင်ငံတော်အကျိုးကို ထိရောက်အောင်မြင်စွာ
ကြိုးပမ်းသယ်ပိုးသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍
ပြည်ထောင်စုဝန်ကြီးက ထူးချွန်သင်တန်းသား သင်တန်းသူများကို ဂုဏ်ပြုဆုများ
ချီးမြှင့်ပေးအပ်ပြီး အလုပ်ခန့်အပ်လွှာများကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က
ပေးအပ်ရာ သက်ဆိုင်ရာသင်တန်းသားကိုယ်စားလှယ်က လက်ခံရယူကြသည်။
ထို့အတူ
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်
သင်တန်းကျောင်းအုပ်ကြီးတို့က သင်တန်းသား သင်တန်းသူများကို ဒီပလိုမာလက်မှတ်များ
ပေးအပ်ကြသည်။
သိပ္ပံဘွဲ့တစ်ခုခုရရှိပြီးသူများ
တက်ရောက်နိုင်သည့် တိရစ္ဆာန်ဆေးကုသိပ္ပံဒီပလိုမာ တစ်နှစ်သင်တန်း၌ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်
တိရစ္ဆာန်ဆေးကုသရေးပညာရပ်များအပါအဝင် ဘာသာရပ် ၁၅ ခုအား စာတွေ့ကိုးလနှင့် ကွင်းလက်တွေ့သုံးလသင်ကြားလေ့ကျင့်ပေးခဲ့ကြောင်း၊
အမှတ်စဉ် (၁) အဖြစ် ဖွင့်လှစ်ခဲ့သည့် ယခုသင်တန်းတွင် သင်တန်းသား သင်တန်းသူ ၆၅ ဦး
တက်ရောက်ခဲ့ပြီး အားလုံးကို ဒုတိယလက်ထောက်ဦးစီးမှူး ရာထူးဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၌
ခန့်အပ်တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ
အခမ်းအနားသို့ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ရှိသူများ၊ သင်တန်းကျောင်းအုပ်ကြီးနှင့် ဆရာ
ဆရာမများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment