နေပြည်တော် ဧပြီ ၂၅
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့
ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ
ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊
စစ်ကိုင်းတောင်ရိုးရှိ၊ ဆွမ်းဦးပုညရှင်စေတီနှင့် ဥမင်သုံးဆယ်စေတီများ၌
ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးလျက်ရှိသော သာသနိကအဆောက်အအုံများ၊ အရန်စေတီများအား
ရှင်းလင်းဖယ်ရှားနေမှုများကိုလည်းကောင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ
ငလျင်ဘေးဒဏ်သင့်ပြည်သူများ သောက်သုံးရေအဆင်ပြေစေရန်အတွက်
တပ်မတော်ရေသန့်စက်ရုံတို့မှ ဧရာဝတီမြစ်ရေကိုသန့်စင်၍ သောက်သုံးရေ
ဖြန့်ဝေပေးနေမှုများကိုလည်းကောင်း၊ သောတပန်ရပ်ကွက်၊ သံပုဏ္ဏာရာမကျောင်းတိုက်
ကျောင်းပရိဝုဏ်အတွင်း ငလျင်ဒဏ်သင့် သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့်
ပြည်သူများအတွက် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ လိုအပ်သည့်
ဆေးကုသပေးနေများကိုလည်းကောင်း၊ ပါရမီရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးလျက်ရှိသော
လူနေအဆောက်အဦများအား ရှင်းလင်းဖယ်ရှားနေမှုများကိုလည်းကောင်း၊ ပိုးတန်းရပ်ကွက်ရှိ
မြို့နယ်အားကစားခန်းမ၌ ငလျင်ဒဏ်သင့် ကယ်ဆယ်ရေးပစ္စည်းများ လက်ခံ/ထုတ်ပေးရေးဌာနမှ
ကယ်ဆယ်ရေးပစ္စည်းကိုလည်းကောင်း၊ တကောင်းရပ်ကွက်၊ စကုမှော် ငလျင်ဒဏ်သင့်ပြည်သူများ
စောင့်ရှောက်ရေးစခန်းရှိ ငလျင်ဘေးသင့်ပြည်သူများ
နေထိုင်စားသောက်မှုအခြေအနေများကိုလည်းကောင်း၊ ပိုးတန်းရပ်ကွက်ရှိ
အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့၌
ပြိုကျပျက်စီးနေမှုများကို ဖယ်ရှားရှင်းလင်းနေမှုနှင့် (၂၀၂၅-၂၀၂၆)
ပညာသင်နှစ်အတွက် ကျောင်းသူ/သားများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရန်အတွက်
စီစဉ်ဆောင်ရွက်နေမှုများကိုလည်းကောင်း ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများနှင့်
လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်ပြီး
ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊
ပန်းပဲတန်းရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေသော မဟာနက်ဝိုင်ဖိုင်ရုံး
အဆောက်အအုံများကို ဖယ်ရှားရှင်းလင်းနေမှုများကို ကြည့်ရှုစဉ် အဆောက်အအုံအတွင်းမှ
ငွေကျပ်သိန်း ၁၀၀ နှင့် လက်ကိုင်ဖုန်း ၅ လုံးကို တွေ့ရှိခဲ့သဖြင့်
တာဝန်ရှိသူများထံသို့ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အလားတူ
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်တို့သည်
ကျောက်ဆည်မြို့၊ စုကြီးရပ်ကွက်၊ ရွှေမုဋ္ဌောဘုရားဓမ္မာရုံ၌ ကျင်းပပြုလုပ်သော
ကျောက်သေတ္တာကြီးအား ပြန်လည်မွမ်းမံပြင်ဆင်မည့် လုပ်ငန်းအခြေအနေများနှင့်ပတ်သက်သည့်
လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်ကြသည်။
ထို့နောက်
တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဒုတိယဗိုလ်ချုပ်ကြီး
မျိုးသန့်နိုင်တို့သည် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ ဒေါက်တာယုမောင်နှင့်
အဖွဲ့များ၊ တာဝန်ရှိသူများနှင့်အတူ ကျောက်သေတ္တာကြီး မူလအခြေအနေမှ
တိမ်းစောင်းသွားမှုအခြေအနေများ၊ လက်ရှိတည်ရှိနေမှုအခြေအနေများကို ဒရုန်းဖြင့်
ရိုက်ကူးထားသော Video Clip များ၊ မှတ်တမ်းဓာတ်ပုံများအား
အသေးစိတ်ကြည့်ရှုစစ်ဆေးခြင်း၊ ဆက်လက်ဆောင်ရွက်ရမည့်နည်းလမ်းများဆွေးနွေးခြင်း၊
ကျောက်သေတ္တာကြီးတည်ရှိရာ ရွှေသာလျောင်းတောင်စောင်းပေါ်သို့ တက်ရောက်၍
မြေပြင်အခြေအနေ အသေးစိတ်စစ်ဆေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်ကြသည်။
ယင်းနောက်
ငလျင်ဒဏ်ကြောင့်ထိခိုက်ခဲ့သည့် ရွှေသာလျောင်းဘုရားမုခ်ဦး ဖြိုဖျက်နေမှု၊
ဈေးဆိုင်ခန်းများရှင်းလင်းနေမှု၊ လမ်းနှင့်မလွတ်ကင်းသော ထရန်စဖော်မာအား
နေရာပြောင်းရွှေ့ဆောင်ရွက်နေမှုများနှင့် ရွှေမုဋ္ဌောစေတီတော်ကြီး၌
ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်အပျက်အစီးများအား
ဖယ်ရှားရှင်းလင်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ကျောက်ဆည်မြို့၊
ဆူးကုန်းရပ်ကွက်ရှိ ရေနားဘုန်းတော်ကြီးကျောင်း၌ ငလျင်ဒဏ်ကြောင့်
ထိခိုက်ပျက်စီးခဲ့သည့် အပျက်အစီးများအား
သန့်ရှင်းရေးပြုလုပ်နေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေး၍ စားသောက်ဖွယ်ရာများပေးအပ်ပြီး
ရေနားကျောင်းဆရာတော်အား အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြသည်။
ထို့နောက်
ကျောက်ဆည်မြို့၊ အေးမြကြည်လင်ရပ်ကွက်၊ တံစိုးလမ်းပေါ်ရှိ အန္တရာယ်ရှိအဆောက်အဦအား
ယန္တရားစက်ဖြင့် ရှင်းလင်းဆောင်ရွက်နေမှု အခြေအနေများအား
သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ကျောက်ဆည်ခရိုင်အတွင်း ငလျင်ဒဏ်သင့်အဆောက်အဦများအား SOP စနစ်ဖြင့်
ဘုတ်အဖွဲ့များ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ယနေ့အထိ အဆောက်အဦ (၁၆၅၄)လုံးအား
စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပြီး ပြန်လည်ပြုပြင်နိုင်မည့် အဆောက်အဦ (၁၄၁၉)လုံး၊
ဦးစားပေးဖြိုဖျက်ရှင်းလင်းရမည့် အန္တရာယ်ရှိအဆောက်အဦ (၂၃၅)လုံးမှ အဆောက်အဦ
(၁၆၇)လုံး ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပြီး ဆောင်ရွက်ရန်ကျန် အဆောက်အဦ
(၆၈)လုံးဖြစ်ကြောင်း သိရှိရသည်။
ထို့အတူ
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့်
တာဝန်ရှိသူများသည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ Sky Villa နေရာ၌ အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှုနှင့်
လုပ်ငန်းပြီးစီးမှုအခြေအနေများ၊ ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိဘုရားကြီး၌
အပျက်အစီးများအား ဖယ်ရှားရှင်းလင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဘုရားကြီးအား
ဘုရားဖူးပြည်သူများ လာရောက်ဖူးမျှော်စဉ် အန္တရာယ်ကင်းရှင်းစေရေး
ဘုရားကြီး၏အရှေ့ဘက် စမြင်နေရာအား ယာယီဒေါက်တိုင်များထောက်ခြင်း
လုပ်ငန်းဆောင်ရွက်နေမှုများ၊ မဟာမုနိဘုရားကြီး ကျောင်းတော်ကြီး၏ထီးတော်
ပြန်လည်ပြုပြင်ဆောင်ရွက်နိုင်ရေး စီမံထားရှိမှုအခြေအနေများ၊ ကျောက်စာတိုက်နေရာ၊
ခြေတော်ရာနေရာနှင့် CCTV များ
ပြန်လည်တပ်ဆင်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး၍ အပျက်အစီးများ
အမြန်ဆုံးဖယ်ရှားရှင်းလင်းရေး၊ ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများအတွက်
တာဝန်ရှိသူများအားမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့်
တာဝန်ရှိသူများသည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ အမှတ်(၂၀)
အခြေခံပညာအထက်တန်းကျောင်း၊ ဘုရားနီဆုတောင်းပြည့်ဘုရား၊ အမ်ဘီကာမယ်တော်ကျောင်း၊
ပြည်ကြီးတံခွန်မြို့နယ်ရှိ ထိပ်စုကြီးမြတ်စွာဘုရား၊ ချမ်းမြသာစည်မြို့နယ်ရှိ
ဂရိတ်ဝေါ(လ်)ဟိုတယ်၊ နန်းမြို့ရိုးနေရာများသို့သွားရောက်၍ တပ်မတော်သားများ၊
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊
လူမှုကူညီရေးအသင်းအဖွဲ့များပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်
ဆောင်ရွက်နေမှုများ၊ ဖယ်ရှားရှင်းလင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့်
ဘုရားစေတီပုထိုးများတွင် ရှေးမူမပျက် ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများ
ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ
ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့ပြင် ကျောင်းထိုင်ဆရာတော်ကြီးများအား အလှူငွေနှင့်
လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး
သန့်ရှင်းရေးဆောင်ရွက်နေသည့်အဖွဲ့များအတွက် စားသောက်ဖွယ်ရာများပေးအပ်ကာ
ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း
သတင်းရရှိသည်။

No comments:
Post a Comment