နေပြည်တော် မတ် ၁၀
အရာထမ်းလောင်း (အထူး) သင်တန်း အမှတ်စဉ် (၁၃) သင်တန်းဆင်း စစ်ရေးပြအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) စစ်ရေးပြကွင်း (၁) ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ အဖွဲ့ဝင်ဦးဆန်းမြင့်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက သင်တန်းဆင်း အမှာစကားပြောကြားရာတွင် အရာထမ်းလောင်းများအနေဖြင့် သင်တန်းဆင်းပြီးနောက် သက်ဆိုင်ရာဌာနအသီးအသီးတွင် အတည် ပြုအရာထမ်းများအဖြစ် စတင်တာဝန်ထမ်းဆောင်ကြရမည်ဖြစ်၍ မိမိကိုယ်တိုင်ကအရာရာစံပြဖြစ်အောင် နေထိုင်ကျင့်ကြံပြီး နိုင်ငံတော်မှထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များကို တိတိကျကျလိုက်နာကာ ပါတီနိုင်ငံရေးကင်းရှင်းရန်လိုအပ်ကြောင်း၊ လုပ်ငန်းဆောင်တာများကို ကျွမ်းကျင်ပိုင်နိုင်အောင်လေ့လာကြပြီး ကောင်းမွန်စွာ စီမံခန့်ခွဲတတ်သည့် တာဝန်ကျေပွန်သော၊ အရည်အချင်းပြည့်ဝသော ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြရန်တိုက်တွန်းမှာကြားသည်။
အဆိုပါ သင်တန်း၏ ဘွဲ့နှင်းသဘင်အခမ်းအနားကို မတ် ၁၁ ရက်တွင် ရတနာသိင်္ဃဘွဲ့နှင်း သဘင်ခန်းမ၌ကျင်းပ၍ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) မှ ပါမောက္ခချုပ်က ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာလက်မှတ်များ ပေးအပ်မည်ဖြစ်သည်။ သင်တန်းသို့ သင်တန်းသား ၂၆ ဦး၊ သင်တန်းသူ ၉၅ ဦး စုစုပေါင်း ၁၂၁ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၈ ရက်မှ ၂၀၂၅ ခုနှစ် မတ် ၁၁ ရက်အထိဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment